Non-performance loan NPL

Non-performance loan NPL (သို့) ပြန်မဆပ်တဲ့ ဘဏ်ချေးငွေ

ပြန်မဆပ်တော့တဲ့ ဘဏ်ချေးငွေတွေ ဘာကြောင့်ဖြစ်ပေါ်နေတာလည်း?

ဘဏ်ကငွေချေးပြီးပြန်မဆပ်တာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ အနည်းအကျဉ်းတော့ဖြစ်တတ်တာပါပဲ။ ဒါပေမဲ့ NPL တွေများလာရင်တော့ တိုင်းပြည်ပဲ စီးပွားရေးကမောက်ကမဖြစ်နေလို့လား ဘဏ်တွေပဲစီမံခန့်ခွဲတာမှားလို့လား၊ တခုခုတော့ တခုခုပဲ။ ၂၀၁၆ ကနေ ၂၀၁၉ အထိ မြန်မာနိုင်ငံရဲ့ GDP ဟာ 6% အထက်မှာရှိတာမို့ NPL တွေများရတာ စီးပွားရေးကမောက်ကမ ဖြစ်တာနဲ့ မဆိုင်ပဲ ငွေထုတ်ချေးတဲ့ ဘဏ်တွေ စီမံခန့်ခွဲမှု မှားတာက ပိုအဓိက ကျမယ်။ ငွေချေးနည်းအမျိုးမျိုးအနက် အပေါင်ထား ငွေချေးပေးတာနဲ့ စီမံကိန်းပြပြီးငွေချေးတာ ဆိုတဲ့နှစ်မျိုးမှာ ဘဏ်က အဂတိကင်းစွာနှင့် ဘယ်လို လုပ်ကိုင်ဆောင်ရွက်သလဲဆိုတာ အရေးကြီးပါတယ်။

ချေးငှားသူရဲ့ အပေါင်ခံ fixed asset ပေါ်မှာ ရာဖြတ်က ဖြတ်ပေးတဲ့ တန်ဖိုးအပေါ်ရာခိုင်နှုန်းတခုနဲ့ ဘဏ်ကငွေချေးပေးတယ်၊ နှစ်ကုန်လို့ပြန်ဆပ်ရင် နောက်တခါ ရာခိုင်နှုန်းတိုးပြီး ပြန်ချေးပေးတယ်။ နယ်မြို့တွေမှာ အိမ်ခြံဝင်းရှိသူတွေ တိုက်ကို အဖြစ်ဆောက်ပြတယ်။ ပြီးရင်ပွဲစားရယ်၊ ဘဏ်မန်နေဂျာရယ်၊ ရာဖြတ်ရယ်ပေါင်းပြီး ငွေထုတ်ချေးပေးတယ်။ ဒီအတွက် ဘဏ်မန်နေဂျာကို အကျိုးဆောင်ခ ရာခိုင်နှုန်းတခုနဲ့ပေးရတယ်။ နှစ်ကုန်လို့ ငွေပြန်ဆပ်ခါနီးကျရင် မီတာတိုးနဲ့ ပွဲစားကနေတဆင့် ငွေပြန်ချေးပေးပြီး ဘဏ်ကို အဆပ်ပြန်ပြခိုင်းပြီး ဘဏ်က နောက်ထပ်ငွေ ပိုချေးပေးတယ်။ ဒီအခါမီတာတိုးကိုပြန်ဆပ် ပြီး ကျန်ငွေကို ခွဲယူကြတယ်။

ဒါက အတွေ့ရများတဲ့ ဘဏ်တွေရဲ့ အဂတိလိုက်စားမှုပဲ အစိုးရဘဏ်မှာကော ပုဂ္ဂလိက ဘဏ်တွေမှာဖြစ်နေတာ မြင်လို့မကောင်းဘူး၊ များသောအားဖြင့်ငွေချေးသူက သုံးစရာရှိသလောက်သုံးပြီးရင် မြေဝယ်ပြီးရင်းနှီးလေ့ရှိတယ်။ အိမ်ခြံမြေ အရောင်းအဝယ်ကျသွားတော့ ဂွမ်းတော့တာပါပဲ။ သူလဲ ငွေပြန်မဆပ်၊ ဘဏ်လဲ NPL တွေ ပုံလာတာပါပဲ။
အပေါင်မပါစီမံကိန်းပြ ချေးနည်းက ရှားပါတယ်။ ဘဏ်က အတွင်းလူတွေပဲကြိတ်လုပ်ကြတာပါ။ ဘဏ်အများစု က ငွေမဲတွေ စုပုံနေတဲ့သူတွေ crony ကို စစ်အစိုးရကထွက်ပေါက်ရအောင် ဘဏ်ဖွင့်ခွင့်ပေး ငွေဖြူလျှော်ဖွတ်ခွင့် ဘောင်ဝင်အောင်ပေးခဲ့တာပါ။ ဘဏ်ပိုင်ရှင်တွေက သူတို့မိသားစုဝင်တွေ မကင်းရာမကင်းကြောင်း တွေရဲ့ infrastructures တွေနဲ့ အိုးအိမ် စီမံကိန်းကြီးတွေကို စီမံကိန်းရဲ့ တန်ဖိုးရာခိုင်နှုန်း ၈၀ လောက်ထိ ငွေထုတ်ချေးတာမျိုးတွေလုပ်ကြပါတယ်။ ဘယ်သူကမှ အဲ့ဒီစီမံကိန်းတွေရဲ့ စီးပွားရေးအကျိုးအမြတ်ခိုင်မာမှုကို သေသေချာချာ တွက်ချက်ခန့်မှန်းပြီးမှ ချေးငှားတာမျိုးမလုပ်ကြပါဘူး။ ဒီလိုပဲ ဘောင်ဝင်အောင် စာရွက်စာတမ်းစုံအောင်လုပ်ပြီး ချေးတဲ့အဆင့်ပါပဲ။ စီမံကိန်းတွေက တွက်ရေးထက် စက်ရေးက မကိုက်တဲ့အခါ NPL တွေ များလာတာပါပဲ။
ဘဏ်တွေက ပိုင်ရှင်နဲ့အမျိုးတွေရဲ့ စီမံကိန်းတွေကို ချေးငှားငွေလှည့်တာအပြင် မကင်းရာမကင်းကြောင်း အဘ တွေကို ငွေထုတ်ပေးတာကလည်း အဂတိ တမျိုးပါပဲ။ ဒီ အဘ တွေကလည်း မလျော်ဩဇာနဲ့ စီမံကိန်းလုပ်ပိုင်ခွင့်တွေယူ ဘဏ်တွေကငွေချေး subcontractor တွေကို ငွေစိုက် စီမံကိန်းလုပ်ခိုင်းပြီး နှစ်သီးစားကာ အကျိုးအမြတ်အရင်ရအောင် အရင်လုပ်ကြတာပါပဲ။ တနေရာမှာ တစ်ဆို့တဲ့ အခါ ဂွမ်းတော့တာပါပဲ။

ဆပ်ကွန်း တွေကလည်း မြတ်မလားဆိုပြီးလုပ်ကြတာပါပဲ။ လူကြည့်ပြီး လုပ်ကြတာများပြီး စီမံကိန်းရဲ့ risk ကို တွက်လုပ်တာ နည်းပါတယ်။ Risk များရင် အမြတ်များမယ်၊ ကြုံမဲ့ risk ကို ငါကတော့ ဘယ်လိုရှင်းလိုက်မယ် ဆိုပြီး over confidence နဲ့ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။
ဆပ်ကွန်းတွေ အလုပ်လုပ်ဖို့ငွေဘယ်ကရသလဲဆိုတာက စိတ်ဝင်စားစရာပါ။ အလုပ်အပ်နှံသူက အလုပ်အပ်ခါစမှ စရံငွေ ချပေးကောင်းချပေးမယ်။ အလုပ်ပြီးစီးမှုအပေါ် ကျန်ငွေ အရစ်လိုက် ပေးချေကြတာ ထုံးစံမို့ ဆပ်ကွန်းသမားတွေ ငွေစိုက်ရပါတယ်။ ပစ္စည်းရောင်းချင်တဲ့ ဆိုင်တွေက အကြွေးရကောင်းရမှာ ဖြစ်ပေမဲ့ အတိုင်းအတာ တခုအထိ ငွေစိုက်ရမှာမို့ ကိုယ့်ငွေအရင်းအနှီးထဲကပဲ စိုက်သုံးမလား တခြားသူတွေစီက အလွတ်ချေးမလား၊ ဘဏ်မှာ သွားချေးမလားရွေးချယ်ရပါမယ်။

ဘဏ်ကချေးရင်တော့ အပေါင် ထားချေးရပါမယ်။ ကိုယ့်ရဲ့ အိမ်ခြံတန်ဖိုးက နည်းရင်စီမံကိန်း အတွက် လုံလောက်တဲ့ ငွေချေးရဖို့ ခက်မယ်။ ဥပမာ သန်း ၂၀၀၀ ချေးမယ်ဆိုရင် ကိုယ့်အိမ် က သန်း ၆၀၀၀ (ဒေါ်လာ ၄သန်း) လောက်တန်မှရမယ်။ သန်း၂၀၀၀ လောက်တန်တဲ့ အိမ်ကို သန်း၂၀၀၀ ဘဏ်ချေးငွေရရင် တခုခုမှားပြီ၊ ဘဏ်မှာ အဂတိရှိနေပြီဖြစ်ပါတယ်။ ဒေါ်လာ ၄ သန်းလောက်တန်တဲ့ အိမ်ရှိသူက သူများစီမံကိန်းမှာ ဆပ်ကွန်းသွားလုပ်တာကလည်း တခုခုလွဲနေတာမျိုးခံစားရတယ်။
အိမ်ပေါင် ချေးတာ မဟုတ်ပဲ စီမံကိန်းပြပြီး ဘဏ်ကချေးတာဆိုရင်လည်း စဉ်းစားစရာပါပဲ။ ပုံမှန်အားဖြင့် ဆပ်ကွန်းက စီမံကိန်းချေးငွေမရနိုင်ပါ။ ပိုင်ဆိုင်မှု အရှုတ်အရှင်းနဲ့ ဘဏ်ချေးငွေ ပြန်ရနိုင်ချေက နည်းလို့ပါ။ ဘဏ်က ဆပ်ကွန်းငွေချေးနိုင်တယ် ဆိုရင် ဘဏ်လုပ်ထုံးလုပ်နည်းတွေ အားနည်းပြီး ယိုပေါက်ဖြစ်နေပြီ။ ဒါမှမဟုတ် ဘဏ်စည်းကမ်းကို လက်တလုံးခြားဘောင်ဝင်အောင်လုပ်ပြီး ထုတ်ချေးပေးတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဘဏ်မှာ အဂတိရှိပြီဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။

အထက်ကဆိုခဲ့သလိုပဲ ဘဏ်တွေအများစုဟာ ခရိုနီတွေ ငွေဖြူဖော်တဲ့ လုပ်ငန်းတွေပဲ ဖြစ်နေလို့ စီးပွားရေးတွက်ချက်ဆန်းစစ်မှုတွေ သေသေချာချာ မလုပ်ပဲ စာရွက်စာတမ်း ဘောင်ဝင်အောင်လုပ်ပြီး ငွေချေးငှားနေကြလို့ NPL တွေ ဖြစ်ပေါ်နေကြတာပါ။
တကယ် အကျိုးအမြတ် ကြိမ်းသေတဲ့စီမံကိန်းတခု ရေးဆွဲပြီး ဘဏ်မှာ ပြပြီးငွေချေးကြည့်ပါ။ ကြိမ်းသေပေါက် ငွေမချေးပါ။ ဘဏ်လူကြီးနဲ့သိဖို့က အခယာပိုကျပါတယ်။ ကြုံလို့ပြောရရင် ရေအားလျှပ်စစ်စီမံကိန်းတခု ပုဂ္ဂလိက ခရိုနီတဦးလုပ်တယ်။ တရုတ်ဘဏ်ကနေငွေချေးတယ်၊ အစိုးရထောက်ခံစာတစောင်တည်းနဲ့ ထုတ်ချေးပေးတယ်။ အဲ့ဒီ့စီမံကိန်းက ထုတ်မဲ့ လျှပ်စစ် ကို အစိုးရလျှပ်စစ်ဖြန့်ဖြူးရေးဌာန ကပြန်ဝယ်မဲ့ Power Purchasing Agreement PPA မရှိသေးဘူး၊ တယူနစ် ဘယ်ဈေးနဲ့ ဝယ်မယ်ဆိုတာ မသိရပဲနဲ့ စီမံကိန်း အကျိုး အမြတ် ရှိမှု ဘယ်လိုမှ တွက်မရပါ။ ဒါပေမဲ့ စီမံကိန်း နိုင်ငံခြားချေးငွေရတယ်၊ ကုမ္ပဏီပြန်မဆပ်နိုင်ရင် အစိုးရက စိုက်ပြီးပြန်ဆပ်ရမယ်။ တိုင်းအစိုးရက ထုတ် ပေးတဲ့စာ နဲ့ စီမံကိန်း တခုကို ဘဏ်က ဗဟိုဘဏ် ရဲ့ညွှန်ကြား ချက်ကို မျက်ကွယ် ပြု ပြီး ငွေချး တာ ပြန်မဆပ်တော့ အမှု ဖြစ်ပါ ရောလား။ ဘဏ် က ပြည်သူတွေ အတွက်ဆို လှူ လိုက်ပါ၊ ေငွေချးရင် ေတာ့ စည်းကမ်း လိုက်နာပါ။

ငွေလှည့်နိုင်တဲ့ နောက်တနည်းက overdraft နည်းပဲ၊ ငွေသိန်းတထောင်ဘဏ်ထဲ ထည့်ထားမယ် ပြီးရင် သိန်းနှစ်ထောင် ဘဏ်က ကြိုထုတ်နိုင်တယ်၊ ဘဏ်နဲပိုင်ရင် သိန်း ၃၀၀၀ လောက်အထိ ထုတ်နိုင်တယ်။ ဘဏ်တွေက ကိုယ့်မိသားစုဝင် မဟုတ်ပဲ ဘာလို့ ထုတ်ပေးလဲ၊ ခင်မင်ရုံမျှနဲ့တော့ ထုတ်မပေးပါ။
ဒီလောက် စည်းမဲ့ကမ်းမဲ့ NPL တွေများနေလို့ NLD အစိုးရ က လမ်းမှန် ပြန်ရောက်အောင်အတော်တည့်မတ် နေရတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဌ က အမှန်တိုင်း လွှတ်တော်မှာ ပြောဘူးလို့ ပွဲဆူသွားပါသေးတယ်။ နောက်မှ ဗဟိုဘဏ် က NPL တွေကြောင့် ပြိုကွဲမလိုဖြစ်နေတဲ့ ပုဂ္ဂလိကဘဏ်တွေ ကို သုံးနှစ်အတွင်းရှင်း ဆိုပြီး ဖြေလျှော့ပေးခဲ့ရတယ်။
ဒါတွေဘာလို့ဖြစ်သလဲ?
အဂတိတွေကြောင့်ပါ။

Credit to Sayar Win Myo Thu
Photo Credit # www.google.com
26 December 2020

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *