ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဘာကွာလဲ။
ကွာပါတယ်၊ စကားကပ်ပြောနေတာမဟုတ်ပါ။ အသွင်သဏ္ဍန်၊ အနှစ်သာရ နှင့် ချည်းကပ်ပုံ လုပ်ငန်းလမ်းစဉ်ကွာပါတယ်။
မြင်သာအောင် အိမ်ဆောက်တာနဲ့ဥပမာပြုရရင်
အိမ်မဆောက်ခင် မြေနေရာတိုင်းတာတာ၊ ပုံစံထုတ်တာ၊ အခြေခံ အုတ်မြစ် ချတာတွေဟာ ဖက်ဒရယ်ဆိုင်ရာအရေးကြီးတဲ့မူတွေကို ရှေးဦးစွာသဘောတူညီချက်ရယူတည်ဆောက်တာ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းပြီးမှ အိမ်တိုင်ထောင်တာ၊ ကြမ်းခင်းတာ၊ အခန်းကာတာ၊ ပြူတင်းပေါက်၊ လှေခါးတတ်တာတွေက ဒီမိုကရေစီ institution တွေ တည်ဆောက်တာဖြစ်ပါတယ်။ foundation အုတ်မြစ် နှင့် skeleton အကာအရံတွေ ပြည့်စုံမှ လူတွေနေထိုင်အဆင်ပြေဖို့ နောက်တဆင့် ရေ၊ မီး၊ အပူအအေးစနစ်၊ ပရိဘောဂ၊ အသုံးအဆောင်တွေ လိုက်ဖက်ညီစွာ ထည့်သွင်း သလို နေထိုင်မဲ့သူများက စည်းစနစ်နဲ့ သုံးစွဲမှ livable နေချင့်စဖွယ်အိမ်ထောင်စု တနည်းအားဖြင့် ပီပြင်တဲ့ ပြည်ထောင်စု တခုဖြစ်လာပါမယ်။
ဖက်ဒရယ်နိုင်ငံ (၂၈) ခုရဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုကို လေ့လာတဲ့ ပညာရှင်တွေထောက်ပြကြတာက ဒီမိုကရေစီ ကျင့်သုံးတဲ့ institution တွေ ဖြစ်တဲ့ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး၊ မီဒီယာ၊ အရပ်ဖက်အဖွဲ့အစည်း တွေအားကောင်းမှ ဖက်ဒရယ်က ပီပြင်မှာ ဖြစ်ပေမဲ့ institution တွေတည်ဆောက်ရေးဟာ အချိန်ကြာမြင့်ပါတယ်။
ဘယ်အထိုင် အခြေခံအပေါ်မှာ ဘယ်လို institution ကို တည်ဆောက်မလဲ ဆိုတာ အရေးကြီးပါတယ်။ ဦးသိန်းစိန်လက်ထက်ကနေ ဒီကနေ့ထိ ဆိုရင် ဆယ်စုနှစ်ရှိလာပေမဲ့ အဆိုပါ ဒီမိုကရေစီကျင့်သုံးမဲ့ institution တွေ အားမကောင်းသေးတာကိုကြည့်ရင် သဘောပေါက်နိုင်မယ်ထင်ပါတယ်။
ဒီ institution ကလည်း သန္ဓေမကောင်းတဲ့ လူနည်းစုရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးလိုတဲ့ စိတ်စေတနာနဲ့ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခြေဥ အပေါ်မှာ တည်ဆောက်တာကြောင့်လည်း ရေခံမြေခံမကောင်းသည့်အလျောက် အားကောင်းသင့်သလောက်အားမကောင်းတဲ့ အချက်က ငြင်းဘွယ်ရာမရှိ ထင်ရှားပါတယ်။ ဒါကြောင့် ဖက်ဒရယ်ပညာရှင်တွေက လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ဖက်ဒရယ်ဆိုင်ရာအခြေခံသဘောတူညီချက်တွေရှေးဦးစွာရယူပြီး ဒီအပေါ်မူတည်ပြီးဖြစ်လာမဲ့ ဒီမိုကရေစီ institution တွေကို တည်ဆောက်ပါ။
ဒါမှ လူတိုင်းရင်ထဲမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာတန်ဖိုးထားမှုတွေ ခိုင်မာ ရင့်ကျက်လာပြီး လက်တွေ့ကျင့်သုံးမှ အသွင်သဏ္ဍန်အရသာမက အနှစ်သာရပါ ပါ နိုင်ငံသားတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို လူအများကို မထိခိုက်စေဘဲကျင့်သုံးခြင်း၊ တိုင်းရင်းသားအစုအဖွဲ့လိုက် ရပိုင်ခွင့်တွေ ကို လေးစားလိုက်နာစောင့်ထိန်းကျင့်သုံးမှုရှိခြင်း၊ အပြန်အလှန်စာနာ နားလည်မှုရှိခြင်း၊ တာဝန်ယူတာဝန်ခံမှုရှိခြင်း တွေက ဖြစ်လာမှာပါ။ ဒီမိုကရေစီ institution တွေ မကောင်းပဲ ဒီစိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေက လူတွေရင်ထဲ အလိုအလျောက်ရောက်မလာပါဘူး။ အဲ့လိုကျင့်သုံးနိုင်မှ တရားမျှတမှုရှိခြင်း၊ တန်းတူရည်မျှမှုရှိခြင်း၊ ကိုယ်ကြမ္မာကိုယ်ဆုံးဖြတ်စီမံခန့်ခွဲခြင်း အစရှိတဲ့ နာမဝိသေသ adjective တွေနဲ့ ပြည့်စုံမဲ့ ပြည်ထောင်စုက ဖြစ်ပေါ်လာမှာပါ။
ဒီလိုမဟုတ်ပဲ
အိမ်ပုံစံလဲမထုတ်ရသေး၊ ဖောင်ဒေးရှင်းလဲ မချရသေးတဲ့ အချိန်မှာ အိမ်တိုင်တွေ၊ ကြမ်းပြင်တွေ၊ အိမ်အကာတွေ၊ လှေခါးတွေ၊ ပြူတင်းပေါက်တွေ အရင်တည်ဆောက်ပြီးမှ အိမ်ပုံစံထုတ်၊ အုတ်မြစ်ချဖို့ ကြိုးစားတာဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တာနဲ့ အတူတူပါပဲ။ မုံ့ဆီကျော်က ဘယ်နားမှန်းမသိ နှုတ်ခမ်းက နာတာအရင်ဖြစ်နေသလိုပါပဲ။
ဖက်ဒရယ်တည်ဆောက်ရေးမှာ လက်တွေ့မြေပြင်အနေအထားနဲ့ နေထိုင်မဲ့သူတွေရဲ့အခြေအနေကို နားလည်ပြီး တန်းတူရည်မျှရေး၊ တရားမျှတရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် ဖက်ဒရယ်နယ်မြေတွေ စုစည်းပြီးပြည်ထောင်စုကို ဘယ်လို တည်ဆောက်မယ်လို့ စဉ်းစားရပါတယ်။ ဒါဟာ အိမ်ဖောင်ဒေးရှင်းချပြီး အခန်းဖွဲ့ရတာနဲ့တူပါတယ်။
ဖက်ဒရယ်နယ်မြေ တွေသဘောတူညီချက်ရပြီးမှ structure of the nation နောက်တဆင့် form of government အချုပ်အချာ အာဏာကို ကျင့်သုံးနိုင်ဖို့ အစိုးရကို ဘယ်လိုဖွဲ့စည်းမယ် ဥပမာ သမ္မတတိုက်ရိုက်ရွေးချယ်တဲ့စနစ်လား၊ ဝန်ကြီးချုပ် ဦးစီးတဲ့ ပါလီမန် အစိုးရလား၊ Semi-presidential လား အစရှိသဖြင့်စဉ်းစားရွေးချယ်ပါတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့မှ အာဏာခွဲဝေမှုတွေ၊ ကိုယ်စားပြုမှုတွေ၊ check & balance democracy တွေဆက်စပ်စဉ်းစားသတ်မှတ်ရပါတယ်။ ဒီတော့မှ အလိုရှိရာဖက်ဒရယ်ကို ဖော်ဆောင်မဲ့ ဒီမိုကရေစီ institution တွေက ပုံစံထွက်လာတာပါ။ ဒီပုံထုတ်ပြီးသား drawing ရမှ ဗဟိုအဆင့်မှာ ဘယ် institution, ပြည်နယ်အဆင့်မှာ ဘယ် institution အစရှိသဖြင့် အားကောင်းလာအောင် တည်ဆောက် လေ့ကျင်ပျိုးထောင်ရတာပါ၊
ဗြိတိသျှ ကိုလိုနီလက်အောက်ခံ ဘဝမှာ တိုင်းရင်းသားဒေသတွေဟာ ဗမာပြည်မထက်ကို ပိုပြီးအုပ်ချုပ်ရေးအာဏာ၊ ကိုယ်ပိုင်ပြဌာန်းခွင့် အာဏာရကြပါတယ်။ ကိုယ့်မြေ၊ ကိုယ့်ရေ သယံဇာတတွေကို ကိုယ်တိုင်အခွန်ကြီးကြပ်၊ ရသမျှအကုန်ယူ၊ အောက်ခြေအဆင့်တာဝန်ရှိသူ သူကြီးတွေကို စိတ်ကြိုက်ခန့်ပိုင်ခွင့်ရှိပါတယ်။ ရာဇဝတ်မှုအပြစ်ကြီးတွေကလွဲလို့ သာမန်အမှုခင်း အငြင်းပွားမှုတွေကို ဓလေ့ရိုးရာထုံးစံအတိုင်း ဖြေရှင်းခွင့်ရပါတယ်။
၁၉၃၅ခုနှစ် ကြမှသာ သူတို့ကောက်လို့ရတဲ့အခွန်တစ်ဝက်ကို အင်္ဂလိပ်အစိုးရကို ပေးရတာပါ။ ဒါကြောင့်ပင်လုံစာချုပ် ချုပ်ဆိုစဉ်က မြန်မာပြည်မနှင့် ပူးပေါင်းရင် သူတို့ရရှိခံစားခွင့်ရှိနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးထပ်မနိမ့်တဲ့ အခွင့်အရေးရရှိနိုင်မှုဆိုပြီးတောင်းဆိုကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုအာမခံပါတယ်ဆိုပါမှ ဗိုလ်ချုပ်အပေါ် ယုံကြည်ချက်ရှိသည့်အလျှောက် ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ သို့သော် အခြေခံမူအားဖြင့်သာ သဘောတူခဲ့ကြပြီး တိကျတဲ့ပြဌာန်းချက်တွေမရှိခဲပါ။
လွတ်လပ်ရေးရသောအခါ နိုင်ငံအသစ်အနေနဲ့ပေါ်ပေါက်လာတဲ့ ဗဟိုအစိုးရက အာဏာအလုံးစုံကိုချုပ်ကိုင်လိုက်ပြီး၊ အာဏာအနည်းငယ်ဆီသာ ခွဲပေးခဲ့တဲ့အတွက် ဒီကနေ့အထိ ပင်လုံစာချုပ် မချုပ်ခင်ကလို ကိုယ်ပိုင်အာဏာပြဌာန်းကျင့်သုံးခွင့်မျိုး ဘယ်တုန်းကမှတိုင်းရင်းသားတွေပြန်မရခဲ့ပါဘူး။ လက်ဝေခံအဆင့်ကနေမတက်ဘဲ ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ဖို့ကျိုးပမ်းခဲ့ သူ တစ်ဦးအနေနဲ့ ခံစားရပိုင်ခွင့်တွေ ဂုဏ်သိက္ခာတွေဆုံးရှုံးခဲ့ရပါတယ်။ ပင်လုံကတိတွေရေထဲမြောပါခဲ့ရပါတယ်။
အာဏာရှင်အောက်မို့ ရသင့်ရထိုက်တဲ့အ ခွင့်အရေး တွေ အတူတူဆုံးရှုံးတာဖြေသာပါတယ်၊ နားလည်မှုပေးနိုင်ပါတယ်။ သို့သော် နှိပ်စက်ခံရတာချင်းအတူတူ ရုန်းထဖို့ကြိုးစားစဉ်မှာ ဗမာညီနောင်တွေက တိုင်းရင်းသားညီအကိုတွေရဲ့ ခံစားချက်တွေကို နားလည်အသိအမှတ်မပြုဘူးဆိုရင် ရင်ကျိုးလို့ အခံရ အခက်ဆုံးဖြစ်ပါလိမ့်မယ်။ နှစ်၇၀ အတွင်းခံပြီးရင်းခံနေရတော့ confederation အယူအဆတွေ ခေါင်းထောင်ထလာပါတယ်။ ဝ နယ်ကို ကြည့်ပြီးအားကျလာကြတယ်။ အာဏာရှင်တွေကသာ မက လူထုကပါ ဒီအကဲဆတ်၊ သိမ့်မွေ့မှုကို နားလည်သိရှိ စာနာနိုင်ခြင်း မရှိပဲ ထပ်ဆင့် ဖိအားပေးလိုက်သလိုမျိုးဖြစ်သွားခဲ့ရင် ခွဲထွက်လိုခွင့် ရောဂါကူးစက်မှု မြန်လာပြီး အကြမ်းဖက်မှု ပုံစံတမျိုးအနေနဲ့ပေါ်လာပါလိမ့်မယ်။
ဒါကြောင့် ဗမာတွေတိုင်းရင်းသားတွေကို ခွဲခြားမှုမရှိပဲ ရခိုင်မုံ့တီစားတာ၊ ရှမ်းရိုးရာဝတ်စုံ၊ ကချင်လုံချည်ဝတ်တာတွေ ယုံပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု တွေ ဆောင်ကျဉ်းပေးတာလည်း ကျေးဇူးတင်ပါတယ်။ ဖက်ဒရယ်ကြီးတည်ဆောက်မှာ ပြောတဲ့အတွက်လည်း ဝမ်းသာရပါတယ်။ သို့သော် အတိတ်က ခါးသီးတဲ့အတွေ့ကြုံ အပေါ်အခြေခံပြီး ပင်လုံကတိကဝတ်ပျက်ကွက်တာမျိုးတွေ ထပ်မဖြစ်အောင် ယောင်ဝါးဝါးဖက်ဒရယ်မျိုး မဟုတ်တော့ပဲ တိတိကျကျပီပီပြင်ပြင် အခြေခံအုတ်မြစ်တွေချထားပြီးမှသာ ဒီမို ကရေစီအင်စတီကျူးရှင်းတွေ တည်ဆောက်ပြီး အနှစ်သာရ ပြည့်ဝမဲ့ပြည်ထောင်စု ကြီးကိုတည်ဆောက်လိုရင်းပါ။
ဒါကြောင့် ဝေါဟာရအပေါ်မှာ ဝိဝါဒကွဲပြားနေတာ မဟုတ်ပါ။ Spirit of law ဥပဒေရဲ့ အနှစ်သာရဝိဉာဉ်ကို အတိအကျ ဖော်ဆောင်နိုင်စွမ်းရှိမဲ့ letter of law ဥပဒေဝေါဟာရ စာလုံး ဖြစ်ပေါ်လိုချင်း အလို့ငှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု လို့ ရည်ညွှန်းသုံးစွဲနေရခြင်း ဖြစ်ပါတယ်။ ဒါမှ ရေရှည်မှာ သဘောထားကွဲလွဲ စိတ်ဝမ်းထပ်ကွဲရခြင်းတွေ ရှောင်ရှားနိုင်မှာဖြစ်တယ်။
တပ်မတော်နဲ့ တပ်မသားတွေက ဒီဝေါဟာရ အပေါ်မှာ သဘောမတူနိုင်ဘူးထားဦး ဖိနှိပ်မှုအောက်က အတူတူရုန်းထွက်ရ တဲ့ ဗမာ လူမျိုးတွေနဲ့ တိုင်းရင်းသားတွေကြားထဲမှာ ဒီနားလည်မှုကို အရင်တည်ဆောက်ထားချင်တယ်။ ဝေါဟာရ လေးတခုကိုတောင် သဘောတူညီချက်မရနိုင်အောင် ခက်ခဲနေရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာက ဟိုးအဝေးကြီးမှာ ပါ။
ပြည်နယ်အကြီးအကဲပြည်နယ်ကခန့်ရေး ဆိုတာက တိုင်းရင်းသားတွေရဲ့ အန္တိမရည်မှန်းချက်မဟုတ်ပါဘူး၊ လုပ်ပိုင်ခွင့်မရှိတဲ့ခြေဥအောက်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတဲ့ ရာထူးဟာ ဟန်ပြသက်သက်ပါ။ တိုင်းရင်းသားနိုင်ငံရေး ဟာ ရာထူးရာခံရဖို့လောက်ပဲ ကြိုးပမ်းတာလို့ အဓိပ္ပါယ် ကောက်မှား မိရင်တော့ တိုင်းရင်းသားတွေနဲ့ နားလည်မှု ဟာ ပိုဝေးသွားမှပါ။ တိုင်းရင်းသားတွေရဲ့ ရုန်းကန်မှုကို အသိအမှတ်မပြုရုံတင်သာမက နှိမ်ချစော်ကား သလိုမျိုးတောင် ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့်ရင်ထဲက မျှော်မှန်းထားတဲ့ ဖက်ဒရယ်ကို ဖော်ဆောင်ထုဆစ်မဲ့ အိမ်ပုံစံ blue print ကဘယ်မှာလဲ၊ တဦးနဲ့တဦးကွဲလွဲတဲ့အမြင်ပုံစံ တွေပြန်ညှိုပြီး အားလုံးလက်ခံနိုင်တဲ့ အိမ်ပုံစံလေး အရင် အတူဆွဲခြင်ပါတယ်။ တယောက်တပေါက်စီ အိမ်ပုံစံအမျိုးမျိုးကိုင်စွဲပြီး ညှိုတာထက် တူညီစိတ်ထားရှိသူတွေအကြား အရင်ညှို ပြီးမှ ကွဲလွဲသူ ကျန်အခြားတဦးကို အင်နဲ့အားနဲ့ ညှိုနိုင်းတာက ပိုလက်တွေ့ မကျပေဘူးလား။
Sayar Win Myo Thu (20.11.2020)

0 Comments