Metal Exploit and Environmental View From Sagaing

စစ်ကိုင်းတိုင်းက သတ္တုရှာဖွေရေး နှင့် ပတ်ဝန်းကျင်အမြင်

မကြာသေးခင်က ခွင့်ပြုလိုက်တဲ့ စစ်ကိုင်းတိုင်း က သတ္တုရှာဖွေရေးလိုင်စင်နဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ရေးရာ အမြင်ဘယ်လိုရှိသလဲလို့ တဦးက မေးမြန်းလာပါတယ်။ သတ္တုရှာဖွေရေး သီးသန့်အနေနဲ့ က သတိထားလုပ်ဆောင်မယ်ဆိုရင် ဘူမိအနေအထား နှင့် သတ္တုအရိုင်းတွေမြေပေါ်ဖြစ်ထွန်းမှု လေ့လာရုံမျှနဲ့တော့ ပတ်ဝန်းကျင် ကို အထူးထိခိုက်စရာ မရှိဘူးလို့မြင်ပါတယ်။ သို့သော် သွားရေးလာရေးခက်တဲ့နေရာမှာ စက်နဲ့ထိုး လမ်းဖောက်ရတာတွေ တောရှင်းရတာတွေ ရှိမယ်ဆိုရင်တော့ ထိခိုက်မှု ရှိလာမှာပါ။ အဲ့ဒီ့က တဆင့် သတ္တုသိုက်ရှိတဲ့နေရာတွေမှာ ဘယ်လောက်ပမာဏရှိလဲ ခန့်မှန်းဖို့လိုလာရင်တော့ မြေအောက်လှိုင်ခေါင်းတူးရတာတွေ၊ ဒါမှမဟုတ် စက်ကြီးများ နဲ့ တူးဆွပြီး မြေအောက် က သတ္တုနမူနာတွေ ယူလာရရင်တော့ လုပ်ငန်း က ပိုသတိထားဖို့လိုလာပါတယ်။ နမူနာ ယူဖို့တူးဆွ စရာတွေ ခပ်စိတ်စိတ်လုပ်ဖို့ လိုတယ်ဆိုရင်တော့ နေရာ အနေအထားကို လိုက်လို့ ရှားပါး တောရိုင်းတိရစ္ဆာန် နဲ့ သစ်ပင်ပန်းမာလာ တွေရဲ့ မူလဒေသ ရှင်သန်ပေါက်ဖွားကျက်စားရာ ဂေဟ စနစ်ကို ထိခိုက်နိုင်တဲ့ အလားအလာရှိပါတယ်။ ရေထွက်တွေထိနိုင်ပါတယ်။ လယ်မြေတွေဖျက်ဆီးခံရတာ၊ တုန်ခါမှုတွေကြောင့် ရေတွင်း တွေ ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလို တွင်းဖောက်တာက နေတဆင့် တက်လို့ တွေ့ ရှိရတဲ့ သတ္တုရိုင်းတွေ ကို ကြိုချက်သန့်စင်လို့ သတ္တုပါဝင်မှုပမာဏကိုပဲ တောတွင်းမှာ ခန့်မှန်းလုပ်ဆောင်တာတွေပါ ပါလာရင်တော့ ဓာတုဆေးတွေ အသုံးပြုကောင်းပြုရမှာ ဖြစ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုရှိနိုင်ပါတယ်။ စခန်းချနေထိုင်မှုကြောင့် လူတွေရဲ့ အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေရဲ့ မဆင်မခြင် စွန့်ပစ်တဲ့ ပြသနာကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ဒိအတွက်ကြောင့် ဒီလို အကြီးစား သတ္တုရှာဖွေရေးလုပ်ငန်းတွေ ခွင့်မ ပြုခင်မှာ Initial Environmental Examination IEE လို့ခေါ်တဲ့ ရှေ့ပြေးပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းတွေ လုပ်ပြီး ဖြစ်ပွားနိုင်တဲ့ ပြသနာတွေကို ဘယ်လို လျှော့ချမလဲဆိုတဲ့ ပတ်ဝန်းကျင်ရေးရာစီမံချက်တွေ ပါ ပြီးမှပဲ ခွင့်ပြုချက်ပေးလေ့ပေးထရှိပါတယ်။
ခုလက်ရှိ ခွင့်ပြုလိုက်တဲ့ ရှာဖွေရေးမှာလည်း အထက်ကအဆိုရှိတဲ့ safeguard တွေ လုပ်ပြီးမှပဲ ခွင့်ပြုတာလို့ထင်ပါတယ်။ သို့သော် သတ္တုရှာဖွေရေးနှင့်ပတ်သက်ရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စ က လူထုရဲ့ အလွန်အကျွံ စိုးရိမ်ပူပန်မှုပါ။ ခေတ်အဆက်ဆက်ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ ကြောင့် လူထုက အမြဲ သံသယရှိပါတယ်။ သတ္တုရှာဖွေရေးခွင့်ပြုတဲ့ နယ်မြေအကျယ်အဝန်းက လည်း များသောအားဖြင့် ကျယ်ဝန်းလေ့ရှိပါတယ်။ ဒီမှာတင် လူထုရဲ့ စိုးရိမ်မှုက ပိုလာပါတယ်။ ဧက သိန်းချီပြီးပေးလိုက်တာတဲ့ ဒီအဝန်းအဝိုင်းထဲမှာ ရှိတဲ့ လူတွေလုပ်စားကိုင်စားလုပ်နေသူတွေအားလုံးက သူတို့ကိုများထိခိုက်တော့မလား ဆိုပြီးတော့လဲ ပူပင် ကြစမြဲပါ။ လုပ်ငန်းသဘော အရ ရှာဖွေခွင့်ရတဲ့မြေဟာ ဘူမိဗေဒအနေအထားကို ခြုံငုံသုံးသပ်နိုင်ဖို့ကျယ်ဝန်းပေမဲ့ ပထမအဆင့် ကွင်းဆင်းလေ့လာတဲ့အဆင့်ကတော့ ပတ်ဝန်းကျင်မထိသလောက်ပါပဲ။ နောက်တဆင့်တက်လို့ အသေးစိတ်လေ့လာရတော့မယ်ဆိုမှ အထက်က ပြောတဲ့ ပြဿနာတွေရှိလာနိုင်တာဖြစ်ပြီး ဒါကလည်း ခွင့်ပြုဧရိယာရဲ့ ၅%လောက်ပဲ အများဆုံးရှိနိုင်မယ်ထင်ပါတယ်။ ဧက တသိန်းခွင့်ပြုလိုက်ရင် အသေးစိတ်ထပ်မံလေ့လာရမဲ့ဧရိယာက ဧက ၅၀၀၀ လောက်ပဲကျန်တော့မှာလို့ဆိုလိုတာပါ။ ဒီဧကတွေ အကုန်လုံးကလည်း လိုက်လံတူးဆွဖော်ထုတ်နေဖို့ မလိုပါဘူး၊ အနည်းအကျဥ်းပဲတူးဖို့လိုအပ်မှာပါ။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ တင်ပြထားတဲ့ IEE အစီရင်ခံစာအတိုင်း ဆောင်ရွက်ရင်ဖြင့် ပတ်ဝန်းကျင်ထိခိုက်နိုင်မှုက တော်တော်လေးကို နည်းပါးမှာဖြစ်ပါတယ်။ မြေသိမ်း၊ ယာသိမ်း ဖြစ်နိုင်စရာ အကြောင်းသိပ်မရှိပါဘူး၊ စိုက်ပျိုးမြေမှာ တူးဆွမှုတွေလုပ်ရမယ်ဆိုလည်း ဧရိယာအနည်းအကျဥ်းသာ လိုမှာဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုမပျက်ဘဲ စမ်းသပ်တူးဖော်လုပ်နိုင်အောင် ညှိုနှိုင်းနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ မြင်မိပါတယ်။
တကယ်ပတ်ဝန်းကျင်ထိခိုက်မှု၊ မြေသိမ်း၊ ယာသိမ်း ဖြစ်မှာက စမ်းသပ်ရှာဖွေပြီးလို့ စီးပွားဖြစ်သတ္တုတူးနိုင်မယ်ဆိုတော့မှလာမှာပါ။ ဒီအဆင့်မှာ တော့ သိသာစွာထိခိုက်မှာ ဖြစ်လို့ ဘယ်လိုထိခိုက်မှုနည်းအောင် လုပ်မလဲဆိုတဲ့ အဲ့ဒီ့အဆင့်မှာရေးတဲ့ EIA/EMP ဟာအရေးကြီးပါတယ်။
NLD တက်ခါစမှာ သြစတြေးလျအခြေစိုက် သတ္တုကုမ္ပဏီတခု ရုံးမှာ လာရောက်တွေ့ဆုံဆွေးနွေးဘူးပါတယ်။ အဲ့ဒီကုမ္ပဏီက စစ်ကိုင်းတိုင်း ဝန်းသို၊ ပင်လယ်ဘူးဒေသ ဖက်မှာ သတ္တုရှာဖွေခွင့်တောင်းတဲ့နေရာမှာ တိုင်းဒေသကြီးဆိုင်ရာ တာဝန်ရှိသူများက သဘောမတူတဲ့အတွက် ဗဟိုအစိုးရ က စမ်းသပ်ရှာဖွေရေး ခွင့်ပြုချက်ချမပေးတဲ့အပေါ်မှာ မူတည်ပြီး ဥပဒေပိုင်းဆိုင်ရာ နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးဘို့ဆိုပြီးရောက်လာတာပါ။ ကျွန်တော့်အနေနဲ့ကတော့ အကြီးစားသတ္တုလုပ်ငန်း ခွင့်ပြုချက် ကို ဗဟိုက ထုတ်ပေးတာ မှန်သော်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးက ထောက်ခံချက် မပေးရင် ဘယ်လိုမှ ထုတ်ပေးနိုင်မှာ မဟုတ်ကြောင်း ဥပဒေပိုင်းဆိုင်ရာ ပဲ သူကိုထောက်ပြခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကလည်း ကိုယ်လေ့လာမိသလောက် ဒေသက တာဝန်ရှိသူတွေဟာ အဆိုပြုနေရာ ကို နောင်လာနောင်သားတွေ အတွက် သယံဇာတ ထိန်းသိမ်းရေး နယ်မြေအဖြစ် ထားရှိဘို့ အားသန်နေတယ်လို့ သိရှိရပါတယ်။ သစ်တောမှာ သာ သစ်တောကြိုးဝိုင်း ဆိုပြီး နောင်ရေရှည်သစ်ထုတ်လုပ်နိုင်ရေးအတွက်ထိန်းသိမ်းကာကွယ်တဲ့နယ်မြေတွေ ဥပဒေအရဖွဲ့စည်းတာ ရှိပေမဲ့ သတ္တုသယံဇာတနဲ့ပတ်သက်ပြီး တိုင်းဒေသက လူတွေက အဲ့လိုထားရှိဖို့စဥ်းစားနေတယ် ဆိုတာမို့ ပွင့်လင်းစွာ ပြောရရင် ကိုယ်ကိုတိုင် ယခင်က မကြားဘူးပဲ၊ ထူးဆန်းနေတာတော့အမှန်ပါပဲ။ သို့သော် မျိုးဆက်သစ်တွေ အတွက် အဲ့ဒီလို သယံဇာတ ထား နိုင်ရင်လည်း ကောင်းတာပဲလို့ စဥ်းစားမိတဲ့အတွက် သြစတြေလျကုမ္ပဏီကို ရှာဖွေခွင့် လျှောက်တာကို လက်လျှော့ဖို့တိုက်တွန်းပါတယ်။ မင်းတို့ စူးစမ်းရှာဖွေလို့ တွေ့လည်း မျိုးဆက်သစ်တွေ အတွက် ချန်ထားဘို့ ဆုံးဖြတ်ထားတဲ့ အတွက် ငွေကုန်တာသာ အဖတ်တင်မှာ တူးဖော်ခွင့်ရမှာ မှ မဟုတ်တာလို့ ပြောမိပါတယ်။ ကုမ္ပဏီ ကတော့ ကြေးနီ နဲ့ ရွှေ တွေ့ရှိနိုင်မှု ဟာ အလားအလာ အရမ်းများပြီး တိုင်းပြည် အတွက် လောက်လောက်လားလား မက်လောက်စရာဝင်ငွေ ရနိုင်မှာ ဖြစ်ကြောင်း၊ ရှာဖွေတယ်ဆိုတာလည်း ငွေရှိတိုင်းလုပ်လို့မရကြောင်း သူတို့လို ကျွမ်းကျင်မှု နဲ့ နည်းပညာ တွေလိုအပ်တာမို့ ခုလို ရှာဖွေခွင့်က အစိုးရ အတွက် အကျိုး မယုတ်ကြောင်း၊ တွေ့ရှိတဲ့အချက်အလက်က လည်း အစိုးရ က ရရှိ မှာမို့ ကုမ္ပဏီ က လက်ဝါးကြီး အုပ်ထားလို့မရကြောင်း၊ သတ္တုစီးပွားဖြစ်ထွန်းမှု အပေါ်မူတည်ပြီး အစိုးရက ဆက်ထုတ်မလား နောင်လာနောင်သား အတွက် ချန်မယ်ဆိုတာက တော့ အဲ့ဒီ့ အဆင့်ကြမှ စဥ်းစားလဲရတာပဲလို့ အထွန့်တက်ပါတယ်။ ကျွန်တော်လဲ ဘာမှပြန်မပြောတော့ပဲ အစည်းအဝေးက ပြီးဆုံးသွားပါတယ်။ နောင် ၂နှစ်လောက်ကြာတော့ တိုင်းအစိုးရက ထောက်ခံပေးလိုက်လို့ အဲ့ဒီကုမ္ပဏီ ရှာဖွေခွင့် ရသွားကြောင်း ကြားသိရပါတယ်။ ခု ထပ်မံချပေးလိုက်တဲ့ ကုမ္ပဏီဟာ အဲ့ဒီကုမ္ပဏီပဲလား အခြား ကုမ္ပဏီလား တဖွဲ့တည်းလား သေသေချာချာ မသိပါ။ နောက် မရှင်းတဲ့ အချက်က ရှာဖွေခွင့် တခုတည်းလား တူးဖော်လုပ်ပိုင်ခွင့် လိုင်စင်ပါ ထပ်ချပေးလိုက်တာလား ဆိုတာကို မရှင်းပါ။ တူးဖော်လုပ်ပိုင်ခွင့် လိုင်စင်ပါချပေး လိုက်တယ်ဆိုရင်တော့ ပြဿနာတော်တော်ရှိပါလိမ့်မယ်။
လက်ရှိတည်ဆဲ ဥပဒေတွေအရ ရှာဖွေတူးဖော်ခွင့်ရတဲ့ ကုမ္ပဏီဟာ အကယ်၍တွေ့ခဲ့ရင် အဲ့ဒီကုမ္ပဏီအနေနဲ့ တူးဖော်ထုတ်လုတ် လုပ်ပိုင်ခွင့်လိုင်စင်လျှောက်ထားခွင့် ရှိပြီး အစိုးရက ချပေးရမယ်ဆိုတဲ့ပြဌာန်းချက်ပါပါတယ်။ ဒီပြဌာန်းချက် အရ ကုမ္ပဏီက လျှောက်ထားလာ လို့ အစိုးရ က တူးဖော်လုပ်ပိုင်ခွင့်ကို ချပေးလိုက်သလား လို့ တွေးစရာရှိလာပါတယ်။ ကုမ္ပဏီက တူးဖော်ထုတ်လုပ်ဖို့ လုပ်ထုံးလုပ်နည်းအရ EIA/EMP တွေ ရေးဆွဲပြီး အတည်ပြုချက်ရမှ ထုတ်လုပ်မှာပါ။ သို့သော် EIA/EMP တွေမှာ equity ဆိုတဲ့ သယံဇာတသာတူညီမျှ ရှိမှုကို ထည့်သွင်းစဥ်းစားမှု မရှိပါဘူး၊ အထက်က ရေးခဲ့သလို စီးပွားဖြစ်သတ္တုသိုက်ရှိနေပြီဆိုရင်တောင် မှ ဘယ်လို ဒေသက လုပ်ငန်းရှင်တွေကို တူးဖော်ထုတ်လုပ်ခွင့်ပြုမလဲ၊ ဘယ်လောက်ပမာဏကို လက်ငင်းစီးပွားဖြစ်ထုတ်လုပ်ပြီး ဘယ်လောက်ကို နောင် မျိုးဆက်သစ်တွေ အတွက် အရံသတ္တုသိုက် အဖြစ်ထားရှိမလဲဆိုတာ တွေ ရှေ့ဦးစွာဒေသလွှတ်တော်မှာကော ပြည်ထောင်စုလွှတ်တော်မှာ ပါ အကြေအလည်ဆွေးနွေးပြီး သီးခြားဥပဒေပြဌာန်းဖို့လိုပါတယ်။ နောင်မျိုးဆက် သစ်တွေအတွက် အရံသတ္တုသိုက်ချန်ထားဖို့ပါ ပါလာတော့ အစိုးရ အမိန့်ညွန်ကြားချက် နဲ့တင် မလုံလောက်တော့ပဲ ဥပဒေ တရပ်အဖြစ် ရှိနေမှ အစိုးရတွေပြောင်းလဲ သွားလဲ ဒေသခံတွေ သယံဇာတ အကျိုးခံစားခွင့် ကို ရရှိမှာ ဖြစ်ပါတယ်။
တကယ်လို့ သတ္တုရှာဖွေတဲ့ ကုမ္ပဏီကို ရှာဖွေခွင့်သာ မကပဲ လုပ်ပိုင်ခွင့် ပါချပေးလိုက်ရင်တော့ ကြိမ်းသေတာက အထက်မှာရေးခဲ့သလို သယံဇာတခွဲဝေခွင့် ကို ကြေကြေလည်လည်ဆွေးနွေး ဥပဒေမပြဌာန်းရသေးတာပါပဲ။ အားလုံးသိတဲ့အတိုင်းပါပဲ သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေးလုပ်ငန်းစဥ် Extractive Industry Transparency Initiative (EITI) ကို မြန်မာပြည်ကို အကောင်အထည်ဖော်နေတာပါ။ ဒီလုပ်ငန်းစဥ် အရကော Oxford က စီးပွားရေး နိုဘယ်ဆုရ Professor Paul Colier ဦးဆောင်တဲ့ မြန်မာပြည်က တာဝန်ရှိသူတွေ အကြိမ်ကြိမ်သွားတက်ရောက်ပါဝင်နေတဲ့ Natural Resource Charter အရလည်း သယံဇာတ ထုတ်လုပ်ခွဲဝေရေး က ပွင့်လင်းမြင်သာဖို့လိုပါတယ်။ အစိုးရ က သတ္တုသယံဇာတ ဖြစ်ထွန်းမှု အချက်အလက်တွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်ဖို့လိုပါတယ်။ စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ ပွင့်လင်းမြင်သာတဲ့ ယှဥ်ပြိုင်မှု စနစ်နဲ့ အသင့်တော်ဆုံးလူကို လုပ်ပိုင်ခွင့်ချပေးဖို့လိုပါတယ်။ ရရှိတဲ့ အကျိုးစီးပွားကို လေးပုံ ပုံဖို့လိုပါတယ်။ ဒေသခံတွေအတွက် တပုံ၊ ဒေသအစိုးရ ဖွံ့ဖြိုးရေးအတွက် တပုံ၊ ဗဟိုအစိုးရ ကတပုံနဲ့ နောင်မျိုးဆက်တွေအတွက် soverign wealth fund လို စုဆောင်းရံပုံငွေတွေ အဖြစ်ထားရှိဖို့လိုပါတယ်။
ဒါပေမဲ့ဒီလိုလုပ်ဖို့က ဥပဒေဆိုင်ရာ အခက်အခဲတွေရှိနေပါတယ်။ သက်ဆိုင်ရာ ဌာန ကလူတွေကတော့ ဒါမျိုး တခါမှ မလုပ်ဘူးတော့ အလုပ်ရှုပ်တယ် ငါတို့လုပ်ငန်းကို နှောင့်နှေးအောင်လုပ်တယ်ဆိုပြီး ညိုညင်မှာ အသေအချာပါပဲ။ ဥပဒေတည်းမှာ ဆိုမထားတဲ့အတွက် မလုပ်ဘူးဆိုပြီး ဆင်ခြေပေးမယ်။ လွှတ်တော် အမတ်တွေ လွှတ်တော်ထဲမေးရင်လည်း ဆင်ဝှေ့ရန်ရှောင် ဖြေပြီး မြွေမသေ ဒုတ်မကျိုးပဲနေမယ်လို့ ထင်ပါတယ်။ ဥပဒေဆိုင်ရာ အခက်အခဲက တော့ သတ္တုရှာဖွေတဲ့ ကုန်ကျစရိတ်က နိုင်ငံတော်က ကျခံတာ မဟုတ်ပဲ ကုမ္ပဏီရဲ့ ငွေနဲ့ လုပ်ဆောင်တာ ဖြစ်တဲ့ အတွက် အများပြည်သူကို ချပြဘို့က ကုမ္ပဏီခွင့်ပြု ချက် မပါဘဲနဲ့ မရပါ။ သတ္တုဆိုင်ရာတွေ့ရှိချက်တွေက ကုမ္ပဏီရဲ့ ဥာဏဆိုင်ရာ ပစ္စည်းဖြစ်သွားလို့ပါ။ တကယ်လို့ ဒီအချက်တွေကို စဥ်းစားပြီး ဥပဒေပြင်ဆင်ပြဌာန်းထားတယ်ဆိုရင်တော့ ခွင့်တောင်းစရာ မလိုပါ။ လက်ရှိအခြေအနေမှာ တော့ စီးပွားဖြစ်သတ္တုသိုက် ဖြစ်ထွန်းနေမှု အပေါ်ကို ပဲ မူတည်ပြီ: အစိုးရအဖွဲ့တွင်းနဲ့ တိုင်းဒေသဆိုင်ရာ အုပ်ချုပ်ရေးနှင့် လွှတ်တော် တို့ အတွင်းစည်းမှာ ညှိုနှိုင်းပြီး ကုမ္ပဏီကို ဘယ်လောက်ပဲ လုပ်ပိုင်ခွင့် ပြုမယ်၊ ဘယ်လောက်ကို တော့ နိုင်ငံအတွက် ကိုယ်ပိုင်စီမံခွင့် အဖြစ်ချန်ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် အရင် ချမှတ်ပြီးမှ သာ ကုမ္ပဏီကို လုပ်ကိုင်ခွင့် ချပေးဖို့လိုပါမယ်။ ကိုယ်စီမံပိုင်ခွင့် ရှိတဲ့ သတ္တုသိုက်ကို တော့ အထက်က ရေးခဲ့သလို EITI နဲ့ Natural Resource Charter တို့မှာ ရေးဆွဲထားသလို ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲဘို့ လိုပါတယ်။ ပြည်သူကို ချပြလိုက်ရင် Public Disclosure ခိုးတူးတော့မှာ ပေါ့ဆိုပြီး စိုးရိမ်တဲ့သူတွေရှိမှာပါ။ ခုရှာဖွေတွေ့ ရှိတဲ့ သတ္တုသိုက်တွေဟာ လက်ရှိဒေသကလူတွေ ခိုးတူးနေတဲ့ အပေါ်ယံမြေလွှာမှာ တွေ့ရှိနိုင်တဲ့ အမျိုးအစားမဟုတ်ပဲ မြေအောက် ဘူမိကျောက်လွှာတွေမှာ ဖြစ်တည်တဲ့ သတ္တု သိုက်တွေမို့ အလွယ်တကူခိုးယူတူးယူဖို့မဖြစ်နိုင်ပါဘူး၊ သတင်းအချက်အလက်ထုတ်တဲ့နေရာမှာလည်း အဲ့ဒီလိုမဖြစ်အောင် စီစဥ်ထုတ်ပြန်လို့ရပါတယ်။
ဒီကိစ္စဟာ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖက်ဒရာယ်တည်ဆောက်ရေးမှာ အတော်အရေးကြီးပါတယ်။ တိုင်းရင်းသားတွေ အစဥ်အဆက်တောင်းဆိုနေ တဲ့ သာတူညီမျှရှိမှု၊ သယံဇာတ ခွဲဝေရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့နဲ့ တိုက်ရိုက်ဆက်စပ်ပတ်သက်နေပါတယ်။ လက်ရှိ လုပ်ပိုင်ခွင့်တွေ ချပေးလိုက်တာ တိုင်းဒေသ ကြီးက လူတွေ သေသေချာချာ မသိဘူး ဆိုတဲ့ သတင်းတွေ တက်လာတော့ တကယ်မှန်တယ်ဆိုရင်တော့ စိတ်မကောင်း စရာပါပဲ။ ဖက်ဒရယ် အရေးကို မနီးစပ်တဲ့ ပြည်ထောင်စု အဆင့် တာဝန်ရှိသူများက ဗဟိုအစိုးရ ရတော့လည်း ပြည်သူတွေပြန်ခွဲပေးတာမို့ အတူတူပါပဲ ဆိုပြီး အလွယ်တွေး၊ အလွယ်ပြောလေ့ရှိပါတယ်။ identity ဆိုတဲ့ အချက်ဟာ ဘယ်တုံးကမှ ထဲ့သွင်းစဥ်းစားလေ့မရှိတော့ ဒေသခံတွေရဲ့ ကိုယ်ပိုင်စီမံခန့်ခွဲမှုရဲ့ လေးနက်မှုကို မျှဝေခံစားနိုင်စွမ်းမရှိပါဘူး၊ တည်ဆဲဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေက လည်း ဒီလိုလုပ်ဖို့ မပြဌာန်းထားတော့ လုပ်ရန် တာဝန်လည်း မရှိသလိုဖြစ်နေပါတယ်။ ဒီလိုနဲ့ပဲ မကြေနပ်မှုတွေ စုဘူးထဲမှာ ထပ်ထပ်စုသလိုဖြစ်နေပါတယ်။
ကိုဗစ်၁၉ မဖြစ်ခင်မှာတော့ ဒေါ်အောင်ဆန်းစုကြည် က ဖက်ဒရယ်ဆိုင်ရာ သယံဇာတခွဲဝေရေး ဆိုင်ရာ မူတွေ အရေးကြီးလို့ ရေးဆွဲပြီးပြီလို့ ပြောတာ သတင်းထဲဖတ်လိုက်ရတော့ အတော်လေးစိတ်လှုပ်ရှား ဝမ်းသာမိတယ်။ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ပင်လုံဆွေးနွေးပွဲအသစ်တွေမှာ မူတချို့ ချမှတ်တဲ့ အခါ ဒီအချက်တွေ ပါသွားမလားလို့လည်း မျှော်လင့်မိပါတယ်။ နိုင်ငံတော်လူကြီးတွေ အနေနဲ့ သယံဇာတ ခွဲဝေမှုကို အလေးထားစဥ်းစားကာ မူ ချမှတ်ပြီးပြီ လို့ ယူဆရတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေအနဲ့လည်း စိတ်ဝင်တစား လုပ်နိုင်သမျှဘောင်ထဲမှာ လုပ်ပြခဲ့ရင် ဖက်ဒရယ်အတွက် စံပြနမူနာကောင်းတွေ ဖြစ်နိုင်တယ်လို့ မျှော်တွေးမိပါတယ်။ ဒီလိုစိတ်ကူး နဲ့ အပြုသဘောထားရှိမယ်၊ နိုင်ငံတော်အတွက် တာဝန်ကျေသာ မက Proactively စေတနာထား လုပ်ဆောင်မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်း သတ္တုလုပ်ပိုင်ခွင့် ကိစ္စ ဟာ နိုင်ငံစီးပွားရေးအတွက်သာမက နိုင်ငံရေးပြုပြင် ပြောင်းလဲ မှု အတွက်ပါ အထောက်အကူ ပြုပါလိမ့်မယ်။ မလုပ်ခဲ့ရင် ဘာဖြစ်မလဲ လို့မေးရင်တော့ စစ်ကိုင်းတိုင်းက ပြည်သူတွေရော အခြားဒေသက ဒေသခံတွေပါ သယံဇာတကျိန်စာ က မလွတ်မြောက်နိုင်သေးပါ လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သတ္တုတူးဖော်လို့ ဖြစ်နိုင်ခြေရှိတဲ့ လူမှုထိခိုက်မှု နဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေထက် အဆပေါင်းများစွာ ဆိုးဝါးမှာ ဖြစ်ပါတယ်။
@Win Myo Thu

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *