အိုဇုန်းလွှာအကြောင်းသိကောင်းစရာ
အောက်စီဂျင်အက်တမ် သုံးခုပါဝင်သေမော်လီကျူးတစ်ခုဖြစ်သည့် အိုဇုန်းဓါတ်ငွေ့သည် အပြာရောင်ဖျော့ဖျော့ရှိပြီး အလွန်အနံ့ပျင်း၍ မြေပြင်ပေါ်တွင် တည်ရှိပါက လေထုညစ်ညမ်းမှု ဖြစ်စေပါသည်။ စက်ရုံအလုပ်ရုံများ၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် စက်ရုံများ၊ မော်တော်ယဥ်များမှ ထုတ်လွှတ်သော ဓါတ်ဆီငွေ့များတွင် အဓိကပါဝင်သည့်နိုက်ထရိုဂျင်နှင့် အောက်စီဂျင်ဒြပ်ပေါင်းများ(Oxide of Nitrogen) နှင့် အငွေ့ပျံလွယ်သော အော်ဂဲနစ်ဒြပ်ပေါင်း ( Volatile Organic Compound- VOC) များနေရောင်ခြည်နှင့် ဓါတ်ပြု၍ ဖြစ်ပေါ်လာရသည့် အိုဇုန်းဓါတ်ငွေ့များသည် ကမ္ဘာ့မြေ မျက်နှာပြင်မှ ငါးမိုင်အတွင်းရှိ ထရိုပိုစဖီးယား (Troposphere) အလွှာတွင် တည်ရှိနေပါသည်။
သို့ရာတွင် ကမ္ဘာ့မြေပြင်အထက် ခြောက်မိုင်မှ ၃၁မိုင်အတွင်း ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သော စထရာတိုစဖီးယား (Stratosphere) အလွှာတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် အိုဇုန်းအလွှာသည် နေရောင်ခြည်နှင့် အတူပါလာသည့် ခရမ်းလွန်ရောင်ခြည် သုံးမျိုးအနက် လူနှင့် သက်ရှိတို့ကို အန္တရယ်ဖြစ်စေသော ခရမ်းလွန်ရောင်ခြည် UV- B ကို ၉၅ ရာခိုင်နှုန်းထိလည်းကောင်၊ UV-C ကို ၁၀၀ ထိလည်းကောင်းး စုပ်ယူစစ်ထုတ်ပေးနေသည့် အငွေ့စစ်ကိရိယာတစ်ခုအနေဖြင့် အကျိုးပြုလျက်ရှိပါသည်။
အိုဇုန်းလွှာ ပျက်စီးခြင်း
လူနှင့်သက်ရှိတို့ကို ခရမ်းလွန်ရောင်ခြည် အန္တရယ်မှ ကာကွယ်ပေးနေသော စထရာတိုစဖီးရား အလွှာရှိ အိုဇုန်းလွှာသည် ရေခဲသေတ္တာနှင့် လေအေးပေးစက်များတွင် အများဆုံးအသုံးပြုသည့် ကလိုရင်း၊ ဖလိုရင်းနှင့် ကာဗွန်ဒြပ်ပေါင်း ကလိုရိုဖလူရိုကာဗွန် (CFCs) ကြောင့် ပျက်စီးကြောင်း ၁၉၇၄ နောက်ပိုင်းတွင် သိပ္ပံပညာရှင်များက စတင်တွေ့ရှိခဲ့ကြပြီး နောက်ပိုင်းတွင် ကလိုရင်၊ ဖလိုရင်း၊ ဘရိုမင်းများ ပါဝင်သော ဒြပ်ပစ္စည်းများကလည်း အိုဇုန်းလွှာပျက်စီးမှုကို ဖြစ်ေပါ်စေေကြာင်း ဆက်လက်တွေ့ရှိခဲ့ကြပါသည်။
အိုဇုန်းလွှာ၏ အနိမ့်ဆုံးပျှမ်းမျှအထူမှာ ၂၂၀ ေဒါ့ဘ်ဆန်းယူနစ် (၂ဒသမ၂မီလီမီတာ) ဖြစ်ပြီး ၄င်းပျှမ်းမျှအထူထက် လျော့နည်းလာခြင်းကို အိုဇုန်းလွှာပျက်စီးခြင်း/ အိုဇုန်းလွှာပေါက်ပြဲခြင်း (Ozone Hole) ဟု သတ်မှတ်ခေါ်ဝေါ်ခြင်းဖြစ်သည်။
၁၉၈၅ ခုနှစ်တွင် သိပ္ပံပညာရှင်များက ကမ္ဘာ့ပထမဆုံး အိုဇုန်းလွှာအပေါက်ကို အန္တာတိကတိုက်ပေါ်တွင် စတင်တွေ့ရှိခဲ့ကြပြီး ၁၉၉၄ခုနှစ်တွင် ၉၄ ဒေါဘ့်ဆန်ယူနစ်နှင့် ၂၀၁၆ ခုနှစ်တွင် ၁၄၂ ဒေါဘ့်ဆန်ယူနစ်သာရှိကြောင်း တွေ့ရပါသည်။
အိုဇုန်းလွှာ ပျက်စီးမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့် ရာသီဥတုပြောင်းလဲမှု
အိုဇုန်းလွှာပျက်စီးမှုကြောင့် အရေပြားကင်ဆာရောဂါ၊ မျက်စိတိမ်စွဲရောဂါနှင့် ကိုယ်ခံအားကျဆင်းမှုများ ဖြစ်ေပါ်စေနိုင်သည့်အပြင် သီးနှံအထွက်နှုန်းကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ်ပျက်ဆီးမှုနင့် ရုပ်ဝတ္ထုပစ္စည်း ယိုယွင်း ပျက်ဆီးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုကြောင့် ကမ္ဘာ တစ်ဝန်း နှစ်စဥ်လူဦးရေ နှစ်သန်းမှသုံးသန်းအထိ အရေပြားကင်ဆာရောဂါဖြစ်ပွားလျက်ရှိပြီး နှစ်စဥ်ခန့်မှန်းခြေ လူဦးရေ ၆၆၀၀၀ ခန့် သေဆုံးမှု ဖြစ်ပေါ်လျှက်ရှိကြောင်း၊ကုလသမ္မဂပတ်ဝန်းကျင် အစီအစဥ်အရ သိရှိရပါသည်။
ယင်းအပြင် အိုဇုန်းလွှာပျက်စီးစေနိုင်သော ဒြပ်ပစ္စည့်အများစုသည် ကမ္ဘာ့ပူနွေမှုညွှန်းကိန်း ( Global Warming Potential-GWP) မြင့်မားကြပြီး အင်အားကြီး မှန်လုံအိမ်အာနိသင်ဓါတ်ငွေ့ (GHCs) များဖြစ်ကြသောကြောင့် ယင်းဒြပ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲမှုသည် ရာသီဥတုပြောင်းလဲမှု ဖြစ်စေသည့် အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်ပါသည်။
အိုဇုန်းလွှာပျက်ဆီးခြင်းကို ထိန်းချုပ်ခြင်းဆောင်ရွက်ချက်များ
အိဇုန်းလွှာပျက်ဆီးခြင်းကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အိုဇုန်းလွှာကာကွယ်ခြင်းဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ခုနှစ်တွင် လည်းကောင်း၊ အိုဇုန်းလွှာပျက်ဆီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို ၁၉၈၇ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့တွင်လည်းကောင်း အတည်ပြုချုပ်ဆိုခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ အားလုံးပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သော စက်တင်ဘာလ ၁၆ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အဖြစ်သတ်မှတ်ထားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်ဆီးစေသော အဓိက ဒြပ်ပစ္စည်းဖြစ်သည့် ကိုလိုရိုဖလူရိုကာဗွန် (CFCs)မသုံးပြုမှုကို ၂၀၄၀ ပြည့်နှစ်တွင်အပြီးသတ်ရပ်ဆိုင်းနိုင်ရန် ၂၀၁၅ခုနှစ် မှစ၍ ကန့်သတ်ပမာဏအတိုင်း ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုလျက်ရှိပါသည်။
မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်အရ ကမ္ဘာ့နိုင်ငံအားလုံး၏ အိုဇုန်းလွှာ ကာကွယ်ရေးကြိုးပမ်းမှုများကြောင့် ၁၉၉၀ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ် အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၃၅ ဘီလီယံ တန်ခန့်ညီမျှသည့် အိုဇုန်းလွှာပျက်ဆီးစေသော ဓါတ်ငွေ့များလေထုအတွင်း ထုတ်လွှတ်မှုကို တားဆီးပေးနိုင်ခဲ့ခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးကို ပံ့ပိုးကူညီပေးနိုင်ခဲ့ပါသည်။
ယခုအခါ အိုဇုန်းလွှာပျက်ဆီးစေသော အအေးပေးဒြပ်ပစ္စည်းများအစား အစားထိုးအသုံးပြုနေသည့် ဟိုက်ဒရိုဖလူရိုကာဗွန် (HCFCs)များသည် အင်အားကြီးသော မှန်လုံအင်အာနိသင်ရှိသည့် (Greenhouse Gas-GHGs) ဓါတ်ငွေ့များဖြစ်ကြောင်း တွေ့ရှိချက်များအရ ယင်း (HCFCs) များထုတ်လုပ်မှု၊ သုံးစွဲမှုတို့ကိုလျော့ချနိုင်ရန် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံများ (၂၈) ကြိမ်မြောက်အစည်းအဝေးတွင် ကီဂါလီပြင်ဆင်ချက်ကို ချမှတ်ခဲ့ကြပြီး (HCFCs) များ ထုတ်လုပ်သုံးစွဲမှုကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်တို့မှစ၍ လည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၂၉ခုနှစ်မှစ၍ လည်းကောင်း လျှော့ချခြင်းဖြင့် အိုဇုန်းလွှာပျက်ဆီးမှု ကာကွယ်ထိန်းချုပ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းကိုပါ တစ်ကမ္ဘာလုံး၏ ပူးပေါင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အိုဇုန်လွှာထိခိုက်ပျက်ဆီးစေသော ဒြပ်ပစ္စည်းများနှင့် ၎င်းဒြပ်ပစ္စည်းများ အသုံးပြုသည့် ပစ္စည်းများ
## ကိုရိုဖလူရိုကာဗွန် (CFC)
အိမ်သုံး/အဆာက်အအုံသုံး၊ လေအအေးပေးစက်များ၊ ရေခဲသေတ္တာ၊ မော်တော်ယဉ် လေအအေးပေးစက်၊ အအေးခန်း၊ စူပါမားကတ်၊ ကုန်တိုက်ကြီးများရှိ Chiller များတွင် အအေးပေးပစ္စည်းအဖြစ်အသုံးပြုသည်။
ဆိုဖာရေမြှပ်ထုတ်လုပ်ရာတွင် အမြုပ်ထစေမည့် ပစ္စည်းအဖြစ်အသုံးပြုသည်။
ရင်ကြပ်ရောဂါ ဝေဒနာရှင်များအတွက် ရှုဆေးများတွင် အသုံးပြုသည်။
လျပ်စစ်ပစ္စည်းများကို သန့်စင်ရာတွင် အသုံးပြုသည်။
ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs)
## ကာဗွန်တက်ထရော ကလိုရို (CCI4)
သတ္တုပစ္စည်းများ သန့်စင်ရာတွင် အသုံးပြုသည်။
မီသိုင်းကလိုရိုဖောင်း (CH3CCI3)
အီလက်ထရောနစ်ပစ္စည်းသန့်စင်ရာတွင် အသုံးပြုသည်။
မီသိုင်းဘရိုမိုဒ် (CH3Br)
စိုက်ပျိုးမြေများကို ပိုးသတ်ခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ ပိုးသတ်ခြင်းတွင် အသုံးပြုသည်။
## ဟေလွန် (CBr F3)
မီးသတ်ဆေးဘူးများတွင် အသုံးပြုသည်။
အိုဇုန်လွှာ ကာကွယ်ထိန်းသိမ်းရေးအတွက် တစ်ဦးခြင်းစီ ပါဝင်ဆောင်ရွက်ရန် အချက်များ
ပြည်သူတစ်ဦးခြင်းအနေဖြင့် အောက်ပါအချက်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် အိုဇုန်းလွှာ ပျက်ဆီးမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်-
ရေခဲသေတ္တာ၊ လေအအေးပေးစက် စသည့် အအေပေးအသုံးအဆာင်ပစ္စည်းများ ဝယ်ယူရာဝင် Ozone Friendly (သို့) CFC/HCFC Free (သို့) Energy Efficiency အမှတ်အသားပါသော ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြပါ။
ဟေလွန်ပါဝင်သည့် မီးသတ်ဆေးဘူးများ သုံးစွဲမှုကို ရှောင်ကြဉ်ပါ။
ပန်နာရောဂါနှင့် နာတာရှည် အဆုတ်ရောဂါ အတွက် ကိုရိုဖလူရိုကာဗွန် (CFC) ပါဝင်သော ရှုဆေးဘူးများအစား အခြားခေတ်မှီ အစားထိုးကုသနည်းများကို ခံယူပါ။
ပြည်ပသို့တင်ပို့သည့် သီးနှံထုတ်ကုန်များကို ပိုးသတ်ရာတွင် မီသိုင်းဘရိုမိုဒ်(CH3Br) အစား အခြားအိုဇုန်းလွှာထိခိုက်မှုမရှိသည့် အစားထိုးပစ္စည်းများကို အသုံးပြုပါ။
မှန်လုံအိမ်အာနိသင်ရှိသည့် အိုဇုန်းလွှာပျက်ဆီးစေသော ဒြပ်ပစ္စည်းများကို လျှော့ချသုံးစွဲခြင်း၊ စနစ်တကျသုံးစွဲခြင်းဖြင့် အိုဇုန်းလွှာထိခိုက် ပျက်ဆီးမှုနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကို လျှော့ချကာကွယ်ပါ။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီဌာန (၁၄.၀၉.၂၀၂၀ ထုတ်ကြေးမှုံသတင်းစာမှ ထုတ်နှုတ်ဖော်ပြထားသည်။)
၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့တွင် ကျရောက်မည့် World Ozone Day အား ကြိုဆိုပါသည်။
Photo Credit##

0 Comments