Regional Development Planning

#မြို့ပြအိမ်မက်
မနေ့က ဂျပန်ကကျောင်းနေဖက်သူငယ်ချင်းက ဖုန်းဆက်ပါတယ်။ လူတို့ဖန်တီးထားတဲ့ ပတ်ဝန်းကျင် Build Environment အကြောင်း Webinar လုပ်ရအောင်လို့ဆိုလာပါတယ်။ ငါကကျေးလက်တွေအကြောင်းပဲလေ့လာတာ မင်းတို့ခေါင်းစဉ်က မြို့ပြတွေအကြောင်းပဲ အလေးသာနေလို့ ငါမပါတော့ဘူးကွာဆိုပြီး သူ့ကိုပြန်စမိပါသေးတယ်။
ပြီးတော့သူပို့ပေးတဲ့ စာဖတ်ကြည့်ပြီးတဲ့နောက်မှာ အတော်ကလေးကိုအတွေးပွားစေပါတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ကျေးလက်ကလူတွေမြို့ပြကို ပြောင်းရွှေ့တဲ့နှုန်းပိုများလာပြီး မြို့ပြတွေဟာလူဦးရေထူထပ်လာပြီး ပြဿနာပေါင်းမျိုးစုံအောင်ကြုံတွေ့လာကြရပါတယ်။ ဒါကြောင့် ကျေးလက်မှာ လူတွေဆက်လက်နေထိုင် ရပ်တည်ရှင်သန်နိုင်အောင်လုပ်ပြီး ရွှေ့ပြောင်းနေထိုင်မှုနှန်းကျဆင်းသွားအောင် လုပ်ရမဲ့ အပိုင်းရယ် တိုးပွားလာမဲ့လူဦးရေတွေအတွက် ကြိုတင်ပြင်ဆင်ရမဲ့ မြို့ပြစီမံခန့်ခွဲအပိုင်းရယ်ဆိုပြီး လုပ်ငန်းရပ်ကြီးနှစ်ပိုင်းမြင်မိပါတယ်။
2014 သန်းကောင်စာရင်းအရ လူဦးရေသန်း၅၀ မှာ ကျေးလက်နေလူဦးရေက ၃၅ သန်းရှိပြီးစုစုပေါင်းရဲ့ ၇၀% ရှိပါတယ်။ ဒါက ထိုင်းနိုင်ငံမှာသွားပြီးနေထိုင်အလုပ်လုပ်တဲ့သူတွေမပါပါဘူး။ ပြည်ပမှာ အလုပ်လုပ်နေထိုင်သူ ၂ သန်းကျော်လို့ အစိုးရက ဆိုသော်လည်း IOM ရဲ့ စာရင်းဇယားတွေအရ ၃သန်းကျော်ရှိနေပါတယ်၊ မလေးရှား၊ နဲ့ကျန်အခြားနိုင်ငံတွေက မြန်မာနိုင်ငံသားတွေပေါင်းလိုက်ရင် သန်းကောင်စာရင်းထဲမပါတဲ့ ရွှေ့ပြောင်းဦးရေဟာ ၄ သန်းလောက် အနည်းဆုံးရှိနိုင်ပြီး အများစုက ကျေးလက်ကလူတွေလို့ဆိုနိုင်ပါတယ်။
လက်ရှိလူဦးရေတိုးနှုန်းက တစ်နှစ် ၁.၄% ရှိပြီး ၂၀၃၄ မှာ လူဦးရေ ၆၇ သန်းရှိလာမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ အတွင်း ၁၉၉၄ မှ၂၀၁၄ ကာလအထိ ကျေးလက်မှ မြို့ပြရွှေ့ပြောင်းနှုန်းဟာ ၄% လောက်ရှိပါတယ်။ သို့သော် ရာသီဥတုပြောင်းလဲလာမှု၊ ပတ်ဝန်းကျင် အရည်အသွေးညံဖျင်း လာမှုတွေကြောင့် ၂၀၁၄ မှ ၂၀၃၄ နောင်နှစ်နှစ်ဆယ်ကာလအတွင်း ၅% – ၁၀% လောက် ကျေးလက်မှရွှေ့ပြောင်းနေထိုင်လာမယ်လို့ယူဆရင် လူဦးရေ သုံးသန်းမှ ခုနှစ်သန်းလောက် မြို့ပြတွေကို ပြောင်းရွှေ့လာမဲ့အခြေအနေရှိပါတယ်။
လက်ရှိမြန်မာပြည်မှာ လူဦးရေ တစ်သိန်းကျော်တဲ့မြို့ကြီးပေါင်း ၁၄ မြို့ရှိပါတယ်။ ၁၉၉၃ခုနှစ် က နှင့်ယှဉ်ရင် ရန်ကုန်ဟာ ၅၄% မန္တလေးက ၄၉% တောင်ကြီးက ၁၃၁% မြစ်ကြီးနားက ၁၅၃% လူဦးရေတိုးပါတယ်၊၊ ကျေးလက်က ပြောင်းရွှေ့လာမည့်သူမပါပဲကို ရန်ကုန်ဟာ ၂၀၃၄ မှာ လူဦးရေ ၁.၇သန်း မန္တလေးဟာ ၄ သိန်း တိုးလာနိုင်ပါတယ်။ ဒါကိုပေါင်းထည့်လိုက်ရင် ရန်ကုန်ဟာ ၆.၇ သန်းနှင့် မန္တလေးဟာ ၁.၇ သန်းအသီးသီးဖြစ်လာနိုင်ပါတယ်။ ဒီနေရာမှာ တခြားမြို့ငယ်တွေကနေ ပြောင်းရွှေ့လာဦးမဲ့ လူဦးရေရယ် ကျေးလက်က ပြောင်းရွှေ့လာဖွယ်ရာရှိတဲ့ ၃ သန်းမှ ၇ သန်းလောက်ရှိတဲ့ လူတွေရယ်တွေဟာ ဒီမြို့ကြီးနှစ်မြို့ကိုပဲ ပြုံတိုးကြမှာလားဆိုတဲ့ မေးခွန်းရှိလာပါတယ်။ ဒါကြောင့်ခြုံငုံပြီးအကြမ်းဖျဉ်းခန့်မှန်းရရင် နောင် ၁၄ နှစ် အတွင်း တိုးပွားလာမဲ့ မြို့ပြလူဦးရေ ၁၀ သန်း အတွက် ရန်ကုန်၊ မန္တလေးက ပြင်ဆင်ထားပြီးပြီလား စဉ်းစားစရာလိုလာပါတယ်။
ဖွံ့ဖြိုးရေးဘောဂဗေဒ development economic မှာ Urban bias တို့ growth polarization တို့ရှိပါတယ်။ ဆိုလိုတာက မြို့ကြီးပြကြီးတွေကိုပဲ နိုင်ငံရေးအရ အလေးထားပြီး ဖွံ့ဖြိုးရေးတွန်းလုပ်၊ ဘတ်ဂျက်တွေပိုခွဲဝေပေးနေလို့ လူမှုစီးပွားအခြေအနေ တဖက်စောင်းငန်း လေဖြန်းသလို ဖြစ်ခြင်းကို ရည်ညွှန်းတာပါ။ ထ်ုင်းနိုင်ငံမှာ ဘန်ကောက်တမြို့တည်း လူတွေစုပြုံပြီး ရွှေ့ပြောင်းနေထိုင်တဲ့အတွက် ပြဿနာပေါင်းစုံနဲ့ ဖြေရှင်းလို့မနိုင်တဲ့ အခက်အခဲတွေကြုံတွေ့ရပြီး တခြားဒေသတွေပါ ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်ကြိုးပမ်းပြီး ဘန်ကောက်လူဦးရေ ပေါက်ကွဲမှု မဖြစ်အောင် လုပ်ဆောင်နေရပါတယ်။
ဒီသင်ခန်းစာကို နမူနာယူပြီး မြန်မာပြည်က လည်း ကျေးလက် မြို့ပြ လူဦးရေထိန်းညှိုတဲ့ လုပ်ငန်းစဉ်တွေ အကောင်ထည်ဖော်ဆောင်ရွက်သင့်ပါတယ်။ နောင်၁၄ နှစ်အတွင်းတိုးပွားလာမဲ့ လူဦးရေ ၁၀ သန်းကို ဘယ်လိုဖြန့်ကျက် နေထိုင်သွားအောင်လုပ်ဆောင်မလဲဆိုတာ အလွန်အရေးကြီးပါတယ်။ ရန်ကုန် မန္တလေးဟာ ရေ ရရှိရေးအတွက် အတော်ခက်ခဲလာတဲ့ အနေအထားမှာရှိပြီး ယာဉ်ပိတ်ဆို့မှုဟာ တစ်စထက်တစ်စ ပိုဆိုးဝါးလာနေပါတယ်။ ဒါကြောင့် ရန်ကုန်ဟာ လူဦးရေ ၈သန်း မန္တလေးဟာ ၂ သန်း ထက် မကျော်သင့်တော့ပါဘူး။ ဒီထက်ကျော်သွားရင် ရေမြေသဘာဝက ထမ်းဆောင်နိုင်တဲ့ဝန် carrying capacity ကျော်လွန်သွားတော့မှာ ဖြစ်တဲ့ အတွက် ခုကတည်းက ကြိုတင်ပြင်ဆင်သင့်ပါပြီ။
## ဒီတော့ ကျေးလက်ကနေ ရွှေ့ပြောင်းနေထိုင်မည့်သူ ၃သန်းမှ ၇ သန်းလောက်ရှိမဲ့ လူဦးရေ တွေအတွက် စဉ်းစားကြည့်ရအောင်
ရန်ကုန်မြို့ကတော့ မြို့သစ်စီမံကိန်းအနေနဲ့ လှိုင်မြစ်တဖက်ကမ်းမှာ အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေပြီး လူဦးရေ ၂ သန်းလောက် မှီခိုနေထိုင်နိုင်လိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီမြို့ဟာ တရုတ်တွေ မြေဦး၊ မောင်ပိုင်စီးထားမဲ့ မြို့ဖြစ်လေတော့ ကျေးလက်က မြို့မှာ အလုပ်ရလေမလားဆိုပြီးတက်လာသူတွေ က ငွေကြေးမတတ်နိုင်လောက်ပါ။ ဒီတော့ လှိုင်သာယာ၊ ထန်းတပင်၊ မအူပင်သွား လမ်းတလျှောက်က လယ်ကွင်းတွေ မြေကွက်ရိုက်ပြီး တရားမဝင်ရောင်းထားတဲ့အကွက်တွေမှာ ဆောက်တဲ့ ဘော်ဒါဆောင်တွေမှာ ဖြစ်သလိုနေရမဲ့ ကျူးကျော်လူတန်းစား တွေ အလွန်အမင်းတိုးပွားလာ မဲ့သဘောပါပဲ။
မန္တလေးက ရတနာပုံမြို့သစ်ချဲ့နေတာ၊ မြို့သာ စက်မှုဇုံ တည်ဆောက်နေတာတွေကြားရပါတယ်။ ကျေးလက်ဆင်းရဲသား တသန်းအတွက်နားခိုစရာတွေများ ဖြစ်လာနိုင်မလား။
တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များကတော့ စက်မှုဇုံတို့ အိမ်ယာစီမံကိန်းတို့ဆိုရင် ဝမ်းမြောက်ဝမ်းသာနဲ့ ခွင့်ပြုချက်တွေ လက်မှတ်ထိုးပေးဖို့ လွန်စွာ အားထည့်ကျတာသတိပြုမိပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ပါလာတဲ့ မြို့ပြ ကျူးကျော်သူတွေအတွက် ဘယ်လိုများစဉ်းစားထားသလဲကတော့ ပေဋ္ဌဟိ ပုစ္ဆာတပုဒ်လိုပါပဲ။ Growth with redistribution ကို ထည့်မစဉ်းစား တဲ့ ဒီစီမံကိန်းတွေဟာ ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်နိုင်သလို ဖြစ်နေပါတယ်။
ဒီပြဿနာတွေရဲ့ အဖြေက Regional development planning ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေဖြစ်ပြီး နောင် လူဦးရေ သုံးသန်းလောက် ဖြန့်ကျက် နေထိုင် အလုပ်လုပ်ကိုင် နိုင်ဖို့ လျာထားဆောင်ရွက်သင့်ပါတယ်။
၁။ မြစ်ကြီးနားဝိုင်းမော် ဖွံ့ဖြိုးရေးဇုံ
၂။ ကလေး ဖွံ့ဖြိုးရေးဇုံ
၃။ လွိုင်လင်ဖွံ့ဖြိုးရေးဇုံ
၄။ တန့်ယန်းဖွံ့ဖြိုးရေဇုံ
၅။ ဟဲဟိုးလွင်ပြင်ဖွံ့ဖြိုးရေးဇုံ
၆။ လွိုင်ကော် ဖယ်ခုံ ဖွံ့ဖြိုးရေးဇုံ
၇။ မြဝတီဖွံ့ဖြိုးရေးဇုံ
၈။ ရေးဖွံ့ဖြိုးရေးဇုံ
၉။ ထားဝယ်ဖွံ့ဖြိုးရေးဇုံ
၁၀။ နေပြည်တော်ဖွံ့ဖြိုးရေးဇုံ
၁၁။ ငပုတောငရုတ်ကောင်း ဖွံ့ဖြိုးရေးဇုံ
၁၂။ လေးမျက်နှာ သာပေါင်းဖွံဖြိုးရေးဇုံ
၁၃။ ဂွ ဖွံ့ဖြိုးရေးဇုံ
၁၄။မြောက်ဦးကျောက်တော်ဖွံ့ဖြိုးရေးဇုံ
၁၅။ ကျောက်ဖြူဖွံ့ဖြိုးရေးဇုံ
အစရှိသဖြင့် ဆယ်နှစ်စီမံကိန်းချ လုပ်ဆောင်သင့် တယ်လို့ မြင်မိပါတယ်။
ဆရာဝင်းမျိုးသူ (၀၁.၁၂.၂၀၂၀)

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *