Tribal politics မျိုးနွယ်စုနိုင်ငံရေး
ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားနိုင်ငံရေး Ethnic Politic တင်မက၊ တခါတရံလူမျိုးစုအနွယ်နိုင်ငံရေး Tribal Politic ထိအောင် ရှုပ်ထွေးပါတယ်။
ကျွန်တော့်အဖွဲ့စည်းမှာ ဝန်ထမ်းလုပ်ခဲ့ဘူးတဲ့ တိုင်းရင်းသားတယောက် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ဝင်အရွေးခံတယ်။ အရွေးခံရပြီးလွှတ်တော်ရေးရာ ကော်မတီတွေမှာတာဝန်ထမ်းဆောင်တယ်။ အရည်အချင်းရှိပြီး ထက်မြက် တယ် အင်္ဂလိပ်စာလည်းကောင်းမွန်၊ လေ့လာအားလည်းကောင်း၊ Political Economy အတိမ်အနက်လည်းသိ၊ မွန်ရည်ပြီးလူမှုဆက်ဆံရေးကောင်း ကာ Diplomacy လဲရတာမို့ အောင်မြင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ခဲ့ပြီး လူကြိုက်များ အားထားရသူတယောက်ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ မှာတော့ ပါတီက သူ့ကို သူ့တိုင်းရင်းသားဒေသ က ပြည်နယ်/တိုင်းဒေသကြီးဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်အတွက်ဝင်ပြိုင်ခိုင်းပါတယ်။ ပြည်ထောင်စုလွှတ်တော် မှာ အားထားရသူ တယောက်ဖြစ်နေတာမို့ ဘာလို့ ပြည်ထောင်စုအဆင့်မပြိုင်ခိုင်းပဲ တဆင့်နှိမ့် အောက်ဆင်းပြိုင်ခိုင်းလဲပေါ့ စဉ်းစားစရာဖြစ်လာပါတယ်။ ဒေသဆိုင်ရာ အစိုးရမှာ တာဝန်များပေးချင်လို့လားအစရှိသဖြင့် ခင်မင်သူတွေက တွေးကြတယ်။ ပြီးတော့လဲ စိုးရိမ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူပြိုင်ရမဲ့ နေရာဟာ သူနဲ့ လူမျိုးနွယ်စု မတူတဲ့အရပ်ဒေသဆိုတော့ local politics အရ ရှုံးသွားမှာကို စိုးရိမ်လို့ပါ။ ခုလည်း အများထင်တဲ့အတိုင်း သူရှုံးသွားပါတယ်။ သူရဲ့ တိုင်းရင်းသားဒေသအပါအဝင်တနိုင်ငံလုံး NLD နိုင်ပေမဲ့ သူမပါဘူး ဖြစ်သွားပါတယ်။ သူပြိုင်တဲ့နယ်မှာ ပါတီကြိုက်တဲ့သူတွေရဲ့မဲပဲရပြီး မျိုးနွယ်စုရဲ့မဲကိုသူမရရှိခဲ့တာက အဓိက ကျတဲ့ အကြောင်းရင်းပါ။
အလားတူပဲ ကျန်တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေ မဲမရတာဟာ တိုင်းရင်းသားတူပေမဲ့မျိုးနွယ်စုက ကွဲနေတော့ ရွာနားကဘုရား ရွာသားမကိုးကွယ်ဆိုသလိုပဲ ပိုပြီးအင်အားရှိတဲ့ ယုံကြည်စိတ်ရတဲ့ ခေါင်းဆောင်မှုရှိတဲ့ ပြည်မ NLD ပါတီကိုပဲ မဲဆန္ဒရှင်တွေရွေးချယ်ကြတာကလည်း အရေးပါတဲ့ အချက်တချက်များဖြစ်နေမလားတွေးမိတယ်။
Tribal politics ကလည်း မေ့ထားလို့မရတဲ့ အချက်တချက်ပါပဲ။
ဆရာဝင်းမျိုးသူ (၁၄.၁၁.၂၀၂၀)

0 Comments