How to prevent Forest Fire

တောမီး ဘယ်လိုကာကွယ်မလဲ

Environmental security ပတ်ဝန်းကျင်ဆိုင်ရာလုံခြုံရေး ပြော ရင် တောမီးက မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါတယ်။ လူအသက်အိုးအိမ် စည်းစိမ်သာမက၊ နိုင်ငံ လုံခြုံရေး ကိုပါ ခြိမ်းခြောက်နိုင်တဲ့ အထိ အန္တရာယ်များလို့ပါ။ မြန်မာပြည်မြောက်ဖျား ထင်းရှုးတောတွေမီးလောင်တော့ တရုတ်နိုင်ငံက ဒုံးကျည်တွေပစ်ပြီး မီးငြိမ်းရတယ်။ မြန်မာပြည်က သိတောင်မသိလိုက်ပါဘူး။ မြန်မာပြည်ရှမ်းပြည် မှာ တောမီးလောင်တော့ ထိုင်းနိုင်ငံဖက်ခြမ်း လေကြောင်းသွားလာရေး အနှောက်အယှက်တွေ ဖြစ်ပြီး လေယာဉ် ကွင်း ခေတ္တခဏပိတ်ရတာတွေရှိပါတယ်။ အရှေ့တောင်အာရှမှာ ခြောက်သွေ့ရာသီ တောမီးလောင်ကျွမ်းမှု အကြိမ် ၅၀၀၀၀ လောက် ဂြိုလ်တုဓာတ်ပုံတွေအရ စုံစမ်းလေ့လာတွေ့ရှိရင် မြန်မာပြည်မှာက ၂၀၀၀၀ ကျော်လောက် ဖြစ်ပွားပါတာကို တွေ့ရတယ်။ သစ်တော သမားတွေ က တောမီးလောင်ရင် ကျွန်းတောတွေ ပိုတောင်ကောင်းသေးဆိုပြီးပြောလေ့ရှိပါတယ်၊ ဒါပေမဲ့ ဒါဟာ တခုခု တော့ မှားယွင်းနေသလို ခံစားရပါတယ်။ Forest Fire Ecology လို့ခေါ်တဲ့ တောမီးကြောင့် သစ်တောဂေဟ စနစ် ဆက်နွယ်ပုံကို သေသေချာချာ လေ့လာ ပြီး ပြန်လည်သုံးသပ်သင့်တယ်လို့ထင်ပါတယ်။

ဩစတြေလျ တောမီးတွေလောင်နေတာတွေတွေ့ရတော့ တောမီးငြိမ်းသတ်တဲ့သင်တန်း ဝန်ထမ်းဘဝတုံးကတက်ခဲ့ရတာ သွားသတိရမိတယ်။ အခြေခံအားဖြင့် တောမီးက

(၁) Crown fire ပင်ဖျားရွက်အုပ်မီး
(၂) Bush fire မြေ ရှပ်မီး
(၃) Ground fire မြေအောင်းမီး

ဆိုပြီးသုံးမျိုးခွဲခြားနိုင်တယ်။ ပင်ဖျားမီး ကတော့ အပင်ရွက်အုပ်တွေ တခုကနေတခု ကူးစက်လောင်ကျွမ်းတာဖြစ်ပြီး ပမာဏ နဲ့ ပျက်ဆီးမှု ကြီးမားပါတယ်။ လက်ရှိ ဩစတြေလျမှာ ကူးစက်မှု လျှင်မြန်စွာနဲ့ ဖြစ်နေတဲ့ မီးမျိုးပါ၊

ခြုံမီး၊မြေလျှောက်မီးကတော့ မြေအပေါ်ယံ ရှပ်ပြီး ခြုံတွေ မြက်တွေ လောင်ကျွမ်းတဲ့မီးမျိုးပါ၊ သစ်ပင်တွေရဲ့ အခြေတွေကို လောင်ကျွမ်းရာကနေ ပင်စည်အခေါက်တွေပါ ကူးစက်သွားပြီး အပင်ရဲ့ ရွက်အုပ်အထိပါ ကူးစက်သွားကာ ပင်ဖျားမီး ဖြစ်သွားတတ်ပါတယ်။

Ground fire ကတွေ မြေအောင်းမီး လို့ဆိုမှာဖြစ်ပြီး သစ်တောထဲက မြေကြီးတွင်းတွေ ဥပမာ ကြွက်တွင်း လို ဟာမျိုးတွေမှာ စတင်လောင်ကျွမ်းပြီး အပင်အမြစ်တွေ လောင်ကျွမ်း ကူးစက်ပြန့်နှံ့တာမျိုးဖြစ်ပါတယ်။ ဒီမီးမျိုးက လောင်ကျွမ်းစ က မသိသာပဲ မီးခိုးတွေတောက်လျှောက်အူလာမှသာသိနိုင်ပါတယ်။ မြေအောင်း ကနေ မြေလျှောက်မီး အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ ဒီမီးက ငြိမ်းသတ်ဖို့ အတော်ခက်ပါတယ်။

မီးဘေးရှောင်မလောင်ခင်တား ဆိုသလိုပဲ မီးမလောင်ခင်ကတည်းက ကြိုတင်ကာကွယ်တားဆီး တာ က အကောင်းဆုံးပါ။ မီးလောင်ပြီးမှ လိုက်ငြိမ်းသတ်ရတာ မလွယ်ပါ။ မီးလောင်တတ်တဲ့နေရာတွေမှာ မီးတားလမ်းဆိုပြီး မြေပေါ်မှာ မီးလောင်ဖို့ လောင်စာမရှိအောင် အပင်တွေ မြက်တွေ အပြောင်ရှင်းလင်းထားရပါတယ်။ တောမီးအဖြစ်များတာက ခြုံမီး၊ မြေလျောက်မီး ဖြစ်လို့ အကယ်လို့ စပြီးလောင်ကျွမ်းရင်တောင်မှ မီးတားလမ်းဖောက်ထားတဲ့ အကွက်ထဲမှာပဲ လောင်စာ ကုန်ပြီး ငြိမ်းသွားအောင် ကျန်တဲ့နေရာတွေ ကူးမသွားအောင် စီမံခန့်ခွဲတာပဲဖြစ်ပါတယ်။

မီးတားလမ်း ဖောက်ထားတဲ့ အကွက်ထဲမှာ လောင်စာတွေများနေရင် မီးက ခေါင်ဖျားရွက်အုပ်မီး အဖြစ်ကူးစက်သွားနိုင်တာမို့ အမေရိကား ကာလီဖိုနီးယားမှာတော့ လေယာဉ်ပေါ်ကနေ မီးသီးဗုံးတွေ ပစ်ကျဲပြီး လောင်စာတွေကို ကြို လျှို့လေ့ရှိပါတယ်။ Prescribed burning လို့ခေါ်ပါတယ်။ ဒီလိုလုပ်ဖို့ကတော့ forest fire ecology ကို သေသေချာချာသိဖို့တော့လိုပါတယ်။ မလုပ်တတ်ရင် သူက ပို မီးလောင်တတ်ပါတယ်။

မီးတားလမ်းဖောက်ထားသလို လောင်စာတွေကြိုလျှို့ထားတောင်မှ တောမီးက ထလောင်တဲ့ အခါ ချက်ခြင်းသိနိုင်အောင် ကြို တင်အသိပေးစနစ် early warning system ထူထောင်ထားဖို့လိုပါတယ်။ ဒီစနစ်အရ မီး စလောင်မှန်းသိရင် ချက်ခြင်း မီးသတ် တပ်ဖွဲ့ ကို စေလွှတ် ပြီး မီးသေးရင် လောင်ကျွမ်းနေရာမှာတင် မီးသေသွားအောင် ငြိမ်းသတ်ရပါမယ်။ ငြိမ်းသတ် စဉ်မှာပဲ မီးက ပြန့်ပွားနိုင်တာမို့ ကျန်တဲ့ အကွက်တွေ ကို မကူးစက်နိုင်အောင် လိုက်လုပ်တဲ့ အဖွဲ့ ကလုပ်ရပါတယ်။ မီးတားလမ်း အပြင်ဖက်ကို ကျော်ပြီး ကူးစက်လာနိုင်တဲ့ မီးလေမီးလွင့် spot fire ကို နိုင်အောင် လိုက်သတ်ရပါတယ်။ သူ့ကို မနိုင်ရင် မီးသတ်နေတဲ့သူတွေ မီးဝိုင်းတာကို ခံရပြီး ပြေးပေါက်မရှိတော့တာ ဖြစ်နိုင်ပါတယ်။

Spot fire မီးသတ်တပ်ဖွဲ့ ကို သီးခြား ဖွဲ့စည်းတာဝန် ပေးရသလို ကျန်အခြား တပ်ဖွဲ့တွေက လည်း ပင်မ မီးလောင်နေတဲ့ နေရာက နေ အရေးကြီးတဲ့ နေရာတွေ ကူးစက်မလောင်ကျွမ်းအောင် အရေးပေါ် မီးတားလမ်းဖောက်တာတွေ လှန့်မီး control burnnigတွေ လျှို့ ကာ မီးလမ်းကြောင်းပြောင်းအောင်လုပ်ရပါတယ်။

မီးအကြီးအကျယ်လောင်တဲ့ အခါ ရေနဲ့ ငြိမ်းသတ်လို့မရပါ ဓာတုဗေဒ မီးသတ်ဆေးရည်တွေ၊ အမှုန့်တွေ လိုပါတယ်။ ယဉ်ယန္တရား လေယာဉ်ပျံ အစရှိသဖြင့် စက်တပ်အင်အားလိုပါတယ်။ အပူချိန်အမြင့်ကို ခံနိုင်တဲ့ မီးသတ်ဝတ်စုံတွေ ကျွမ်းကျင်ဝန်ထမ်းတွေ အများအပြား လိုပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ တိုင်းပြည် တွေမှာ တောမီး တကယ်လောင်ရင် ထိရောက်စွာ ငြိမ်းသတ်နိုင်စွမ်း အားမရှိပါဘူး၊

အလွန်ဆုံး လုပ်နိုင်လျှင် မီးတားလမ်းလောက်သာ ဖောက်နိုင်တာပါ။ ဒါတောင်မှ မီးတားလမ်း ဘတ်ဂျက်ဟာ လူကြီး ခရီးစဉ် ဧည့်ခံတာ တို့ လူကြီးသမီး မင်္ဂလာဆောင် တို့ အတွက် ကုန်သွားတာ များပါတယ်။ တခုကံကောင်း နေတာက တောထဲမှာ နွေရာသီခြောက်သွေ့ချိန် အားလုံး ခြောက်သွေ့သွားတာမဟုတ်ပဲ အပင်စို အပင်ခြောက်ရောနေတာမို့ မီးက မပြန့်ပွား နိုင်တာပါ။ ဒါပေမဲ့ ဒီကံကောင်းခြင်းက ရေရှည်မခံနိုင်ပါဘူး။ စီးပွားဖြစ် ကျွန်းစိုက်ခင်း ယူကလစ် စိုက်ခင်းတွေ ကျယ်ပြန့်လာသည်နှင့်အမျှ တောမီး အန္တရာ ဟာ ကြီးထွားလာပါတယ်။ နေပြည်တော်ဟာ လည်း တော မီး အန္တရာယ် ကြီးကြီးမားမားရှိပါတယ်။ တောထဲ ဆောက်ထားတဲ့ အစိုးရရုံးတွေ လောင်ကျွမ်းသွားရင် မှတ်တမ်း မှတ်ရာ ဆုံးရှုံးသွားမှာတွေ က မတွေးဝံစရာပါ။
အထူးသဖြင့် ရာသီဥတု ပူပြင်းမှု က တနှစ်ထက်တနှစ် ဆိုးလာလို စနစ် တကျ ကြိုတင် ပြင်ဆင်ထားတာ မမှားဘူးလို့ထင်ပါတယ်။

By Win Myo Thu
Photo Credit – GOOGLE

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *