Political and Ethnic Armed leaders go on Study Tour to India

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှ ဒီစင်ဘာ ၁ ရက်နေ့အတွင်း နိုင်ငံရေးခေါင်းဆောင် ၃ ဦးနှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆာင် ၇ ဦးပါဝင်သော (ပင်လုံညီလာခံ၊ မြေယာနှင့် ပတ်ဝန်းကျင်ရေးရာကဏ္ဍတွင် ပါဝင်ခဲ့ကြသည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ) အဖွဲ့ကို အိန္ဒိယနိုင်ငံသို့ မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုပုံစံများ လေ့လာရန်အတွက် လေ့လာရေးခရီးစဉ်တစ်ခုကို Trocaire, NPA and IDRC တို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းလေ့လာရေးခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များကို မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုထိရောက်စွာ ပါဝင်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲရာတွင် အိန္ဒိယနိုင်ငံ ဖယ်ဒရယ် မြေယာစီမံခန့်ခွဲမှုပုံစံမှ အဓိက အရေးကြီးသည့် အချက်အလက်များကို လေ့လာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ လေ့လာရေးခရီးစဉ်တွင် လိုက်ပါဆောင်ရွက်ခဲ့သူ Ms. Sonia Leonard မှ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘက်နှင့် နယူးဒေလီမြို့တို့တွင် ၆ ရက်ကျော် ကြာမြင့်ခဲ့သည့် ယင်းလေ့လာရေး ခရီးစဉ်တွင် အိန္ဒိယနိုင်ငံမှ အစိုးရ ခေါင်းဆောင်များ၊ အိန္ဒိယနိုင်ငံ ငြိမ်းချမ်းမှု တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည့် အဆင့်မြင့်ရာရှိကြီးများ၊ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြေယာနှင့် သဘာဝ သယံဇာတ စီမံခန့်ခွဲမှု ပုံစံများနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင် လေ့လာဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ဤလေ့လာရေး ခရီးစဉ်သည် ဆက်လက် ဆွေးနွေးဆောင်ရွက်သွားရန် အရေးတကြီးလိုအပ်နေသည့် မြန်မာနိုင်ငံ၏ မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုများအတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်း Ms. Sonia Leonard က ပြောပါသည်။ ထို့အပြင် ကိုယ်စားလှယ်များအနေဖြင့် ခရီးစဉ်မတိုင်မီ ကြိုတင်ရှင်းလင်းပြထားခဲ့သည့် အန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံများ၏ မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုပုံစံ ဥပဒေမူဘောင်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ထားသည့် နှိုင်းယှဉ်အစီရင်ခံစာကိုလည်း လက်တွေ့ကွင်းဆင်း လေ့လာနိုင်ခဲ့သည်ဟု ဆိုပါသည်။ ခရီးစဉ်မှ အန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံအကြား မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုပုံစံများအပေါ် အမြင်သဘောထားများ  အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ခြင်းဖြင့် နောင်အနာဂတ်အတွက် နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်ဟုလည်း ဆိုပါသည်။ လေ့လာရေးခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ဖယ်ဒရယ်စနစ်သို့သွားမည့် မြန်မာနိုင်ငံအတွက် အသုံးဝင်မည့် မြေယာနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ နားလည်မှုအသိပညာများ ရရှိလာသည့်အတွက် နောင်ကျင်းပမည့် ပင်လုံညီလာခံတွင် ပိုမိုထိရောက် အကျိုးရှိစွာ ပါဝင်နိုင်ကြမည်ဟု မျှော်လင့်ကြောင်းလည်း Ms. Sonia Leonard ကပြောပါသည်။ ရက်သတ္တတစ်ပတ်ကြာမြင့်ခဲ့သည့် လေ့လာရေး ခရီးစဉ်တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေး ခေါင်းဆောင်များနှင့် လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆာင်များ တစ်ဦးနှင့်တစ်ဦး ခိုင်မာသည့်ဆက်ဆံရေးနှင့် နားလည်မှုများ တည်ဆောက်နိုင်ခြင်းဖြင့် နောင်ဆက်လက် ဆောင်ရွက်ရမည့် ညှိုနှိုင်းဆွေးနွေးခြင်းများအတွက် အကျိုးရှိစေနိုင်မည်ဟု ယုံကြည်ကြောင်းလည်း   Ms. Leonard က ပြောသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *