ကြိုဆိုရမဲ့ အပြောင်းအလဲ
ကျန်းမာရေးဝန်ကြီးဌာန နဲ့ ဆရာဝန်၊ ကျွမ်းကျင်ပညာရှင်များက COVID 19 Rapid Test သွေးကနေအမြန်စစ်ဆေးတဲ့ Kit တွေကို တူးတူးခါးခါးဆန့်ကျင်ကြတာပါ။ အဓိက ကတော့ ဒီkit တွေရဲ့ စိတ်ချရမှု အားနည်းလို့ပါ။ 80% ကျော်ကျော်လောက်ပဲ အဖြေမှန်နိုင်တယ်လို့ ဆိုကြတာမို့ ရောဂါရှိနေသူကို ရောဂါမရှိဘူးလို့ မှားယွင်း ဆန်းစစ်တာမျိုးဖြစ်သွားမှာစိုးကြလို့ပါ။ ဒေါ်လာ၂၀ လောက်ပဲကုန်ကျပြီး မိနစ်ပိုင်းအတွင်းအဖြေထွက်နိုင်တဲ့ အားသာချက်ရှိပေမဲ့ တိကျမှုအပေါ်စိုးရိမ်စိတ်ရှိတဲ့အတွက်မသုံးလိုကြပါ။ လူအများကို ရောဂါရှိမရှိ ပမာဏ စူးစမ်းရှာဖွေဖို့ ၊ အမေရိကန် CDC guideline ကအကြံပြုသလိုပဲ Orthogonal testing နှစ်ကြိမ် သီးခြားခွဲ စစ်ဆေးပြီး ကာကွယ်ထိန်းချုပ်ရေး စီမံချက်ရေးဆွဲရေးအသုံးပြုဖို့ အဆိုပြုတာတောင် တူးတူးခါးခါးငြင်းဆိုကြသူများပါ။
ခု နိုင်ငံတော်အတိုင်ပင်ခံက ကိုရီးယားမှ Rapid test kit တွေမှာယူမယ်ပြောတော့ အံအားသင့်မိတယ်။ ကျန်းမာရေးက ဆရာများ သူတို့ရဲ့ စွဲကိုင်ထားတဲ့မူ အလျှော့ပေးလိုက်တဲ့ သဘောရှိပုံရတယ်။ မကြာသေးခင်က အသစ်ဖွဲ့စည်းလိုက်တဲ့ အကြံပေးသမားတော်အဖွဲ့က ပါ ဝင်ရောက်ထောက်ခံပေးလိုက်လို့ ဒီလိုမူပြောင်းသွားတာလားလို့လဲ တွေးမိတယ်။
ဘယ်နည်းပညာ၊ နည်းစနစ်မဆို အားသာချက် အားနည်းချက်ရှိတာပါပဲ။ အသုံးပြုသူများက အနေအထားကိုလိုက်၍ ခြင့်ချိန်ပြီး စီမံခန့်ခွဲမှုနည်းလမ်းနဲ့ ထိန်းကြောင်းပြီးအသုံးပြုသွားဖို့ကသာ အဓိကပါ။ Perfect အကောင်းဆုံးရဖို့ risk free ဖြစ်ဖို့ကတော့ လက်ရှိမှာ မလွယ်ကူပါ။
ပြီးခဲ့တဲ့ အပတ်က UK DnaNudge က မိနစ်၉၀ အတွင်း ဓာတ်ခွဲခန်းမလို rtPCR မလို ဒါပေမဲ့ PCR လိုပဲ ဗိုင်းရပ်မျိုးဗီဇကိုပဲ ပွားများပြီး ခွဲခြားသတ်မှတ်ပေးနိုင်တဲ့ နည်းပညာကို တီထွင်ခဲ့ပါတယ်။ sensitivity 95% ရှိပြီး specificity 100% ရှိတယ်လို့ စက်ရဲ့ စွမ်းရည်ကို London Imperial College က သိပ္ပံပညာရှင်များက အတည်ပြုပေးကြပါတယ်။ ဆိုလိုတာက ရှိသမျှဗိုင်းရပ် တွေကို လွတ်ထွက်မသွားစေပဲ ၉၅ ရာခိုင်းလောက်ထိရှာဖွေစူးစမ်းပေးနိုင်ပြီး ရာနှုန်းပြည့် ဗိုင်းရပ်ပိုးအမျိုးအစားကို မှန်ကန်စွာမျိုးခွဲသတ်မှတ်ပေးနိုင်စွမ်းရှိတယ်လို့ဆိုလိုတာပါ။ အခြား rapid test တွေရဲ့ စိတ်ချရမှု ၈၀% ပတ်လည်နဲ့စာရင် အများကြီးကို မြင့်မားပါတယ်။ မြန်မာပြည်လို ဓာတ်ခွဲခန်း မရှိ ကျွမ်းကျင်သူမရှိ အနေအထားနဲ့လည်း အများကြီးသင့်လျော်ပါတယ်။ အင်္ဂလန်ကျန်းမာရေးက တနေ့လူငါးသိန်း စစ်ဆေးနိုင်ဖို့ ဒီkit တွေကိုမှာယူပါတယ်။ အားနည်းချက်ကတော့ ကိုရီးယားစက်ထက် ဈေးကြီးမှာ ဖြစ်သလို စက်က တခါစစ်ရင် နမူနာ လေးခုပဲစစ်နိုင်ပါသေးတယ်။ တနေ့ ၁၈ နာရီ အသုံးပြု ရင် နမူနာ ၄၈ ခုစစ်နိုင်ပါလိမ့်မယ်။ မြန်မာပြည်အနေအထားနဲ့ဆိုရင် တနေ့ အနည်းဆုံး သုံးသောင်းလောက်စစ်သင့်ပါတယ်။ ဒါဆိုရင် စက်မှုဇုံတွေက စက်ရုံတွေ အရှိန်မပျက် ဆက်လက်လည်ပတ်စေဖို့ များစွာအထောက်အကူဖြစ်မှာဖြစ်ပါတယ်။ ဒီအတွက်ဆိုရင် စက်ပေါင်း 650 လောက် ဝယ်ယူဖို့လိုပါလိမ့်မယ်။ အင်္ဂလန်အစိုးရက လူ၅.၈ သန်းစစ်ဆေးဖို့ စက်ပေါင်း ၅၀၀၀ နဲ့ ဆေးစစ်တဲ့ cartridge အကူပစ္စည်းတွေ မှာယူတာ $ ၂၁၁ သန်း ကုန်ကျပါတယ်။ လူတယောက်ကို စစ်ဆေးခ ၃၆.၃ $ / ၄၉၁၁၂ ကျပ်ကြပါတယ်။ ဒါကြောင့် စက်၆၅၀ မှာယူပြီး လူ ၇၅၀၀၀၀ စစ်ဖို့ဆိုရင် ဒေါ်လာ ၂၈ သန်းလောက် သုံးရမဲ့သဘောပါ။ လက်ရှိ rtPCR ထက်ဈေးအများကြီး သက်သာသလို မှာယူရရှိဖို့အချိန်အကြာကြီး စောင့်နေစရာမလိုပါ။
အတိုင်ပင်ခံက ကိုဗစ် နှိမ်နင်းရေး ဒေါ်လာသန်း ၇၆၀ ဘတ်ဂျက်ဖယ်ထားပြီး လျာထားတယ်ဆိုတာမို့ သုံးရမဲ့ ဒေါ်လာ ၂၈ သန်းဟာ တတ်နိုင်တဲ့ အထဲမှာရှိပါတယ်။ သို့သော် နိုင်ငံအများစုက ဒီ technology ကို ဝိုင်းမှာယူမှာမို့ လက်ဦးဖို့တော့လိုပါတယ်။ အင်္ဂလန်သံရုံးကတဆင့် သံတမာန်ရေးအကူအညီရယူပြီး မှာယူမယ်ဆိုရင်ဖြင့် မဖြစ်နိုင်စရာမရှိဘူးလို့ထင်ပါတယ်။
ခုလက်ရှိမှာ အလုပ်သမားတထောင်ရှိတဲ့စက်ရုံတရုံ ပိုးတွေ့လူနာတယောက်တွေ့လို့က lock down တန်းချ၊ ကျန်အလုပ်သမားတွေ အကုန် Q ဝင်ခိုင်းတဲ့အတွက် လုပ်ငန်းရပ်သွားပါတယ်။ ခု အဆိုပြု တဲ့ စစ်ဆေးနည်း ကို အသုံးပြုပါက နေ့ချင်းကို စက်ရုံလူကုန် ဆေးစစ်လို့ရပါတယ်။ အကြိမ်ကြိမ် ၃ ရက်ခြားတခါ သေချာအောင်လည်းစစ်လို့ရပါတယ်။ ဒါဆိုရင် စက်ရုံတခုလုံးကိုဆေးဖြန်း၊ ပိုးတွေ့လူနာ အသုံးပြုနေရာကိုပဲ ကန့်သတ်ပြီး ကျန်လူတွေနဲ့ စက်ရုံကို နှစ်ရက်အတွင်း ပြန်လည်နိုင်ပါတယ်။ နောက်နည်းပညာတခု က laser နဲ့ပိုးသတ်တာပါ။ ဒါက ဆေးဖြန်းတာထက် ပိုထိရောက် မြန်ဆန်ပါတယ်။ လေဆာ Gun နဲ့ စက်ရုံအလုပ်ရုံတွေကို ချက်ခြင်းပိုးသတ်လို့ရပါတယ်။ သူကဈေးတော့ ကြီးပါလိမ့်မယ်။ ဒီလိုသာ အင်မတန်စိတ်ချရတဲ့ နည်းပညာသုံးမယ်ဆိုရင်ဖြင့် ဒါဟာ ကိုဗစ်အန္တရာယ်ကြားမှာ ပိုမိုလုံခြုံစိတ်ချရစွာ စီးပွားရေးဆက်လုပ်နိုင်မဲ့ new normal ပဲဖြစ်ပါတယ်။ သီရိမင်္ဂလာဈေးတို့ ငါးဈေးတို့ဆက်ဖွင့်ထားနိုင်မယ်။ ကျောင်းတွေ ပြန်ဖွင့်နိုင်ပါလိမ့်မယ်။ လက်ရှိပုံစံအရ lock down ချပြီးရင် ၂ ပတ် စက်ရုံတွေ lock down လုပ်တယ်ဆိုပေမဲ့ တလလောက် ကြာမှ ပြန်ဖွင့်နိုင်တာပါ။ လေဆာနည်းမသုံးနိုင်သေးတောင်မှ ဆေးစစ်ပေးနိုင်ရင် ပိတ်ထားတဲ့စက်ရုံ ဆေးဖြန်းပြီး တပတ်အတွင်း ပြန်လည်ပတ်နိုင်တာမျိုးလည်းလုပ်နိုင်ပါတယ်။ ပိုးကတပတ်ထက်ပို အသက်မရှင်နိုင်ပါဘူးဗျာ။ လုပ်ငန်းရှင်ကလည်း ဒီလို lock down ပုံစံကို တိတိကျကျ သိရရင် စီးပွားရေးအရှိန်မပျက်အောင်စီစဉ်နိုင်ပါလိမ့်မယ်။ လက်ရှိက ဆေး မစစ်နိုင် မရေမရာမှုတွေနဲ့ စီးပွားရေး အလွန်နစ်နာပါတယ်။
Win Myo Thu
Welcome Change
0 Comments