Rivers, Streams & Our MotherEarth

မြစ်၊ ချောင်းများနှင့် ကျွန်ုပ်တို့နေထိုင်ရာ ဤမြေကမ္ဘာ

ကမ္ဘာမြေကြီးကို ကျောက်များဖြင့် အဓိကဖွဲ့စည်းထားပြီး မြေဆီလွှာသည် ကမ္ဘာ့အပေါ်ယံရှိ အလွှာပါး ကလေးမျှသာ ဖြစ်သည်။ ကျောက်များကို အမျိုးအစားခွဲခြားသတ်မှတ်ရာတွင် မီးသင့်ကျောက်၊ အနည်ကျ ကျောက်နှင့် အသွင်ပြောင်းကျောက်ဟူသည့် ကျောက်အုပ်စုကြီး (၃) မျိုးရှိသည့်အနက် အနည်ကျ ကျောက်များ ဖြစ်ပေါ်ရာတွင် ရာသီဥတုချေဖျက်တိုက်စားသယ်ဆောင်ပို့ချခြင်းဖြစ်စဉ်သည် အခြေခံကျသော ကြားခံဖြစ်စဉ်ကြီး ဖြစ်ပေသည်။
ပင်လယ်သမုဒ္ဒရာများအပါအဝင် မြစ်ချောင်းအင်းအိုင်များသည်လည်း နှစ်ပေါင်းများစွာကာလ အတွင်း အောက်ခံကျောက်အမျိုးအစားအမျိုးမျိုးပေါ်မူတည်၍ တိုက်စားသယ်ဆောင်ပို့ချခံရပြီး ပုံသဏ္ဍာန်အမျိုးမျိုးသို့ ဆင့်ကဲပြောင်းလဲကာ ဖြစ်ပေါ်ကြသည်။
ကမ္ဘာတွင် ၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစုအစောပိုင်းကာလမှစတင်ကာ စက်မှုတော်လှန်ရေး စတင်လာခဲ့ပြီး နိုင်ငံများအသီးသီးတွင် စက်မှုနိုင်ငံများ အပြိုင်အဆိုင်ထူထောင်လာခဲ့ကြသည်။ ခေတ်မီစက်မှု နည်းပညာများနှင့်အတူ လူနေမှုအဆင့်အတန်းလည်းမြင့်မားလာကာ လူဦးရေထူထပ်ပေါများလာပြီး မြို့ပြများ အသီးသီးပေါ်ထွန်းလာခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်တောသယံဇာတထုတ်ယူသုံးစွဲခြင်းလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ စသည့် ကဏ္ဍအသီးသီးတို့တွင် မြေအသုံးချမှုများ ချဲ့ထွင်လာကြခြင်းတို့ကြောင့် မြေဆီလွှာတိုက်စား သယ်ဆောင်ပို့ချခြင်း ဖြစ်စဉ်တို့မှာလည်း သဘာဝဘူမိဖြစ်စဉ်များထက် ပိုမိုမြန်ဆန်လာပြီး မြစ်ချောင်းများ တိမ်ကောလာကာ ရေချိုအရင်းအမြစ်များကို လျှော့နည်းဆုံးရှုံးလာရခြင်း၊ စိုက်ပျိုးမြေများရှား ပါးလာရခြင်း၊ ရေစီးလမ်းကြောင်းများပြောင်းလဲကာ မိုးတွင်းကာလ ရေများချိန်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး သဘာဝကပ်ဘေးတို့ကို ပိုမိုကြုံတွေ့ခံစားလာရခြင်း၊ မြစ်ချောင်းအင်းအိုင်တို့တွင် နှုန်းအနည် အနှစ်များ ပို့ချမှုကြောင့် ရေထုညစ်ညမ်းမှုများဖြစ်ပေါ်ကာ ရေချိုအရည်အသွေးများ ကျဆင်းလာခြင်း စသည်တို့ ကို တစ်နှစ်ထက်တစ်နှစ် လွန်ကဲဆိုးရွာစွာ ကြုံတွေ့လာနေရသည်။
သံလွင်မြစ်သည် တိဘက်ကုန်းမြင့်မှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မြန်မာနိုင်ငံ၏အရှေ့ဘက် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ထိုင်းနှင့် နှင့် မွန်ပြည်နယ်တို့ကိုဖြတ်သန်းကာ ကပ္ပလီပင်လယ်ထဲ သို့ စီးဝင်နေသည့် အရှေ့တောင်အာရှတွင်အရှည်လျားဆုံးသော မြစ်တစ်စင်းဖြစ်သည်။ ကံမကောင်းစွာဖြင့်ပင် “FAO – AQUASTAT, 2011” Survey အရ သံလွင်မြစ်သည် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်ကြီး (၁၀) ခု စာရင်းတွင် ပါဝင်ခဲ့သည်။ သန့်မြန်မာအဖွဲ့(Thant Myanmar)နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့်သဘာ၀ အပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI)တို့၏ ၂၀၁၈ ခုနှစ်တွင် သုတေသနပြုထုတ်ပြန်ချက်အရ ကမ္ဘာ့ညစ်ညမ်းဆုံးမြစ်များထဲ၌ ဧရာဝတီမြစ်မှာ နံပါတ် ၉ အဆင့်သို့ ရောက်ရှိနေခဲ့သည်ဟု ဆိုသည်။ အခြားတစ်ဘက်တွင်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် မိုးခေါင်ခြင်း၊ ကောင်းမွန်သန့်ရှင်းသည့် ရေချိုများရှားပါးလာခြင်းတို့မှာလည်း ကမ္ဘာတစ်ဝန်း ကြုံတွေ့ခံစားလာနေကြရသည့် ပြဿနာကြီးတစ်ခု ဖြစ်လာပေသည်။
ဘူမိသိပ္ပံပညာရပ်ကို လေ့လာကြသော ပညာရှင်များက ဆိုစမှတ်ပြုကြလေ့ရှိသည့် စကားတစ်ခုမှာ “The present is Key to the past” ဟူ၍ဖြစ်သည်။ “ပစ္စုပ္ပုန်သည် အတိတ်၏ သော့ချက်” ဖြစ်သည်ဟု ရိုးရိုးသာ ဘာသာပြန်လိုပါသည်။ လက်ရှိပစ္စုပ္ပန်ကာလတွင် တွေ့ရသော ကမ္ဘာမြေကြီး၏ သွင်ပြင်လက္ခဏာများကို လေ့လာခြင်းဖြင့် အတိတ်နှစ်သန်းပေါင်းများစွာကာလမှ ယနေ့အချိန်သို့ ကမ္ဘာ့မြေကြီး၏ ဘူမိရုပ်သွင်အနေ အထားများသည် မည့်သို့မည်ပုံ ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာခဲ့ပုံကို ပြောပြနိုင်သည့် သဘောဖြစ်သည်။ အလားတူပင် ယခုလက်ရှိပြောင်းလဲဖြစ်ပေါ်နေသည့် ရာသီဥတုချေဖျက်တိုက်စားသယ်ဆောင်ပို့ချမှုဖြစ်စဉ်များ အရ အနာဂါတ်တွင်လည်း ကျွန်ုပ်တို့၏ မှီတင်းနေထိုင်ရာ သဘာဝဝန်းကျင်ကြီးသည် မည့်သို့မည်ပုံ ပြောင်းလဲ ဖြစ်တည်မှုများရှိလာနိုင်ပြီး လူသားများ၏ ရှင်သန်ရပ်တည်ရေးကိုပါ မည်မျှအထိ ထိခိုက်လာနိုင်မည်ကို ခန့်မှန်းသုံးသပ်၍ရနိုင်ပါသည်။
ထို့ကြောင့် လွန်ခဲ့သော ရာစုနှစ်များကမှ စတင်၍ လွဲမှားခဲ့သော မြေအသုံးချမှုစနစ်များအား ပြုပြင် ပြောင်းလဲပြီး မြေဆီလွှာတိုက်စားမှုကို လျှော့ချကာကွယ်နိုင်မှသာလှျင် အနာဂါတ်တွင် ကျွန်ုပ်တို့နေထိုင်ရာ ဤမြေကမ္ဘာကြီးသည် အခြေအနေမပျက် ဆက်လက်တည်တံ့ကာ နောင်လာမည့် မိမိတို့၏ သားသမီးမျိုးဆက် အထိတိုင်အောင် ကောင်းမွန်လှပသည့်အနာဂါတ်ကို လက်ဆင့်ကမ်း အမွှေပေးနိုင်ကြမည်ဖြစ်ပေသည်။

ဇော်မင်းထွန်း(ALARM’s Hydrogeology & GIS Technician)
29.05.2020

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *