ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အတွေးအမြင်
ငြိမ်းချမ်းရေးဖြစ်စဉ် အလားအလာဘယ်လိုမြင်လဲလို့ ဒီနေ့မေးခံရတယ်။
ရွေးကောက်ပွဲရလဒ်နဲ့ တရုတ်အမေရိကန်ဆက်ဆံရေးအပေါ်မှာပဲမူတည်မယ်လို့ဖြေမိပါတယ်။
NLD မဲနိုင်ပြီးအစိုးရဖွဲ့နိုင်ခဲ့ရင်လည်း လက်ရှိကာချုပ်က ဘယ်လို အနေအထားရှိမလဲ ဆိုတဲ့ အမေးပေါ်လာပါတယ်။ သူက ကာချုပ်ရာထူးမှာပဲ ဆက်နေမဲ့ ဆန္ဒရှိနေရင် ဦးသိန်းစိန် လက်ထက်က လက်မှတ်ထိုး ပေးထားခဲ့တဲ့ ရာထူးခန့်ကာလသက်တမ်းကုန်တာမို့ နောက်တက်လာမဲ့ သမ္မတက လက်မှတ်ထိုးမှ တရားဝင် ဆက်ပြီး လက်ရှိရာထူးမှာ ဆက်လက်လုပ်နိုင်မယ်။ နောက်သမ္မတက လဲ လက်မှတ်မထိုး၊ လက်ရှိ ကာချုပ်ကလည်း ရာထူးကမဆင်းရင် တင်းမာမှုတွေဆက်ဖြစ်နေဦးမှာဖြစ်ပြီး အာဏာသိမ်းမှုတွေ မဖြစ်နိုင်ဘူးလို့လဲ ဘယ်သူမှ မပြောနိုင်ပါဘူး၊ တကယ်လို့သိမ်းမယ်ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲက တရားမျှတမှုမရှိလို့ဆိုပြီး အကြောင်းပြချက်ပေးကောင်းပေးနိုင်ပါတယ်။ ဒါကြောင့် လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲတွေ ပြည်တွင်းပြည်ပ က လက်ခံနိုင်အောင် ကျင်းပနိုင်ဖို့က အရေးကြီးမယ်ထင်ပါတယ်။
လက်ရှိထုတ်ပြန်ထားတဲ့ တပ်တွင်းစည်းမျဉ်းတွေအရ ကာချုပ်က ၆၅ နှစ်ထက်ကျော်ပြီး တာဝန်မထမ်းဆောင်ရဘူး ဆိုတာကို လိုက်နာရင်တော့ ကာချုပ်အသစ်တယောက်ကို လက်ရှိကာချုပ်ကအဆိုပြုပီး နေရာဖယ်ပေးရမှာပါ သူ့အနေနဲ့လည်း ဆန္ဒရှိရင်တော့ ဒုသမ္မတတော့အနည်းဆုံး ဆက်လုပ်နိုင်ပါလိမ့်မယ်။ နောက်လာမဲ့ ကာချုပ်က လည်း လက်ရှိတပ်မတော်ရဲ့ ရပ်တည်ချက်အတိုင်းပဲ ဆက်ရပ်တည်မယ်လို့ ခန့်မှန်းရတဲ့အတွက် အရပ်ဖက် စစ်ဖက်ဆက်ဆံရေးဟာ ရှေ့မတိုးနောက်မဆုတ်သာပဲရှိနေဦးမှာပါ။ ဒီတော့ NLD အဆိုပြုသမျှ ငြိမ်းချမ်းရေးဆိုင်ရာနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေဟာ ခုလိုပဲ သိပ်ချောမွေ့နေမယ်မထင်ပါဘူး။ လက်ရှိ ပြည်နယ်တွေအတွက် Constitution ဆိုတဲ့ ဝေါဟာရအပေါ်မှာတောင် သင့်တော်သဘောတူညီတဲ့ ဘာသာပြန်ချက် မရနိင်ပဲ အငြင်းပွားဆဲ ဖြစ်နေတော့ နောင်ငါးနှစ်မှာလည်း ဒီလိုပဲဝေါဟာရ တွေက မတက်နိုင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ NLD အတွက် ရွေးချယ်စရာက နှစ်ခုပဲရှိမယ်ထင်တယ်။ လက်ရှိသက်တမ်းမှာလို ရင်ကြားစေ့ရေးကို ရှေ့ရှုပြီး ထိပ်တိုက်မတွေ့ရေးကို ရှောင်ရှားပြီး တပ်မတော်က နားလည်လက်ခံနိုးနိုး သီးငြီးခံ ဆက်စောင့်စားမလား၊ ဒါမှမဟုတ် နဂို NLD လိုမျိုး လူထုပူးပေါင်းပါဝင်မှုနဲ့ နိုင်ငံရေးဖိအားပေးလို့ မပြောင်းလဲလိုတဲ့ အမာဂိုဏ်းတွေကို တစတစအားနည်းသွားအောင် ဆက်လက်တွန်းအားပေးမလား ဆိုတာ စဉ်းစားရပါမယ်။ လူကြွံဘော ဖမ်းကစားသလိုမျိုးပေါ့။ မှားရင်တော့လည်း ဂိုးပေးလိုက်ရမှာပေါ့။ တဖက်က စီးပွားရေးတိုးတက်အောင်လုပ်နိုင်ရင်တော့ နိုင်ငံရေးဖိအားပေးတဲ့ လမ်းစဉ်ဟာ တဖြေးဖြေးနဲ့ အရှိန်ရ ဓမ္မသမားတွေ အဓမ္မသမားတွေကို နိုင်ဖို့ အခြေအနေဆောင်ကျဉ်းလာပါလိမ့်မယ်။
ဘယ်ဟာကိုပဲရွေးချယ်ရွေးချယ် အချိန်တိုအတွင်း အားလုံးလက်ခံနိုင်မဲ့ နိုင်ငံရေး သဘောတူညီချက် ရဖို့က အတော်လေးခက်ခဲမယ်လို့ထင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အပစ်ခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားတဲ့ EAO တွေရော လက်မှတ်ရေးထိုးမထားတဲ့ EAO တွေ ဘာဆက်လုပ်မလဲ မေးခွန်းရှိလာပါတယ်။ သဘာဝ သယံဇာတတွေရှိလို့ ဝင်ငွေရပေါက်ရလမ်းရှိတဲ့ EAO တွေအနေနဲ့ကတော့ မိမိရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဆက်လက်ရပ်တည်ရေးကို ဆက်လုပ်နိုင်မယ်၊ ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုဆက်လက်စိုးမိုးတာ ချဲ့ထွင်နိုင်တဲ့ နေရာမှာ ချဲ့ထွင်တာတွေ လုပ်ကြမှာလို့ ထင်ပါတယ်။ တပ်နဲ့ ခုလိုပဲ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေလည်း နယ်မြေစိုးမိုးရေး အတွက် ကြိုကြားကြိုကြားဆက်ဖြစ်ကောင်းဖြစ်နေမှာပဲ ဖြစ်တယ်။ ဝင်ငွေနည်းပါးသွာတဲ့ EAO တွေအနေနဲ့ လူထုထောက်ခံမှုလည်းကျဆင်းသွားပြီး ဆက်လက်ရပ်တည်ရေး အကြီးအကျယ် ကြုံတွေ့ရမယ်ထင်ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး မှာ ပါဝင်ပတ်သက်မှု မရှိဘူးဆိုရင်တော့ ပိုပြီး ရပ်တည်ဖို့ခက်မယ်။ မူးယစ်ဆေးဝါးကုန်သွယ်ရေးနဲ့ ဆက်စပ်မိရင်လည်း နိုင်ငံရေးအရ အကြပ်အတည်းတွေ့မှာပါ။
အမေရိကန်နဲ့တရုတ်ဟာ ခုထက်ပိုပြီး မြန်မာပြည်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်လာရင်တော့ တချို့လက်နက်ကိုင်တွေ ကို တရုပ်က ပိုပြီး ထောက်ပံမှုတွေပိုလာနိုင်ပါတယ်။ ဒါဆိုရင် တချို့ EAO တွေက နယ်မြေချဲ့ထွင်ရေး တိုက်ပွဲတွေအထိဖန်တီးဖော်ဆောင်လာလိမ့်မယ်လို့ခန့်မှန်းပါတယ်။ ဝ လမ်းစဉ်ကို လိုက်ဖို့ အားလုံးက ကြိုးပမ်းကြမှာ မြေကြီးလက်ခတ်မလွဲပဲ ဖြစ်မှာပါ။
နိုင်ဖို့ အလားအလာများနေတဲ့ ဂျိုးဘိုင်ဒင် အမေရိကန်မှာ သမ္မတဖြစ်လာရင်တော့ မြန်မာပြည် မှာ တရုပ်ပြည်ကို ပေါ်ပေါ်ထင်ထင် ရင်ဆိုင်တာတွေ ဖြစ်နိုင်ခြေ နည်းမယ်ထင်ပါတယ်။
NLD အစိုးရမဖွဲ့နိုင်လို့ တခြားသူတွေ ဦးစီးတဲ့ အခြေအနေမှာတော့ ပြည်နယ်တွေ ကိုယ့်ဝန်ကြီးချုပ် ကိုယ်ခန့်ဆိုတာမျိုးလောက်နဲ့ ချွေးသိပ်ပြီး ဖက်ဒရာယ်စစ်စစ်ဖွဲ့နိုင်ရေးဟာ ဝေးကွာနေဦးမှာဖြစ်ပြီး ငြိမ်းချမ်းရေးက ဆက်ထစ်နေဦးမှာဖြစ်ပါတယ်။
ဒါကြောင့် နောင်ငါးနှစ်အတွင်းမှာလည်း အရပ်ဖက် စစ်ဖက်ဆက်ဆံရေး သိပ်မကောင်းနိုင်သေးတဲ့အခြေအနေအပေါ်မူတည်ပြီး ငြိမ်းချမ်းရေးဟာ မရေမရာဆက်ဖြစ်နေဦးမှာလို့ပဲမြင်မိပါတယ်။
Win Myo Thu

0 Comments