ရန်ကုန်တက္ကသိုလ် နှင့် စိမ်းလန်းအမိမြေတို့ ပူးပေါင်းကျင်းပသော “Science – Fighting against Wuhan Virus and Climate Change seminar” ရန်ကုန်တက္ကသိုလ် သိပ္ပံခန်းမ၌ ကျင်းပပြုလုပ်
လွန်ခဲ့သည့် ၂၀၁၉ နှစ်ကုန် ဒီဇင်ဘာလ လောက်က စတင်ထွက်ပေါ်လာခဲ့သော ပြင်းထန်သည့်အဆုတ်ရောင်ရောဂါတစ်မျိုးကြောင့် ကမ္ဘာတစ်ဝန်းလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ ဝူဟန် ဗိုင်းရပ်စ် ဟုလူသိများသော အဆိုပါ ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) သည် အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါကို ဖြစ်စေသော ကူးစက်တတ်သည့် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။
ယခုအချိန်ထိ တိကျသောကုသမှုမျိုး မရနိုင်သေးပါ။ ထို့ကြောင့် ရောဂါလက္ခဏာအပေါ် ထိန်းချုပ်သက်သာစေခြင်းကိုသာ အဓိကအလေးထား၍ ကုသလျှက်ရှိကြောင်းသိရသည်။ ရောဂါလက္ခဏာများတွင် ဖျားခြင်း(fever)၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း(fatigue)၊ ချောင်းခြောက်ဆိုးခြင်းများ(dry cough)နှင့် အသက်ရှုခက်ခဲခြင်း(shortness of breath)(သို့မဟုတ်) အဆုတ်ရောင်ရမ်းခြင်း(pneumonia)နှင့် ဆိုးဝါးသောအခြေအနေများ၌ ကျောက်ကပ်ပျက်ဆီးခြင်း(kidney failure)များပါဝင်သည်။
ကိုရိုနာဗိုင်းရပ်စ် ကို ၂၀၁၉ ဒီဇင်ဘာလလယ်ပိုင်း၌ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ထောက်လှမ်းသိရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဩစတေးလျ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်၊ ထိုင်းအပါအဝင် တစ်ခြားသောနိုင်ငံများနှင့် တရုတ်ပြည်မကြီး၏ အခြားခရိုင်များသို့လည်း နောက်ပိုင်း၌ ယင်းဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့ခဲ့ကြောင်း ကြားသိခဲ့ရသည်။ ဝူဟန် ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာများ၊ ဆောင်ရန်ရှောင်ရန်တို့ကို မြန်မာနိုင်ငံရှိ တက္ကသိုလ် ကျောင်းသားများအား အသိပညာဗဟုသုတ ဝေမျှရန်အလို့ဌာ စိမ်းလန်းအမိမြေအသင်းသည် ရန်ကုန်တက္ကသိုလ် ဓါတုဗေဒ ဌာနနှင့် ပူးပေါင်း၍ “Science-Fighting against Wuhan Virus and Climate Change seminar” ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် သိပ္ပံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဟောပြောဆွေးနွေးပွဲတွင် ရန်ကုန်တက္ကသိုလ်ဓါတုဗေဒ ဌာနမှ ပရော်ဖက်ဆာ ဒေါက်တာ ဒေါ်နီနီသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဉီးဝင်းမျိုးသူမှ Briefing of Climate Change Risk and Biosafety Concern နှင့် ဒေါက်တာဒေါ်နီတာနွယ်မှ Fighting against Wuhan Virus Epidemic or Novel Corona Virus and Biosafety Concern ဆိုင်ရာအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် စိမ်းလန်းအမိမြေ ဥက္ကဌ ဦးဝင်းမျိုးသူမှ မြန်မာနိုင်ငံတွင် Special Interest Group (SIG) for Monitoring PANDEMIC ဟုခေါ်သော ကူးစက်ရောဂါအထူးစောင့်ကြည့်ရေးအဖွဲ့ ကိုဖွဲ့စည်းသင့်ကြောင်း၊ ထိုအဖွဲ့တွင် နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်ရမည်ဖြစ်ပြီး၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ ဗိုင်းရပ်စ် ၏ ပြန့်ပွားပုံနှင့် လူတို့ပေါ်အကျိုးသက်ရောက်ပုံကို စောင့်ကြည့်မှတ်တမ်းတင်ခြင်းများ၊ ကူစက်ရောဂါပြန့်ပွားနိုင်မည့်နေရာများအား ကြိုတင်ကာကွယ်ရန် မြေပုံများရေးဆွဲထားခြင်း၊ သုတေသန ဆိုင်ရာ Facilities များအား အဆင့်မြှင့်တင်ခြင်း၊ သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ အများပြည်သူကို အစဉ်အမြဲအသိပေးခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထို့နောက် ရာသီဥတု ပြောင်းလဲခြင်းက ကျန်းမာရေးကို အကျိုးသက်ရောက်ပုံကို ရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သော ကူးဆက်ရောဂါများကြောင်းကို ဌက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေး၊ ဌက်တုတ်ကွေး ရောဂါပိုးပြန့်နှံ့ပုံကို ဥပမာပေးဤ ပြောကြားသွားခဲ့သည်။ ဆက်လက်၍ မိမိတို့အနေဖြင့် တစ်ခြားနိုင်ငံများနည်းတူ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရန် သုတေသနများစွာပြုလုပ်သင့်ကြောင်း၊ ဤသို့ ပြုလုပ်နိုင်ရန် ရန်ကုန်တက္ကသိုလ်မှ ဦးဆောင်၍ အကုန်ကျနည်းပါးစွာဖြင့် လုပ်ဆောင်နိုင်မည်ဟုထင်မြင်မိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါက်တာဒေါ်နီတာနွယ်မှ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားလာပုံ၊ လက်ရှိအခြေအနေများ၊ ရောဂါလက္ခနာများနှင့် ကာကွယ်ပုံတို့ကို ဝေမျှပြောကြားသည်။ ထို့နောက် Micro-organism နှင့် ဗိုင်းရပ်စ်များကြောင်း၊ RNA နှင့် DNA ကွဲပြားပုံ ကိုပြောကြားပြီး၊ ကိုရိုနာဗိုင်းရပ်စ်သည် လေထုထဲတွင် ၃ နာရီကြာအောင်အထိအသက်ရှင်သန်နိုင်ကြောင်း၊ ထို့နောက် အခဲပုံစံပြောင်းလဲသွားပြီး ဖုန်မှုန့်အသွင်ဖြင့်တည်ရှိနေနိုင်ကြောင်း၊တိရိစ္ဆာန်များမှ တစ်ဆင်းကူးဆက်ပြန့်ပွားနိုင်ကြောင်း၊ ထိုကြောင့် အပြင်ထွက်မည်ဆိုပါက N95 (သို့) FFP-1 grade ရှိသည့်မျက်နှာဖုံးများတပ်ဆင်သင်ကြောင်း၊ ကူးစက်ရောဂါ အဓိကပြန့်ပွားနိုင်မည့် စေျး၊ အများသုံးအိမ်သာများတွင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဦးစားပေးသင့်ကြောင်း၊ စသည့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို ပြောကြားသွားခဲ့သည်။
ဆွေးနွေးပွဲသို့ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဉီးဝင်းမျိုးသူနှင့် ဒေါက်တာဒေါ်နီတာနွယ်, Senior Scientist, ALARM Ecolab- Laboratory တို့မှ ဦးဆောင်ဆွေးနွေးသူအဖြစ်တက်ရောက်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် ဌာနအသီးသီးမှ စိတ်ပါဝင်သားသူ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများလည်းတက်ရောက်ခဲ့ကြောင်းသိရသည်။






0 Comments