အလုပ်ချိန်စီမံခန့်ခွဲမှု ကိုဗစ် ကာလ
ဂျွန်မေနပ်ကိန်းက ၁၉၃၀ လောက်မှာပြောသွားတယ် ၂၀၃၀ ကျရင်လူတွေဟာတပတ်၁၅ နာရီလောက်ပဲ အလုပ်လုပ်ဖို့လိုမယ်တဲ့။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဖြစ်နိုင်ပေမဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ အလှမ်းဝေးကွာနေဦးမှာပါ။ မြန်မာနိုင်ငံမှာတော့ လဘက်ရည်ဆိုင်ထိုင်တဲ့ အချိန်နဲ့တိုင်းရမလားပဲ။
Zero Hour ဆိုတဲ့ Video click ထဲမှာ တပတ် နာရီလေးဆယ်လုပ်ဖို့ နံက်၉ နာရီကနေ ညနေ ၅ နာရီ တနေ့ ၈နာရီအလုပ်လုပ်ချိန်က productive မဖြစ်တော့တာမို့ Zero Hour အလုပ်ချိန်ပြောင်းရအောင်ဆိုပြီး အဆိုပြုတယ်။ သူဆိုလိုချင်တာက လူတွေကို input based သွင်းအားစုအခြေခံတဲ့မူကျင့်သုံးတဲ့အနေနဲ့ တနေ့အလုပ်လုပ်ချိန် ၈ နာရီ လုပ်ဆိုပြီးသတ်မှတ်တာဟာ အလုပ်မတွင်ဘူး၊ ရလဒ်အပေါ်အခြေခံပြီး အလုပ်ပြီးမြောက်မှုနဲ့သာ လူတွေကို အသိစိတ်နဲ့ စိတ်ဝင်တစား လုပ်ဆောင်စေရင် အလုပ်ချိန်ဟာ သတ်သတ်မှတ်မှတ်မရှိတော့ဘူး၊ နဂိုတပတ်နာရီ ၄၀ နဲ့ လုပ်မှ ပြီးစီးမဲ့အလုပ်ဟာ ၂ နာရီ၃ နာရီနဲ့ လည်းပြီးနိုင်မယ်လို့ဆိုပါတယ်။
ဒီ အလုပ်ချိန်မသတ်မှတ်ပဲ အလုပ်ပြီးမြောက်မှုနဲ့တိုင်းတာစီမံခန်ခွဲမှု output based approach ကို သစ်တောသမားတွေ၊ ဖွံ့ဖြိုးရေးသမားတွေ ကျင့်သုံးကြပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ တန်ဖိုးထားမှုတူညီလို့ ကိုယ့်အသိစိတ်နဲ့ကိုယ်တာဝန်ယူလုပ်ဆောင်နိုင်ခြင်း မတူညီကျလို့ input output နှစ်ခုစလုံးနဲ့ ထိန်းကျောင်းရတဲ့စီမံခန့်ခွဲမှုကို လုပ်နေရဆဲဖြစ်ပါတယ်။
ခုလို ကိုဗစ်ဖြစ်လို့ work from home (WFH) ကာလမှာ output based နဲ့ ထိန်းရပါတယ်။ ဒါပေမဲ့ အလုပ်မဖြစ်ပါဘူး၊ ဥပမာ အစီရင်ခံစာတင်ရမဲ့ မနက်ဖြန်အတွက် ဒီကနေကျမှ တက်သုတ်ရိုက်ပြီး လုပ်တာမျိုးတွေ အမြဲတမ်းသတိပေးနေမှ လိုက်ပါဆောင်ရွက်တာမျိုးတွေဖြစ်လာပါတယ်။ ဒါနဲ့ zoom ပြီးရင်း zoom နဲ့ အချိန်တွေ ကုန်လူပမ်းလာပါတယ်။
စည်းကမ်းတွေချပြီးကြပ်မတ်ရတော့ စည်းကမ်းထိန်းရတဲ့ သူကော လိုက်နာရတဲ့သူမှာကော တင်းကြပ်မှုတွေ ပွတ်တိုက်မှုတွေဖြစ်ရပါတယ်။ ဒါတောင် ကျွန်တော်တို့အဖွဲ့စည်းက ဝန်ထမ်းတွေဟာ လုပ်သက် ၅ နှစ်အထက် အဖွဲ့မှာစွဲစွဲမြဲမြဲ လုပ်နေကြသူတွေမို့ အဖွဲ့ရဲ့ vision, mission, value, approach တွေ သိပြီးသားလူတွေပါပဲ။ ဒါတောင်မှ ကိုဗစ်လိုကာလမှ မိမိ အသိစိတ်နဲ့ တာဝန်ယူပြီးစီးအောင် လုပ်ခြင်းမှာ အခက်အခဲတွေ ဖြစ်ပေါ်ပါတယ်။ ဘာကြောင့်လဲ။ ဒီမေးခွန်းကိုမေးမိပါတယ်။
တနေ့က procrastination အချိန်ဆွဲခြင်း နဲ့ ပတ်သက်တဲ့ ဗီဒီယိုလေးတခု ကြည့်မိတော့ သူရှင်းပြတဲ့အချက်ဟာ ဒီအမေးနဲ့ သက်ဆိုင်နိုင်ပါတယ်။ လူတွေဟာ ကိုယ်လုပ်ရိုးလုပ်စဉ် အလုပ်တခုကိုပဲ သိပ်ခေါင်းစား မခံပဲ မြန်မြန်ဆန်ဆန် လုပ်လိုက်ခြင်တဲ့စိတ်ရှိတယ်။ တခုခုကို စဉ်းစားဆုံးဖြတ် လုပ်ကိုင်ရတော့မယ်ဆိုရင် မှားသွားမလား၊ မှန်ပါ့မလား၊ ပြန်လုပ်လိုက်ရမှာလား အစရှိသဖြင့်စိုးရိမ်စိတ် တွေရှိတတ်တယ်။ WFH ကာလ မှာ မရေရာမသေချာမှုတွေများတဲ့အပြင် ကိုယ်လုပ်နေကျ အလုပ်တခုကိုပဲ အကြောင်းတခုခုကြောင့် စဉ်းစားဆုံးဖြတ်လုပ်ကိုင်ရမဲ့ အခြေအနေပေါ်ပေါက်လာရင် အရင်တုံးကလို ရုံးမှာ ကိုယ့်လုပ်ဖော်ကိုင်ဖက်စီက အကြံဉာဏ်ယူတာမျိုးတွေ ကိုယ့်အထက် တာဝန်ရှိသူကို မေးမြန်းရတာတွေ ရုံးက သတင်းအချက်အလက် archive မှာ လှန်လှော ကြည့်ရှု့ တိုက်ဆိုင်စစ်ဆေးရတာတွေ အလွယ်တကူ မလုပ်နိုင်ပါဘူး။ ဒီအခါ တွန့်ဆုတ်သွားတယ် လုပ်လက်စ ခဏရပ်ထားလိုက်တယ်။ ကြာတော့ ဒါကိုကိုယ်တွယ်ဖြေရှင်းဖို့ စိတ်လေးလံလာတယ်။ အချိန်ဆွဲမှုတွေဖြစ်ပေါ်လာတာပါပဲတဲ့။ ဒါကိုဖြေရှင်းဖို့ကတော့ ကိုယ်လုပ်ရမဲ့လွယ်ကူတာတွေချရေးပါ၊ဒါနဲ့ စလုပ်ပြီးအောင်လုပ်၊ အရှိန်ပြန်ရပြီး လမိုင်းကပ်လာပါလိမ့်မယ်၊ အချိန်ဆွဲတဲ့အလုပ်တွေ လုပ်လာနိုင်မယ်လို့ဆိုပါတယ်။
ဒါကကိုဗစ်ကာလ အလုပ်ချိန်၊ အလုပ်ပြီးစီးမှုနဲ့ ပတ်သက်လို့တွေးမိတာလေးတွေပါ။ ကိုယ်ကိုတိုင်လဲ အချိန်ဆွဲမှုတွေဖြစ်ပါတယ်။ အဓိက ကတော့ မသေချာမရေရာတဲ့ အနာဂါတ်မှာ ဒီဝန်ထမ်း အများအပြားရဲ့ မှီခိုအားထားရာ အလုပ်အကိုင်တွေကို ဘယ်လို ဆက်လက်တည်တန့်အောင် ထိန်းသိမ်းမလဲဆိုတဲ့ စိတ်ဖိစီးမှုက လေးလံမှုတွေ၊ တွန်းဆုတ်မှုတွေ၊တွေဝေမှုတွေဖြစ်စေပါတယ်။ ဒီအခါမှာ တော့ လောဘ၊ဒေါသမောဟ စိတ်တွေကြောင့် ကြောက်လန့်မှု စိုးရိမ်မှုတွေ ဖြစ်စေတယ်လို့ ပရိတ်ထဲမှာ တရားပြထားတဲ့အတိုင်း ရခြင်း၊ မရခြင်း၊ အဆင်ပြေခြင်း၊ မပြေခြင်း တွေကိုဖယ်ထားပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်မယ်ဆိုတဲ့စိတ်မွေးပြီးကျော်ဖြတ်နေရပါတယ်။ အကျိုးမျှော်လို့ ညောင်ရေလောင်းပြန်တော့ မရခဲ့ရင် ပြန်ရမဲ့ အပူဓာတ်ရဲ့လောင်ကျွမ်းမှုကို ထိန်းနိုင်အောင် စိတ်ကို အတော်ပြုပြင်နေရပါတယ်။ Zero Hour ထဲမှာပြောသလို output ရအောင် ကြိုးစားလုပ်ရမှာဖြစ်ပေမဲ့ output နဲ့ ဆက်စပ်ဖြစ်လာမဲ့ effect, outcome, result, impact, sustainability တို့အပေါ်မှာ ဇောစိတ်ကပ်ပြန်ရင်လည်း ကြောက်လန့်စိတ် fear က ပြန်ကပ်ပြန်လာရော ဖြစ်တဲ့အတွက် ဥပက္ခာ ဆိုတဲ့ တရားနဲ့အလုပ်လုပ်ခြင်း ဆိုတဲ့ စိတ်ဟာ နားလည်ကျင့်သုံးဖို့ အတော်ခက်ပါလားလို့ ဆင်ခြင်မိပါတယ်။
ဝင်းမျိုးသူ (၁၆.၁၀.၂၀၂၀)

0 Comments