ကိုဗစ်-၁၉ ကာကွယ်ဆေးဆီသို့ အပြေးအလွှား
ကာကွယ်ဆေး၏ ဖခင်ကြီး (သို့)Edward Jenner
၁၈ ရာစု နှောင်းပိုင်ကာလများတွင် အင်္ဂလန်နိုင်ငံသည် ကျောက်ကပ်ရောဂါဘေးနှင့် ရင်ဆိုင်နေရသော အချိန်ဖြစ်သည်။ အလျှင်အမြန်ပျံ့နှံ့နေသော ရောဂါကြောင့် ပြည်သူအများတုန်လှုက်ခြောက်ခြားနေကြသော အချိန်လည်းဖြစ်သည်။ ယနေ့ ကိုဗစ်-၁၉ ကာလကဲ့သို့ပင် ထိုအချိန်က ကျောက်ရောဂါသည် ကုသရန်ဆေးမရှိသလို ကာကွယ်ရန်လည်းဆေးမရှိသေးပေ။ ပို၍ဆိုးသည်မှာ ကိုဗစ်-၁၉ ထက်ပိုမိုကူးစက်လွယ်ပြီး ရောဂါဖြစ်သူ သုံးဦးတွင် တစ်ဦးသေဆုံးကြသည်။ အသက်ရှင်ကြန်ရစ်သူများတွင်လည်း ကျောက်ပေါက်မာများ ရုပ်ပျက်ဆင်းပျက်ထင်ကျန်ရစ်ခဲ့သည်။ စင်စစ် ထိုရောဂါသည် နှစ်ပေါင်းများစွာကတည်းက လူများနှင့် အတူရှိနေခဲ့သော ရောဂါဖြစ်သည်။ ဘီစီ ၁၁၇၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သော ပဥ္စမ မြောက် အီဂျစ်ဘုရင် ရမ်ဆီး၏ မံမီရုပ်အလောင်းတွင် ကျောက်ပေါက်မာများရှိနေခဲ့သည်။ ထိုရောဂါသည် နှစ်ပေါင်းများစွာ လူအများ၏ အသက်ကိုဖျက်ဆီးလာသည်မှာ ဒေါက်တာ Edward Jenner ဆရာဝန်မဖြစ်မီ အချိန်ထိဖြစ်သည်။
Edward Jennerသည် ဆေးပညာဘွဲ့ကို ရရှိခဲ့သည့် ၁၇၉၂ခုနှစ်မှ စတင်၍ ကျောက်ရောဂါကို သုတေသနကပြုခဲ့သည်။ တစ်နေ့တွင် နွားခြံအတွင်း အလုပ်လုပ်နေသော နို့ညစ်သည်မ တစ်ဦး၏စကားကို ကြားလိုက်မိသည်။ “ကျွန်မနွားကျောက်ပေါက်ပြီးပြီမို့ နောက်ထပ်ကျောက်မပေါက်နိုင်တော့ပါ”ဟူ၍ဖြစ်သည်။ အချိန်နှင်အမျှ ကျောက်ရောဂါအကြောင်းစဉ်းစားနေသော သူ၏ဦးနှောက်ကို ထိုစကားသံက ရိုက်ခတ်နှိုးဆော်လိုက်သည်။ သူသည် စမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့သည်။ ထိုစမ်းသပ်မှုမှာ နို့ညစ်သည်မလေး၏ လက်မောင်းတွင်ပေါက်နေသော နွားကျောက်အနာမှ ပြည်စအချို့ကိုယူ၍ ကလေးတစ်ဦး၏ အသားအတွင်းသို့ အပ်ဖြင့်ခြစ်ကာ ထည်သွင်းလိုက်သည်။ နှစ်လအကြာတွင် ထိုကလေးကို ကျောက်ရောဂါဖြစ်စေရန် ဖန်တီးလိုက်သည်။ သို့သော်ထိုကလေး၌ ကျောက်ရောဂါဖြစ်မလာပေ။ ဂျင်းနားသည် သူ၏သားအပါအဝင် နောက်ထပ်ကလေးရှစ်ဦးအပေါ်စမ်းသပ်ပြီး ၁၉၇၈ခုနှစ်တွင် သူ၏တွေ့ရှိချက်ကို ကြေငြာလိုက်သည်။ ထိုအချိန်မှစ၍ ကျောက်ရောဂါဖြစ်စေသော Variola Major ဗိုင်းရပ်စ်သည် ကမ္ဘာပေါ်မှ တစ်စနှင့် တစ်စ ပျောက်ကွယ်သွားသည်မှ ယနေ့အချိန်တွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့တွင် လုံခြုံစွာသိမ်းထားသော နမူနာတစ်ခုအဖြစ်သာ ကျန်ခဲ့သည်။ ရာစုနှစ်ထောင်ပေါင်းများစွာ ဒုက္ခပေးခဲ့သော Variola Major ဗိုင်းရပ်စ်သည် လူသား၏ ကြီးမားသော အသိဉာဏ် အောက်တွင် ချုပ်ငြိမ်းပြောက်ကွယ်သွားခဲ့တော့သည်။ Vaccination ဟု စတင်ခေါ်ဆိုခဲ့သော ထိုနည်းလမ်းသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်အပေါ်အခြေခံထားကြောင်း ဒေါက်တာ ဂျင်းနားအပါအဝင် ထိုအချိန်က ပညာရှင်များ မသိရှိကြသေးပေ။
ခန္ဓာကိုယ်၏ ခုခံအားစနစ်အပေါ်အခြေခံထားသော ကာကွယ်ဆေးများ
ကာကွယ်ဆေးများအားလုံးသည် ရောဂါအစိတ်အပိုင်းကို ဖယ်ရှားထားသော ရောဂါပိုးများဖြစ်ကြသည်။ ခန္ဓာကိုယ်အတွင်းသို့ရောက်သည်နှင့် ရောဂါကိုမဖြစ်စေဘဲ ကိုယ်ခံစွမ်းအားကို လှုံ့ဆော်ပေးနိုင်ပြီး ရောဂါကို ခံနိုင်ရည်ရှိအောင် ဖန်တီးပေးသည်။
ရိုးတွင်းခြင်ဆီသည် ရောဂါပိုးကို မှတ်သားထားနိုင်သော သွေးဖြူဥများဖြစ်သည့် B Lymphocytes နှင့်T Lymphocytes များတိုထုတ်ပေးသည်။ B Lymphocytes များသည် ဝင်လာသောရောဂါပိုး၏အစွမ်းကို ချေဖျက်နိုင်သော Antibodies များကို ထုတ်ပေးသော ဆလ်များဖြစ်သည်။ ထို Antibodies များသည် ရောဂါပိုးတစ်မျိုးအတွက် သီးခြားသတ်မှတ်ထားသော လက်နက်များဖြစ်ကြပြီး ထိုရောဂါပိုး ထပ်မံဝင်ရောက်လာခြင်းကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်သည်။ T Lymphocytes (Killer T Cell, Helper T Cell)များသည် ရောဂါပိုးကို ဝါးမျိုဖျက်ဆီးပစ်ကြပြီး တစ်ကြိမ်ဝင်ရောက်ခဲ့ဖူးသော ရောဂါပိုးကို မှတ်သားထားနိုင်စွမ်းရှိကြသည်။ ထပ်မံဝင်ရောက်လာပါက ပိုမိုလျှင်မြန်စွာ ဝါးမျိုဖျက်ဆီးနိုင်စွမ်းရှိကြသည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးထားသူများနှင့် ရောဂါဖြစ်ခဲ့ဖူးပြီး အောင်မြင်စွာ ခုခံနိုင်ခဲ့သူများသည်လျှင်မြန်စွာတုန့်ပြန်နိုင်သောB Lymphocytes နှင့်T Lymphocytes များရှိနေခြင်းကြောင့် ထိုရောဂါကို ခုခံနိုင်စွမ်းရှိလာကြသည်။
ထုတ်လုပ်ရန်ပြင်ဆင်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ
ကိုဗစ်-၁၉ရောဂါအတွက် ကာကွယ်ဆေးအမျိူးအစား ၅ မျိုးထုတ်လုပ်ရန်ပြင်ဆင်နေကြသည်။
ပထမ အမျိုးအစားမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ ဗီဇမော်လီကျူးများပါဝင်သော ကာကွယ်ဆေးဖြစ်သည်။ Genetic Vaccine ဟုခေါ်သည်။
ဒုတိယ အမျိုးအစားမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဗီဇ မော်လီကျူးများပါဝင်သော အခြား ဗိုင်းရပ်စ် များပါဝင်သော ကာကွယ်ဆေးဖြစ်သည်။ Viral Vector Vaccine ဟု ခေါ်ဆိုသည်။
တတိယအမျိူးအစားမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ ပရိုတင်းမော်လီကျူးများပါဝင်သော ကာကွယ်ဆေးဖြစ်သည်။ Protine-Based Vaccine ဖြစ်သည်။
စတုတ္ထအမျိုးအစားမှာ ရောဂါဖြစ်စေသော အစိတ်အပိုင်းကို ဖျက်ဆီးထားသော ဗိုင်းရပ်များပါဝင်သော ကာကွယ်ဆေးဖြစ်သည်။ Inactivated or Attenuated Corona Vaccine ဖြစ်သည်။
ပဥ္စမအမျိုးအစားမှာ အခြားရောဂါများအတွက်အသုံးပြုနေသာ ကာကွယ်ဆေးကို ကိုဗစ်-၁၉ အတွင် အသုံးပြုနိင်ခြင်းရှိမရှိစမ်းသပ် ေနခြင်းဖြစ်သည်။ Prepurposed Vaccine ဟုခေါ်သည်။
ခရီးရောက်မှုအခြေအနေ
ကာကွယ်ဆေးတစ်ခုထွက်ပေါ်လာရန် အဆင့် ၅ ဆင့်ကို ဖြတ်သန်းရသည်။
ပထမအဆင့် (Preclinical Testing) တွင် ဓါတ်ခွဲခန်း တိရိစ္ဆာန်များပေါ်တွင် ကိုယ်ခံအားစနစ် လှုံဆော်ပေးနိုင်ခြင်းရှိမရှိ စမ်းသပ်ရသည်။
ဒုတိယအဆင့် (Phase 1 Safety Trial)တွင် လူအနည်းငယ်ပေါ်တွင် အန္တရာယ်ကင်း၊ မကင်း၊ ကိုယ်ခံအားဖြစ်ပေါ်စေခြင်း ရှိ၊ မရှိ စမ်းသပ်ရသည်။
တတိယအဆင့် (Phase 2 Extended Trial)တွင် ရာနှင့်ချီသော အသက်အရွယ်အမျိုးမျိုး အမျိုးသား၊ အမျိုးသမီးတို့အပေါ်တွင် အန္တရာယ်ကင်း၊ မကင်း၊ ကိုယ်ခံအားဖြစ်ပေါ်စေခြင်း ရှိ၊ မရှိ ထပ်မံစမ်းသပ်ရသည်။
စတုတ္ထအဆင့် (Phase 3 Efficiency Trail)တွင်ထောင်နှင့်ချီသော လူများအတွင်း ကာကွယ်ဆေးရရှိသူများနှင့် မရရှိသူများအကြား ရောဂါခံနိုင်စွမ်းအတိုင်းအတာကို စမ်းသပ်ရသည်။ ကာကွယ်ဆေးရရှိသူများ၏ ၅၀ ရာခိုင်နှုန်းသည်ရောဂါကိုခုခံနိုင်စွမ်းရှိရမည်ဖြစ်သည်။
ပဥ္စမအဆင့်တွင် Approval အထက်ပါအဆင့်များ၏ အချက်အလက်များကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်၍ အသုံးပြုရန်သင့်တော်ခြင်းရှိမရှိ ဆုံးဖြတ်ခြင်းဖြစ်သည်။
အရေးကြီးသောကိုယ်ခံအား
အောက်ဖော်ပြပါဇယားအရ အပြီးတိုင်အတည်ပြုပြီးသောပဥ္စမအဆင့်ကို ဖြတ်သန်းခဲ့သောကာကွယ်ဆေးမရှိသေးသော်လည်း အမြန်ဆုံးခြောက်လနှင့် အများဆုံးတစ်နှစ် အတွင်းပေါ်ထွက်လာမည်ဟု မျှော်လင့်ထားကြပါသည်။ ကာကွယ်ဆေးထွက်ပေါ်မလာမီ မိမိကိုယ်ခံအားကို မိမိကိုယ်တိုင်တည်ဆောက်ယူရမည်ဖြစ်သည်။ စိတ်ဖိစီး မှုများကိုဖယ်ရှား၍ အာဟာရပြည့်ဝသော အစားအသောက်၊ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း၊ အိပ်ရေးဝဝအိပ် စက်ခြင်းများဖြင့် မိမိကိုယ်ခံအားကိုပြည့်ဝအောင်နေထိုင်ရင်း ထွက်ပေါ်လာမည့် ကာကွယ်ဆေးကို စောင့်မျှော်ကြပါစို့။
၂၈.၀၉.၂၀၂၀ ထုတ် ကြေးမုံ သတင်းစာမှ ထုတ်နှုတ်တင်ပြသည်။

0 Comments