လွဲတဲ့အခါလည်း လွဲပေဦးမပေါ့ ချင်းရွေးကောက်ပွဲ
ဒေသခံနိုင်ငံရေးလေ့လာသူတွေရဲ့အဆိုအရ ၂၀၂၀ ရွေးကောက်ပွဲ မှာ မဲနိုင်ရေးကို လွှမ်းမိုးစေမဲ့ အကြောင်းအရာတွေက တော့ (က)။ ။ ဆွေမျိုးဂုဏ်ရှိန်ဂုဏ်ဝါ နှင့် ပုဂ္ဂလိကသြဇာ၊ (ခ)။ ။အမျိုးသားရေး နိုးကြွားမှု၊ (ဂ)။ ။ ဘာသာရေး ဂိုဏ်းများ၏ လူမှုသြဇာ၊ (ဃ)။ ။ ဒေသဆောက်လုပ်ရေးတင်ဒါ လုပ်ငန်းရှင်များရဲ့ စီးပွားရေး အရှိန်အဝါ နှင့် (င)။ ။ မြင်သာထင်သာသောဒေသဖွံ့ဖြိုးရေး အသီးအပွင့်များ လို့ ဆိုပါတယ်။
နောက်တခုစိတ်ဝင်စားစရာကောင်းတာက မဲဆွယ်စည်းရုံးရေးသီချင်းများ၏ ထိရောက်မှု ပါပဲ။ ချင်းတောင်မှာ တစ်ရွာနဲ့ တစ်ရွာသွားရတာလည်းဝေး၊ ကုန်ကျစရိတလည်းများ၊ ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရတာလည်းခက် ဆိုတော့ ဆိုရှယ်မီဒီယာတွေက နေတဆင့် ဗီဒီယို သီချင်းတွေနဲ့ သရုပ်ဆောင် စည်းရုံးလှံဆော်တာဟာ ခေတ်စားပြီးထိရောက် တဲ့နည်းလမ်းတခုဖြစ်လာပါတယ်။
ချင်းရွာအများစု ရဲ့ ဆွေမျိုးသားချင်းတွေဟာ ပြည်မကိုသာမက ကမ္ဘာအရပ်ရပ် သွားရောက်အလုပ်လုပ်ကိုင် အခြေချနေထိုင်ရင်း သူတို့ကျေးရွာတွေကို သူတို့စုဆောင်းရရှိငွေတွေပြန်ပို့လေ့ရှိပါတယ်။တခါက မတူပီ မှာ တခုတည်းသော ဖုန်းလိုင်းမှာ နိုင်ငံခြားက ဖုန်းဆောင့်နေတဲ့ လူတန်းကြီးကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ဘူးတော့ ချင်းပြည်နယ်မှာ မြို့ကော ကျေးရွာ ကလူတွေပါ internet online အသုံးပြုမှုဟာ ပြည်မက ကျေးရွာတွေထက်တောင် များမယ်လို့တွေးမိပါတယ်။ ဆိုလိုချင်တာက လူတိုင်းနီးပါးဟာ ဆိုရှယ်မီဒီယာတွေနဲ့ရင်းနှီးပြီး အဲ့ဒီက တဆင့်မဲဆွယ်စည်းရုံးမှု ဟာ အထိရောက်ဆုံးနည်းတနည်းဖြစ်တယ်ဆိုတာပါ။
ဒါကြောင့် ချင်းစကား dialect အမျိုးမျိုးအရသော် လည်းကောင်း၊ လူမျိုးစုအလိုက်၊ မြို့ရွာကျေးရွာအလိုက်၊ ဘာသာရေးဂိုဏ်းအသီးသီး အလိုက် social media platform တွေရှိကြပြီး အဲ့ဒီက တစ်ဆင့် မဲဆွယ်သီချင်းတွေ ပြန့်နှံနေတာ တွေ့ရပါတယ်။ ချင်းလူမျိုးတွေဟာ ပင်ကိုယ်အရကို တေးသီချင်းဂီတကို မြတ်နိုးရုံတင်မက ကိုယ်တိုင် ဆိုတီး ကြသူတွေဖြစ်တော့ ဒီပြန့်နှံ့နေတဲ့ တေးသီးချင်းတွေရဲ့ ထိရောက်မှုကို စဉ်းစားမိပါတယ်။ ကွဲပြားမှု အမျိုးမျိုးရှိတဲ့ဒေသမို့ ချင်း ပင်မ စာပေ၊ စကားတခုတည်းနဲ့ စည်းရုံးမယ်ဆိုရင်တော့ လူအများဆီကိုမရောက်နိုင်သလို ထိရောက်မှုလည်း အားနည်းမယ်ထင်ပါတယ်။ ပြောင်းပြန်အကျိုးတောင် သက်ရောက်နိုင်ပါတယ်။
၂၀၂၀ မှာဘယ်သူနိုင်မလဲဆိုတဲ့ အမေးကို ကိုယ်တိုင်စိတ်ဝင်စားလို့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ရယ် ဒေသက မိတ်ဆွေတွေရဲ့ ပေးပို့တဲ့အချက်အလက်တွေနဲ့ ချိန်ထိုးကြည့်မိပါတယ်။ ဘောလုံးပွဲ မလောင်းဘူးပေမဲ့ ဘယ်သူနိုင်မလဲဆိုတာ စိတ်ဝင်တစားနားထောင်လေ့လာတတ်တဲ့ အကျင့်ပါနေလို့လဲဖြစ်ပါလိမ့်မယ်။ ၂၀၁၅ ရလဒ်အရတော့ ပြည်သူ့လွှတ်တော် ၉နေရာမှာ NLDက ၈နေရာဝင်ပြိုင်ခဲ့ပြီး ၇ နေရာ နိုင်ခဲ့ပါတယ်။ ဇိုမီးချင်းလူမျိုးတွေကြီးစိုးတဲ့ တီးတိန်မှာ NLD ဟာဝင်မပြိုင်ပဲ အစဉ်အဆက်လုပ်ဖော်ကိုင်ဖက် ပါတီဖြစ်တဲ့ ဇိုမီးပါတီကနိုင်ခဲ့ပါတယ်။ ဇိုမီးနယ်နောက်တမြို့နယ်ဖြစ်တဲ့ တွန်းဇန်မှာတော့ NLD က ဝင်ပြိုင်ပါတယ်။ ဇိုမီးပါတီကဘဲ ကပ်ပြီး မဲနိုင်ခဲ့ပါတယ်။ ခုလာမဲ့ 2020 ရွေးကောက်ပွဲမှာလည်း ဒီရလဒ်အတိုင်းပဲရှိမယ်လို့ ထင်ပါတယ်။
ဖလမ်းကတော့ NLD ၂၀၁၅ မှာ ပြတ်ပြတ်သားသားပွဲခံခဲ့တဲ့ မြို့နယ်ပါ။ တည်ဆောက်ထားတဲ့ လေယာဉ်ကွင်း၊ မြို့ရေပေးရေး၊ ကောင်းမွန်လာတဲ့ လမ်းပန်းဆက်သွယ်ရေးတွေဟာ ၂၀၂၀ မှာလည်း NLD ကို ဖလမ်းမှာ ဆက်လက်အောင်ပွဲဆင့်စေမယ်လို့ထင်ပါတယ်။ ချင်းပြည်နယ်ဟားခါးကတော့ တစ်ကျောင်းတစ်ဂါထာကွဲပြားမဲ့ မြို့ဖြစ်မယ်လို့ဒေသခံတွေက ထင်ကြေးပေးပါတယ်။ ၂၀၁၅ မှာ မဲအပြတ်နဲ့ နိုင်ခဲ့သော်လည်း လက်ရှိတာဝန်ယူသူတွေအပေါ် ဒေသခံအများစု က အမြင်မကြည်လင်ဘူးလို့ဆိုပါတယ်။ အထူးသဖြင့် မြေကိစ္စရှင်းလင်း ဆောင်ရွက်တဲ့ ကိစ္စတွေမှာ မကျေနပ်မှုတွေအများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၅ မဲအခြေအနေကို ကြည့်ရင်လည်း NLD က မဲတဝက်ရပြီး ကျန်တဝက်က USDP နဲ့ ဒေသချင်းပါတီတို့ခွဲဝေယူကြတာပါ။
USDP ဟာ အာဏာရ ပါတီမဟုတ်တော့ အတွက် အချို့ ဗျူယိုကရက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေရဲ့ ပုဂ္ဂိုလ်ရေး ဖေးမမှု နဲ့ အရှိန်အဝါသြဇာကို အရင်ကလိုရတော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းပါတယ်။ တဖက်မှာလည်း ချင်းဒေသပါတီတွေအကြား မဲမကွဲအောင် စုစည်းနိုင်လိုက်တဲ့အတွက် USDP ရဲ့ ဟသွားတဲ့ မဲတွေကို ရယူသွားမယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလိုမဲမကွာတော့မဲ့ အခြေအနေမျိုးမှာ ဖျက်မြင်းဘယ်သူလဲက အရေးကြီးပါတယ်။ ပါတီတရားဝင်မှူကို ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီဟာ ကျယ်ကျယ်ပြန့်ပြန့်ကို ချင်းပြည်နယ်မှာ စည်းရုံး ရုံးဖွင့်ထားတာတွေရပါတယ်။ သင်္ကြန်အမြှောက် မလောက်လေးမလောက်စား၊ နှမ်းတစေ့ နဲ့ ဆီမဖြစ် အစရှိသဖြင့် အမျိုးမျိုး အထင်သေး ကဲ့ရဲ့ တာတွေရှိပေမဲ့ လျှော့တွက်ရင်တော့ မှားပါလိမ့်မယ်။ သူ့မှာလည်းသူ့အတိုင်းအတာနဲ့ ဆောင်ရွက်ချက်တွေရှိပါတယ်။ ယခင်မဲပေးရလဒ်တွေကို ပြန်ကြည့်ရင် လုံးဝလူမသိ သူမသိ ပါတီငယ်တွေ ဝင်ပြိုင်တာကို သတိထားမိမှာ ဖြစ်ပါတယ်။ ဒီပါတီလေးတွေ တသီးပုဂ္ဂလိကဝင်ပြိုင်သူတွေဟာ အနည်းနဲ့အများ မဲရရှိမှု တစ်ရာခိုင်နှုန်းကနေ တဆယ်ရာခိုင်နှုန်းနီးပါး လောက်ရခဲ့တဲ့ သာဓကတွေရှိပါတယ်။ ဒီလို နိုင်ငံရေးအင်အားစု နှစ်စု အကြိတ်အနယ်ယှဥ်ပြိုင်နေတဲ့ အချိန် ဒီလို ပါတီသေးတွေရဲ့ တစ်ရာခိုင်နှုန်းထောက်ခံမဲရလိုက်ရင်ကို မဲစုပေါင်းရလဒ်တမျိုးတမည်ဖြစ်သွားလေ့ရှိပါတယ်။
နှင်းဆီပါတီရဲ့ ချည်းကပ်မှု strategy ကိုကြည့်ရင် သူတို့ဟာ ပါတီစည်းရုံးရေးမှာ သူတို့ရဲ့ အသေးစားငွေချေးလုပ်ငန်းကို တရားဝင်မှတ်ပုံတင်လုပ်ထားတဲ့ ကုမ္ပဏီနဲ့ချိတ်ဆက်ထားမှုပါ။
လက်ရှိနိုင်ငံရေးပါတီဆိုင်ရာဥပဒေရဲ့ အားနည်းချက်ဟာ ပါတီတွေကို တရားဝင်စီးပွားရေး လုပ်ငန်းတွေခွင့်ပြုထားတာပါပဲ။ ဒီတော့ နှင်းဆီဟာ အသေးစားငွေချေးလုပ်ငန်း Micro-finance ကို တရားဝင်မှတ်ပုံတင်ထားပြီး သူမဲစည်းရုံးတဲ့နယ်တွေမှာ မဲပေးမဲ့အိမ်ထောင်စုတွေကို ဖွံ့ဖြိုးရေးချေးငွေဆိုပြီး ငါးသောင်း၊ တစ်သိန်း အစရှိသဖြင့် တရားဝင်ချေးငှားထားနိုင်ပါတယ်။ သိသာသိစေမမြင်စေနဲ့ ဆိုသလို မဲပေးဖို့ ချေးတာမဟုတ် သို့သော် ချေးငွေရရင်တော့ မဲပေးဖို့မမေ့နဲ့ဆိုပြီး သွယ်ဝိုက်ချည်နှောင်ထားနိုင်ပါတယ်။ အတိုးနှုန်းသက်သာချေးငွေမို့ အခြေခံလူတန်းစား အများစုက အလုအယက် ချေးငှားကြမှာ ဗေဒင်မေးစရာ မလိုပါ။ ပါတီက ငွေပေးစည်းရုံးတယ်ဆိုပြီးတော့လည်း တရားစွဲလို့မရပါ။ ဘောင်ဝင်အောင် လုပ်ထားမှာကိုး။ ခုလက်ရှိအခြေအနေမှာ နှင်းဆီပါတီက ဖျက်လိုက်ပေမဲ့ ဒီငွေချေးလုပ်ငန်းက တည်ရှိနေဦးမှာဖြစ်ပြီး ကျေးရွာဒေသအသီးသီးမှာ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို ချည်ပြီးတုတ်ပြီး ဖြစ်နေလောက်တယ်လို့ ယူဆပါတယ်။ ဒီရှိနေတဲ့ ငွေကြေးနှောင်ကြိုးကို အသုံးပြုပြီး ဖျက်ခံလိုက်ရတဲ့ ပါတီက လက်တုန့်မပြန်ဘူးလို့ ဘယ်သူမှ မဆိုနိုင်ပါဘူး။ မဲရာခိုင်နှုန်း တစ်ရာခိုင်နှုန်းလောက် ကို ဒီသြဇာနဲ့ လွှမ်းမိုးပြီး နီးစပ်ရာ ပါတီတခုခုမှာ အားသာစေလိုက်မလား ဆိုတာလည်း ထည့်တွက်ရမဲ့ အခြေအနေတခုပါ။
ဟားခါးဟာ ဒီလို သောင်မတင်ရေမကျ အခြေအနေမှာရှိနေပါတယ်။ Popular Vote အနေအထားအရ ချင်းစုပေါင်းပါတီနှာတဖျားသာ သွားနိုင်တဲ့ အခြေအနေမျိုးမို့ NLD အထူးသတိပြုရမဲ့ မဲဆန္ဒနယ်တစ်နယ်လို့ဆိုချင်ပါတယ်။ အားသာချက် တချက် NLD မှာ ရှိနိုင်တာက ဒေသမှာ တိုးပွားလာတဲ့ Local Elite လုပ်ငန်းရှင် များရဲ့ စီးပွားရေးအရှိန် သြဇာပါ။ ပြည်နယ်မြို့တော်ဖြစ်သည့် အလျောက် တည်ဆောက်ပြုပြင်တာတွေများပြီး ဒေသလုပ်ငန်းရှင်တွေ တချို့ တင်ဒါကန်ထရိုက်တွေရရှိပြီး စီးပွားရေးအရ ဒေသအတွင်းလွှမ်းမိုးနိုင်စွမ်းရှိလာတာကို တွေ့ရပါတယ်။ ခုလိုကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကူညီလှူဒါန်းမှုတွေဟာ လူတိုင်းသာဓုခေါ်စေပါတယ်။ ဒီလို တက်သစ်စဒေသခံလုပ်ငန်း ရှင်တွေရဲ့ လူမှုရေးလွှမ်းနိုးနိုင်မှုဟာ အတော်အရေးပါ ပါတယ်။ သူတို့က ဟားခါးမှာ တက်ကြွစွာ နီးစပ်ရာလှုံဆော်မယ်ဆိုရင် မဲရလဒ်ဟာ NLD ကို တိမ်းညွှတ်နိုင်တယ်လို့ ယူဆပါတယ်။
ထန်တလန်မြို့ ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒုသမ္မတဦးဗန်ထီးယူရဲ့ နယ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ ဘာသာရေးဆက်နွယ်မှုဟာ ချင်းပြည်နယ်မှာ အားကောင်းတဲ့ ဘာသာရေးဂိုဏ်းဂဏ တော့မဟုတ်သလို လက်ရှိကာလ ဖွံဖြိုးရေးလုပ်ဆောင်ချက်တွေဟာ လည်းနီးစပ်ရာ အသိုင်းအဝိုင်းနယ်မြေမှာပဲဖြစ်ပြီး ထန်တလန်တမြို့နယ်လုံးလွှမ်းခြုံနိုင်မှုမရှိဘူးလို့ဆိုပါတယ်။ ပြီးတော့ ဦးဗန်ထီးယူဟာ အမျိုးသားလွှတ်တော်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒေသတွင်း နိုင်ငံရေးလေ့လာသူတွေက ဦးဗန်ထီးယူဟာ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာ ရွေးကောက်ခံရမှာဖြစ်ပေမဲ့ ပြည်သူ့လွှတ်တော် မှာတော့ ချင်းစုပေါင်းပါတီက နိုင်မယ်လို့ခန့်မှန်းကြပါတယ်။
ဒီခန့်မှန်းချက်ကို အကြောင်းရင်း နှစ်ခုက အထောက်ကူပြုနေတာတွေ့ရပါတယ်။ ပထမအကြောင်းရင်း က မကြာသေးခင်ကဖြစ်သွားတဲ့ ကိုဗစ်ကြောင့် သေဆုံးသူ လူနာမြေမြှုပ်မှုနဲ့ဆက်နွယ်ပြီး ဖြစ်ပေါ်လာတဲ့ လူမှုရေးတင်းမာမှုနဲ့ လူထုအတွင်း မကျေနပ်ချက်တိုးပွားလာမှု ဖြစ်ပါတယ်။ ကက်သလစ်ဘာသာ ဂိုဏ်းဝင်တွေအတွက် သေဆုံးသူတွေ ဂူသွင်းမြှုပ်နှံရမှုဟာ သူတို့ကိုးကွယ်ယုံကြည်ရာဘာသာရဲ့ ဝိဉာဏ်ပိုင်းဆိုင်ရာ လေးစားလိုက်နာရတဲ့ ထုံးတမ်းစဉ်လာတွေနဲ့ နက်နက်ရှိုင်းရှိုင်းဆက်စပ်နေပါတယ်။
သူတို့ယုံကြည်မှု အတိုင်း မလုပ်ဆောင်ရတာဟာ ကိုဗစ်အကြောင်းပြပြီး တာဝန်ရှိသူတွေက လုပ်ပိုင်ခွင့်အာဏာသုံးစွဲပြီး အဟန့်အတား တွေဟာ သေဆုံးသူမိသားစုဝင်တွေစိတ်ထိခိုက်စေရုံသာမကပဲ ဒီထက်ကျယ်ပြန့်စွာ ဒီဘာသာကို ကိုးကွယ်ယုံကြည်သူတွေအကြားမှာ ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်စေပါတယ်။ ဒီအကဲဆတ်မှု ကို နားလည်နိုင်စွမ်း ကိုယ်ချင်းစာနိုင်စွမ်းမရှိပဲ တာဝန်အလိုက်လုပ်ဆောင်မှုတွေဟာ မလိုလားအပ်တဲ့ အနှောင့်အသွားတွေ နိုင်ငံရေးမှာ သက်ရောက်မှုဖြစ်စေတာပါ။ နောက်အကြောင်းရင် တစ်ရပ်ကတော့ ၂၀၁၅ မဲရလဒ်အရကိုNLD က မဲအပြတ်အသတ်မရှိပါဘူး၊ USDP က နောက်က ကပ်လိုက်နေတာပါ။ တိုင်းရင်းသားပါတီရဲ့မဲအားကလည်း မသေးပါဘူး။ အထက်မှာ ဆိုခဲ့သလို USDP ဟာ အာဏာရပါတီတွေရဲ့ အားသာချက်ကို ဒီတကြိမ်ခံစားခွင့်ရတော့မှာ မဟုတ်တော့အတွက် ဒီမဲတွေဟာ SWING Vote အနေနဲ့ ဒေသခံပါတီဖက်ကို ရွှေ့သွားမယ်ဆိုတာ ကျိုးကြောင်းညီညွတ်တာတွေ့ရပါတယ်။ အလားတူမျိုး ကန်ပက်လက်မှာ ဖြစ်ပွားပြီး ဒေသခံချင်းပါတီက အသာရနိုင်ပါတယ်။ သို့သော် USDP ကိုယ်စားလှယ်လောင်းဟာ ပုဂ္ဂလိကအရှိန်သြဇာအသင့်အတင့်ရှိတဲ့သူဖြစ်တဲ့အလျှောက် သူက မဲပြန်ဖဲ့ယူသွားရင် NLD နိုင်နိုင်ပါတယ်။
မတူပီ၊ မင်းတပ်မှာတော့ NLD, USDP နဲ့ ချင်းစုပေါင်းပါတီတွေ အသဲအသန်ယှဉ်ပြိုင်ရမဲ့နယ်ဖြစ်ပြီး မဲ တပါတီနဲ့တပါတီ သိပ်မကွာနိုင်ပဲ ခန့်မှန်းလို့မရသေးတဲ့ အခြေအနေမှာ ရှိပါတယ်။ မတူပီမှာ ဒေါက်တာရူအုပ်ဆိုတာ သူတို့မြို့နယ်က အားထားရတဲ့ ဒေသခံဆရာဝန်ကြီးပါ၊ သူ့ရဲ့ ပုဂ္ဂလိက အရှိန်သြဇာ နဲ့ ရပ်ဆွေရပ်မျိုးနယ်ပယ် က အတော်ကြီးပါတယ်။ သူကနီးစပ်မှု ရှိသည့်အလျောက် USDP မှာ ပါခဲ့ပြီးရွေးကောက်ခံရခဲ့ပေမဲ့ ခုအသက်ကြီးလို့ အနားယူသွားပြီဖြစ်ပါတယ်။ သူ နိုင်ငံရေးမှာ မပါတော့သော်လည်း သူချပေးခဲ့တဲ့ USDP ရဲ့ သြဇာအရှိန်အဝါ မကင်းရာမကင်းကြောင်းတွေဟာ ဟိုတုန်းကလို အားမကောင်းတော့ပေ မဲ့ အတိုင်းအတာတခုထိရှိသေးတာမို့ USDP မဲမျှော်လင့်လို့ရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ခက်တာက မတူပီဟာ ချင်းတိုင်းရင်းသား လူမျိုးစုနွယ်တွေ ကွဲပြားမှု အတော်များတဲ့ဒေသဖြစ်ပြီး မျိုးနွယ်စု အလိုက် သြဇာလွှမ်းမိုးမှုဟာ ကွဲပြားတာမို့ ၂၀၁၅ တုံးက USDP နဲ့ ချင်းပါတီတွေ မဲအကွဲမှာ NLD ဟာ အနိုင်ရခဲ့ပါတယ်။ ဒီတခေါက်တော့ USDP က အတန်ငယ်အားလျော့သွားပေမဲ့ ချင်းစုပေါင်းပါတီတွေက အားပိုကောင်းလာပါတယ်။ သို့သော် NLD က ချင်းလူငယ်တွေကြားမှာ လူကြိုက်များတဲ့ ဖွံ့ဖြိုးရေးသူရဲကောင်း ဒေါက်တာဆာဆာ (လိုင်လင်းပီတွင် နိုင်ငံတကာပံပိုးမှုနဲ့ လေယာဉ်ကွင်းဆောက်နေသူ) ကို ရွေးကောက်ပွဲအောင်နိုင်ရေး ကို ခေါင်းဆောင်စေပြီး စည်းရုံးခိုင်းတာပါ။ ကျွန်တော်ကိုယ်တိုင် ဒေါက်တာဆာဆာရဲ့ မဆုတ်မနစ် သူ့ဒေသဖွံ့ဖြိုးရေးတွေကို ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် လွန်စွာလေးစားမိလို့ NLD ရဲ့ လုပ်ဆောင်ချက်ဟာ smart move ဗျူဟာမြောက် အရွှေ့အပြောင်းပဲလို့ သုံးသပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒေသက နိုင်ငံရေးလေ့လာသူတွေက တမျိုးမြင်ကြပါတယ်။ ချင်းဒေသတွင်း Local Dynamic ကို နားလည်တဲ့သူတွေပြောတာက တော့ ဒေါက်တာဆာဆာ က မြန်မာနိုင်ငံသား ဟုတ်သေးရဲ့လား။ ပြီးတော့ သူက လူငယ်တွေရဲ့ လေးစားမှုကို ရပေမဲ့ သူရဲ့ အမျိုးအနွယ်နဲ့ ကြီးပြင်းရာ နယ်မြေကျဉ်းကျဉ်းလေးကို ပဲ ကိုယ်စားပြုတာဖြစ်ပြီး တနယ်လုံးကို ကိုယ်စားပြုမှုနဲ့ အသိအမှတ်ပြုမှုကို အမှန်တကယ်ရရှိ နိုင်ပါမလား၊ သူဖခင် ဘာသာရေးခေါင်းဆောင် ကိုယ်တိုင်က သူတို့မျိုးနွယ်စု က ဖွဲ့ထားတဲ့ နိုင်ငံရေးပါတီအတွက် မဲဆွယ်မှုတွေ ဦးဆောင်လုပ်နေတော့ သူတို့မျိုးနွယ်စုတွေ လွှမ်းမိုးရာဒေသမှာတောင် တခုတည်းသော နိုင်ငံရေးအင်အားစု ဖြစ်တည်ရေးကို အမှန်တကယ်လုပ်နိုင်ရဲ့လား လို့ မေးခွန်းတွေထုတ်ကြပါတယ်။ ဒီအချက်တွေကို ထောက်ခြင်းအားဖြင့် မတူပီ အတွင်း သူ့အရပ်နဲ့သူဇာတ်ဆိုသလိုပဲ နိုင်ငံရေးအင်အားစု သုံးခုဟာ ထောက်ခံသူကိုယ်ဆီနဲ့ အသဲအသန်ယှဉ်ပြိုင်ရမယ်လို့ ခန့်မှန်းတာဖြစ်ပါတယ်။
မင်းတပ်မှာကတော့ ၂၀၁၅ တုံးက ၄၄%နဲ့ NLD ကမဲနိုင်ခဲ့ပါတယ်။ USDP နဲ့ တိုင်းရင်းသားပါတီ နှစ်ရပ်ပေါင်းက တဖက်မှာ ၅၆% ရှိတဲ့သဘောပါပဲ။ USDP မဲတွေက NLD ဖက်ရွှေ့သွားမလား၊ ချင်းစုပေါင်းပါတီဖက် ရွှေ့သွားမလားစဥ်းစားစရာပါ။ ဒီအပေါ်မူတည်ပြီး မဲအနိုင်က ဆုံးဖြတ်မယ်ထင်ပါတယ်။ သို့သော် မင်းတပ်မှာ ချင်းလူမျိုးတပ်မတော်အကြီးအကဲဟောင်း ယခင် ချင်းပြည်နယ်အုပ်ချုပ်ရေးတာဝန်ယူခဲ့သူက၂၀၁၅ တုံးကလိုပဲ ယှဉ်ပြိုင်ဦးမှာ ဖြစ်ပါတယ်။ သူရဲ့ ယခင်ထမ်းဆောင်ခဲ့တဲ့ အုပ်ချုပ်ရေးရာထူးအရှိန်အဝါအရကော ဒေသခံလူမျိုးစုနွယ် အကြီးအကဲလူမှုရေးသြဇာကြောင့်ရော နှစ်ရပ်ပေါင်းပြီး မဲ အထိုက်အလျောက်ရနေဦး မယ်လို့ယူဆပါတယ်။ သူက မဲနိုင်ဖို့ထက် သူများမဲဆွဲချမဲ့ သဘောမျိုးလဲဆောင်ပါတယ်။ ဒီလိုထိတ်တိုက် ဖြစ်နေတဲ့အခြေအနေမှာ အထက်မှာ အဆိုရှိခဲ့သလို မဲဆွယ်စည်းရုံးရေးက အရေးပါလာပါတယ်။ Social media ကို ကောင်းကောင်းအသုံးချနိုင်တဲ့အဖွဲ့ ကွဲပြားတဲ့ လူမျိုးစုနွယ်တွေရဲ့ အကဲဆတ်တဲ့သဘောကို နားလည်ပြီးအားလုံးလက်ခံနိုင်အောင် message ပေးနိုင်တဲ့အဖွဲ့ နှာတဖျားနဲ့ မင်းတပ်မှာ အသာရသွားနိုင်ပါတယ်။
ကဲ နောက်ဆုံးကျန်တဲ့မြို့နယ် ပလက်ဝ ကတော့ရှင်းပါတယ်။ ၂၀၁၅ တုန်းက လိုပဲ လွတ်လွတ်ကျွတ်ကျွတ် ၂၀၂၀ မှာ လည်း အောင်ပွဲဆက်နိုင်ဦးမှာ ပါ။ အဲ့တုံးက မဲ ၁၆.၂ရ% ရယူနိုင်ခဲ့တဲ့ ရခိုင် ANP ပါတီလည်း ဒီတခါမှာ မဲဆွဲမချနိုင်တော့ပါ။ ရခိုင်ကျေးရွာ အများစု က UEC ရဲ့ ကန့်သတ်မှုအောက်မှာ ပါသွားပြီဖြစ်ပါတယ်။
ဒါကတော့ရှိတဲ့ အခြေအနေအရ ဒေသခံတွေရဲ့ အမြင်တွေအပေါ်မှာ ခြုံငုံ သုံးသပ်တဲ့ ကျွန်တော့်ရဲ့ ခန့်မှန်းချက်ပါ။ ချုပ်ရရင်တော့ NLD က ပြည်သူ့လွှတ်တော် ကိုးနေရာမှာ နှစ်နေရာကနေ လေးနေရာအထိ နိုင် နိုင်ပြီး၊ တိုင်းရင်းသားပါတီတွေက ငါးနေရာအထိ နိုင်နိုင်ပါတယ်။ လွဲတဲ့အခါလည်း လွဲပေမပေါ့။ ကြည့်တတ် မြင်တတ် သုံးတတ်ရင် တော့ ရွေးကောက်ပွဲဝင်သူ ပါတီတိုင်းအတွက် ကိုယ့်ရှုဒေါင့်ကကိုယ် အသုံးဝင်မဲ့ အချက်အလက်တွေရမယ်လို့ထင်ပါတယ်။
ထိုက်သူအောင်မြင်ကြပါစေ။
ဝင်းမျိုးသူ (၂၀.၁၀.၂၀၂၀)

0 Comments