“စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း အနေနဲ့ (TMSR) သုံးနှစ်တာ ERLIP စီမံကိန်း (၂၀၁၆ – ၂၀၁၉)ရဲ့ နောက်ဆုံးနှစ် စီမံကိန်းစက်ဝန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခု ကျင်းပတဲ့ အခန်းအနားက စီမံကိန်းမှာ ပါဝင်ခဲ့တဲ့ မြို့နယ်အဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံတို့ရဲ့ စီမံကိန်းဆိုင်ရာ သုံးသပ်ဆွေးနွေးခြင်းနဲ့ ဆုချီးမြှင့်ပွဲအခန်းအနားဖြစ်ပြီး၊ ဒီအခန်းအနားနဲ့အတူ ဒီစီမံကိန်းကို အောင်မြင်စွာ ပိတ်သိမ်းခြင်းလည်းဖြစ်ပါတယ်။ အခု စီမံကိန်းရဲ့ နောက်ဆုံး တတိယနှစ် စက်ဝန်းမှာ ကျေးရွာပေါင်း ၅၁ရွာမှာ အခြေခံအဆောက်အဦ လုပ်ငန်းခွဲပေါင်း ၅၃ခု အကောင်အထည်ဖော်နိုင်ခဲ့ပြီး အိမ်ထောင်စုပေါင်း ၈၅၆၉ အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အလားတူပဲ ကျေးရွာ ၃၃ရွာမှာ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အုပ်စုပေါင်း ၁၇၁ စုကို အကူအညီပေးနိုင်ခဲ့ပြီး၊ အိမ်ထောင်စုပေါင်း ၁၅၃၆ စု အကျိုးခံစားခွင့်ရရှိခဲ့ကြပါတယ်” ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း မှ National CDD Specialist ဦးမိုးဆမ်း ကပြောသည်။
အဆိုပါအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ရက် နံနက် ၈း၃၀ မှ ညနေ ၅း၀၀နာရီ အထိ မြို့နယ်အားကစားခန်းမ၊ ဘုတ်ပြင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျင်းပခဲ့ပြီး၊ ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စီမံကိန်းတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်လာခဲ့ကြရာ ကျား – ၁၁၇ ၊ မ – ၂၃၀၊ စုစုပေါင်း – ၃၄၇ဦးတို့ တက်ရောက်ခဲ့ကြသည်။ အခန်းအနားတွင် တတိယနှစ် စီမံကိန်းစက်ဝန်း အတွင်းလုပ်ဆောင်ခဲ့သော စီမံကိန်းလုပ်ငန်းခွဲများမှ ဆုရ ကျေးရွာများအားဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ယခုအခန်းအနားတွင် စီမံကိန်းကာလအတွင်းဆောက်လုပ်ခဲ့သော စာသင်ကျောင်းပေါင်း ( ၁၆) ကျောင်းကိုလည်း မြို့နယ်ပညာရေးဌာနသို့တရားဝင်လွှဲပြောင်းပေးအပ် နိုင်ခဲ့ပါသည်။
ယခုနှစ်စီမံကိန်းလုပ်ငန်းခွဲများကို အချိန်မီ အရည်အသွေးကောင်းမွန်အောင်လုပ်ဆောင် နိုင်ခဲ့ပြီး ကျေးရွာလူထုများမှ ပူးပေါင်းပါဝင်မှုမှာလည်း ယခင်နှစ်များထက်ပိုပြီးတိုးတက်လာ သည်ကိုတွေ့ခဲ့ရကြောင်း၊ စီမံကိန်းနောက်ဆုံးနှစ်ဖြစ်သည့် အားလျှော်စွာ ဆောက်ရွက်ထား ရှိသည့် စီမံကိန်းလုပ်ငန်းခွဲအားလုံးအား ကျေးရွာပြည်သူများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရေရှည် တည်တံ့စေမည့် အစီအစဉ်များအားလည်း စနစ်တကျ ရေးဆွဲဆောက်ရွက်လျှက် ကျေးရွာတိုင်းတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိနေကြောင်း၊ အရေးကြီးဆုံးအနေဖြင့် ယခုအခန်းအနားတွင်ပြုလုပ်သော အဖွဲ့ငယ်ဆွေးနွေးပွဲများမှ ရေရှည်တည်တံ့ခိုင်မြဲစေရေး အတွက် အလေ့အကျင့်ကောင်းများကို ဖော်ထုတ်နိုင်ခဲ့ပြီး အားလုံးလိုက်နာဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်းသတင်းရရှိသည်။


0 Comments