လူထုပူးပေါင်းပါဝင်သောနည်းလမ်းဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ သင်တန်း
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ နှင့်အတူ စိုက်ပျိုးရေး အခြေပြု စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုများပြုလုပ်ခဲ့ရာတွင် မြေယာအများအပြားကို စက်မှုသီးနှံများဖြစ်သည့် ရော်ဘာ၊ ဆီအုန်း စသည့် သီးနှံများကို နှစ်ရှည်မြေယာလုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စဉ်ချသတ်မှတ်ပေးခဲ့သည်။ထိုသို့ချထားသတ်မှတ်ရာတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း အများဆုံးချထားပေးခဲ့ပြီး ရင်းနှီးမြုပ်နှံဖြင့်ဆောင်ရွက် သော စီမံကိန်းလုပ်ငန်းများအား ချမှတ်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် စည်းကမ်းများ လိုက်နာမှုရှိ မရှိ အား ပုံမှန်စစ်ဆေးဆောင်ရွက် ထိန်းကျောင်းတည့်မတ်ပေးနိင်ခြင်းမှာ အားနည်းလျက်ရှိပါသည်။ ၎င်း အားနည်းမှု၏ အကျိုးဆက်ကြောင့် မလိုလားအပ်သည့် အဂတိလိုက်စားမှုများ၊ လူမှုရေး နှင့် ပတ်ဝန်းကျင်ယိုယွင်းမှုများ ပိုမိုဖြစ်ပေါ်လျက်ရှိကာ ၎င်းဆိုးကျိုးတို့ကို တိုက်ရိုက်ခံစားရသော ဒေသခံပြည်သူများအနေဖြင့် မြေယာများသိမ်းဆည်းခံရခြင်း၊ အစိုးရပေါ် ယုံကြည်မှုကင်းမဲ့လာြခင်း၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ပဋိပက္ခများတိုးပွားလာကာ ပတ်ဝန်းကျင်ထိခိုက်မှုသာမက ရေရှည်ဒေသတည်ငြိမ်ရေးကို ပါထိခိုက်နိုင်ပါသည်။ တနင်္သာရီမြို့နယ် အတွင်းရှိ ကျော်မော် ၁၉ ဆီအုန်းစီမံကိန်း သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ လုပ်ကိုင်စိုက်ပျိုးခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်ပြီး ဒေသခံများနှင့် အငြင်းပွားမှုများဖြစ်ပွားနေသည် ကို ကြားသိရပါသည်။
ထိုအခြေအနေများကို ဖြေရှင်းနိုင်ရန် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် ပတ်ဝန်းကျင်ဆိုင်ရာအခြေခံအကြောင်းအရာများ သိရှိစေရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများဆန်းစစ်ခြင်းလုပ်ထုံးလုပ်နည်းများ သိရှိစေရန်၊ အဆိုပါစိုက်ခင်း(ဆီအုန်း)၏ ကောင်းကျိုးဆိုးကျိုးများကို လူထုပူးပေါင်းပါဝင်သည့် နည်းလမ်းများဖြင့် နှိုင်းယှဉ်လေ့လာသုံးသပ်နိုင်စေရန်၊ သက်ဆိုင်သူအားလုံးလက်ခံနိုင်သော ပတ်ဝန်းကျင်ရေးရာအငြင်းပွားမှုများ ဖြေရှင်းရန် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်နိုင်စေရန် ရည်ရွယ်၍ လူထုပူးပေါင်းပါဝင်သည့် နည်းလမ်းဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းသင်တန်းကို ဒေသခံများ၊ သက်ဆိုင်ရာအစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၅) ရက်တာ ချောင်းလမု ကျေးရွာ ဓမ္မာရုံ၊ ချောင်းလမုကျေးရွာ၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းကြေငြာအပ်ပါသည်။

0 Comments