အမေရိကန်ကုမ္ပဏီများ ကိုဗစ်- ၁၉ ကာကွယ်ဆေးစမ်းသပ်မှု နောက်ဆုံးအဆင့်သို့ရောက်လာ
အမေရိကန် ဇီဝနည်းပညာကုမ္ပဏီများ ဖြစ်သည့် Moderna Inc နှင့် Pfizer Inc တို့သည် လူပေါင်း ၃၀၀၀၀ စီပါဝင်သည့် ကိုဗစ် – ၁၉ ကာကွယ်ဆေးစမ်းသပ်မှုတွင် နောက်ဆုံးအဆင့်စမ်းသပ်ချက်ကို စတင်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၂၇ ရက်တွင် ကြေညာခဲ့သည်။
အမေရိကန်သမ္မတထရမ့်အစိုးရအဖွဲ့က လာမည့်ဇန်နဝါရီအတွင်း ကူးစက်မြန် ကိုဗစ် – ၁၉ အတွက် ကာကွယ်ဆေးသန်းနှင့်ချီပြီး ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေစဉ် ယခုလိုကြေညာမှုထွက်ပေါ်လာခြင်းပင်ဖြစ်သည်။
Moderna Incက ပထမအဆင့်ကာကွယ်ဆေးစမ်းသပ်မှုတွင် ပါဝင်သူ ၄၅ ဦးတွင် အားလုံးမှာ လုံခြုံစိတ်ချရမှုရှိပြီး ကိုယ်ခံအားစနစ်ကို လှုံ့ဆော် ပေးကြောင်း မည်သူတစ်ဦးတစ်ယောက်တွင်မှ ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုး ခံစားရခြင်းမရှိကြောင်း အမေရိကန်ဆေးပညာဂျာနယ်တွင် ယခုအစောပိုင်းကဖော်ပြခဲ့သည်။
အသက် ၁၈ နှစ်နှင့် အထက် စေတနာ့ဝန်ထမ်း ၃၀၀၀၀ မှာ နောက်ဆုံးအဆင့်စမ်းသပ်မှုတွင်ပါဝင်ကြပြီး Moderna သည် လုံခြုံစိတ်ချရသည့် ကာကွယ်ဆေးထုတ်လုပ်ရန်ရည်ရွယ်ထားကြောင်း၊ ယခုစမ်းသပ်မှုပြုလုပ်နေသည့် ဆေးဝါးသည် ကိုဗစ် – ၁၉ ကိုအမှန်တကယ် ကာကွယ်ပေးနိုင်ခြင်း ရှိမရှိ ဆုံးဖြတ်မည်ဖြစ်သည်။
တစ်နှစ်လျှင် ကာကွယ်ဆေး သန်းငါးရာ ထုတ်လုပ်ရန် ခန့်မှန်းထားပြီးတစ်ဘီလီယံအထိလည်း တိုးမြှင့်ထုတ်လုပ်သွားနိုင်ကြောင်း ကုမ္ပဏီကပြောသည်။ ကာကွယ်ဆေးထုတ်လုပ်ရေးအစီအစဉ်အတွက် အမေရိကန်အစိုးရထံမှ ဒေါ်လာသန်း ၄၇၂ သန်းရရှိမည်ဟုလည်း Moderna ကုမ္ပဏီကပြောသည်။
29.7.2020 ထုတ် မြန်မာ့အလင်းသတင်းစာမှ ထုတ်နှုတ်ဖော်ပြထားသည်။

0 Comments