Looking For Ways to Conserve Natural Environment

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းရှာဖွေခြင်း

ထင်းရှုးတောထဲမှာ ပုဇင်းရင်ကွဲသံတွေ အော်သံကြားနေရပါတယ်။ လေပြေထဲမှာ လာဗင်ဒါရေမွေးပန်းရနံ့၊ စမုန်ဖြူရနံ့တွေ ရနေပါတယ်။ ဒီတောထဲမှာ လူခြေချတဲ့ အရိပ်ယောင် မတွေ့ရပါဘူး။ ပြင်သစ်နိုင်ငံ အရှေ့တောင်ဘက်ရှိ Grand Barry သဘာဝသစ်တောရိုင်း ဥယျာဉ်ကြီးကို ၂၀၁၆ခုနှစ်ကတည်းက ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီတောရိုင်းဥယျာဉ်ကြီးဟာ ဥရောပတိုက်မှာ ပထမဦးဆုံး စမ်းသပ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သစ်တောတွေပြန်လည်ဖော်ဆောင်ရေး စီမံကိန်းထဲမှာ သစ်ပင်တေစိုက်ပျိုးရေးလည်း ပါဝင်ခဲ့ပါတယ်။ သစ်ပင်တွေစိုက်ပျိုးရေးလုပ်ငန်းကို လူတွေစိတ်ဝင်စားလာကြပါတယ်။ သဘာဝအတိုင်းထားရှိဟာ ဂေဟစနစ်ကို ပြန်လည်ကောင်းမွန်စေသလို လူသားတွေရဲ့ သြဇာလွှမ်းမိုးမှုမှလည်း လွတ်ကင်းစေပါတယ်။ ကုလသမ္မဂ လက်အောက်ခံအဖွဲ့အစည်း Intergovernmental Science-Policy on Biodiversity and Ecosystem Services (IPBES) ရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာမြေကြီးရဲ့ လေးပုံသုံးပုံမှာ ရှိတဲ့ ဂေဟစနစ်ဟာ လူသားတွေကြောင့် ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။
လူသားတွေဟာ အစာရေစာအတွက်လည်းကောင်း၊ တခြားလိုအပ်ချက်တွေကြောင့်လည်းကောင်း၊ ကမ္ဘာပေါ်ရှိ တောရိုင်းသတ္တဝါ မျိုးစိတ်ပေါင်း တစ်သန်းခန့်ကို သတ်ဖြတ်ခဲ့ကြသလို သစ်ပင်များစွာကိုခုတ်လှဲခဲ့ကြတယ်လို့ သိရပါတယ်။
ပြင်သစ်နိုင်ငံမှာရှိတဲ့ Grand Barry စီမံကိန်းမျိုးကို အမေရိကန်ပြည်ထောင်စုမှာလည်း ဆောင်ရွက်ဖို့ တောရိုင်းသတ္တဝါများထိန်းသိမ်းရေးအဖွဲ့ ASPAS က တိုက်တွန်းထားပါတယ်။ သဘောကတော့ သဘာဝကြိုးဝိုင်းတစ်ခုဖန်တီးပေးခြင်းဖြင့် လူသားတွေအတွက် အသက်ရှုဝနိုင်တယ်ဆိုတဲ့သဘောပါပဲ။
“ကမ္ဘာပေါမှာ လူသားတွေသြဇာလွှမ်းမိုးမှုမရှိတဲ့နေရာ မရှိသလောက်ဖြစ်နေပါပြီ။ လူသားတွေဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ပါဝင်ပတ်သက်နေကြတယ်” လို့ ဂျာမနီနိုင်ငံ ဖရင့်ဖတ်သတ္တဗေဒအစည်းအရုံးမှ ဇိုလတန်ကွန်က ပြောကြားလိုက်ပါတယ်။
ဥရောပတိုက်မှာ လူအခြေမချတဲ့ သစ်တောတွေမရှိသလောက်ဖြစ်နေပါတယ်။ လူသားတွေအခြေစချတဲ့ သဘာဝသစ်တောတစ်ခု ဖန်တီးဖို့နေရာ အင်မတန်ရှားပါးနေပါတယ်။ လူသားတွေအများစု ကျက်စားနေထိုင်ခြင်းမရှိတဲ့ သစ်တောတွေလည်းမရှိသလောက်ဖြစ်နေပါတယ်။
တောရိုင်းသတ္တဝါတွေ၊ မျိုးစိတ်တွေ၊ သဘာဝအတိုင်းရှိနေတဲ့ သစ်ပင်တွေ၊ ပန်းပင်တွေ၊ လူသားတွေနေထိုင်ခြင်း ကင်းမဲ့တဲ့ နေရာတစ်ခုကို ဖန်တီးခြင်းရဲ့ ရည်ရွယ်ချက်က သဘာဝအတိုင်း သီးသန့်ရှိနေတဲ့ ဂေဟစနစ်တစ်ခု ဖန်တီးရေးဖြစ်ကြောင်း ဇိုလတန်ကွန်က ပြောကြားခဲ့ပါတယ်။ ဒီသဘာဝအတိုင်းရှိနေတဲ့ တောနက်ထဲမှာ သစ်ပင်တွေထပ်မံစိုက်ပျိုးခြင်းမပြုဖို့၊ သစ်ပင်တွေ ခုတ်ထွင်းရှင်းလင်းခြင်းမပြုဖို့နဲ့ ရှိနေတဲ့ သတ္တဝါမျိုးစိတ်တွေအတွက် အန္တရာယ်ရှိစေမဲ့ နောက်ထပ် မျိုးစိတ်တွေထပ်မံ မထားဖိုဆိုတဲ့ အချက်တွေဟာ အရေးကြီးကြောင်း ဇိုလတန်ကွန်က သတိပေးခဲ့ပါတယ်။ သဘောကတော့ လူသားတွေအနေနဲ့ သဘာဝကြီးက သူ့သဘောသဘာဝအတိုင်း လုပ်ဆောင်သွားမှာကို စောင့်ကြည့် နေဖို့ပဲဖြစ်ပါတယ်။
သဘာဝတရားကြီးက သူ့သဘောအတိုင်းလုပ်ဆောင်တဲ့နေရာမှာ လူသားတွေက ဘာမှပါဝင် ပတ်သက်စရာမရှိပါဘူး။ သဘာဝဖြစ်စဉ်တွေမှာ သတ္တဝါမျိုးစိတ်တွေက အသက်ရှင်သန်ရေးအတွက် သူတို့ရဲ့အစားအစာတွေကို ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ပိုးမွှားကောင်လေးတွေနဲ့ အခြားသတ္တဝါငယ်လေးတွေဟာ ပေါက်ဖွားကြပြီးတဲ့နောက် ငှက်တွေရဲ့ စားသောက်မှုကို ခံကြရမှာဖြစ်ပါတယ်။ တောနက်ထဲမှာ အသားစားသတ္တဝါတွေ၊ အပင်စား တိရိစ္တာန်တွေ ရှိနေကြမှာဖြစ်ပြီး သဘာဝရဲ့ ရွေးချယ်မှုအရ သူတို့အသက်ရှင်သန်ရေးကို လုပ်ဆောင်နေကြမှာဖြစ်ပါတယ်။
“တစ်ချို့မျိုစိတ် သတ္တဝါတွေဟာ သဘာဝနည်းလမ်းအတိုင်း ပေါက်ဖွားရှင်သန်တာကို ခွင့်ပြုထားရမှာဖြစ်ပါတယ်။ ဂေဟဗေဒဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး သတ္တဝါတွေလွတ်လပ်စွာ ရှင်သန်ခွင့်ပြုထားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဝံပုလွှေတွေ များနေပြီဆိုရင် ဒီဝံပုလွှေတွေကို နေရာတစ်နေရာနှင့် တစ်နေရာ ဆက်သွယ်မှုမပြုအောင် ထိန်းချုပ်မှု ပြုပေးရမှာဖြစ်ပါတယ်။” လို့ IPBES ရဲ့ အကြီးအကဲ ဟင်းနရစ်မီဂွယ် ဖရီယာက ပြောကြားခဲ့ပါတယ်။
သဘာဝ တောတစ်ခု ဖန်တီးတဲ့နေရာမှာ တခြားလုပ်ဆောင်စရာတွေရှိနေပါတယ်။ မြစ်တွေမှာရှိနေတဲ့ဆည်မြောင်းတာတမံငယ်တွေဖယ်ရှားဖို့ လိုအပ်ပါတယ်။ သဘောကတော့ တောရိုင်းသတ္တဝါတွေအနေနဲ့လုံခြုံစိတ်ချရတဲ့သဘာဝပတ်ဝန်းကျင်ရရှိစေဖို့ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာရှိတဲ့ Grand Barry ဟာ သစ်တောတွေ ထူ ထပ်တဲ့နေရာမှာ တည်ရှိပါတယ်။ အကျယ်အဝန်းကဟက်တာတစ်ရာ (နှစ်ရာလေးဆယ့်ခုနှစ်ဧက) ကျယ်ဝန်းပြီးပြင်သစ်နိုင်ငံ Drome နယ်မြေမှာ တည်ရှိပါတယ်။ သဘာဝ တောအုပ်ရဲ့ မြေပြင်မှာ တောင်ဆိတ်တွေ၊ မြွေပါတွေ၊ ခွေးတူဝက်တူတွေ၊ကင်းလိပ်လျှောတွေ၊ မြွေတွေ၊ လိပ်တွေစတဲ့တွားသွားသတ္တဝါတွေရှိနေပါတယ်။ အမျိုးစုံလှတဲ့အပင်တွေလည်းရှိနေပါတယ်။ပန်းပေါင်းဝေဆာနေတဲ့အရပ်ဒေသတစ်ခုဖြစ်ပါတယ်။မိုးကောင်းကင်ကိုမျှော်ကြည့်ရင် ရွှေရောင်သိမ်းငှက်တွေသာမကပဲ အမဲလိုက်သိမ်းငှက်တွေ၊ဥရောပသိမ်းငှက်တွေလည်း ပျံဝဲနေတာမြင်တွေ့ရပါတယ်။
ရွှေရောင်သိမ်းငှက်တွေဟာဥရောပမှာရှားပါးနေပါပြီ။ သဘာဝကြိုးဝိုင်းထဲမှာ ငါးဖမ်းခြင်း၊အမဲလိုက်ခြင်း၊ လူစုလူဝေးနဲ့လာရောက်လည်ပတ်ခြင်းတို့ကိုတားမြစ်ထားသလိုမော်တော်ယာဉ်တွေ၊ဆိုင်ကယ်တွေလည်းအသုံးပြုခွင့်မပြုပါဘူး။ ဒီဒေသကြီးကိုလုံခြုံရေးတင်းတင်းကျပ်ကျပ်ထားရှိပါတယ်။လုံခြုံရေးတာဝန်ကိုနို်ငငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) ကယူထားပါတယ်။ အမျိုးသားဥယျာဉ်တွေထက်ပိုပြီးလုံခြုံရေူကိုတင်းကျပ်ထားပါတယ်။
ဒီသဘာဝတောရိုင်းကြီးထဲ ဝင်လာသူတွေဟာ မိမိစိတ်ထင်တို်ငးသွားလာခွင့်မရပါဘူး။ မြေပြင်ပေါ်မှာပြသထားတဲ့အမှတ်အသားတွေအတို်ငးသာသွားကြရပါတယ်။ သစ်ပင်ပေါ်ကကျတဲ့သစ်ရွက်တွေကိုကောက်ယူရှင်းလင်းထားတာလည်းမရှိပါဘူး။ သဘာဝအတိုင်းရှိနေတာကိုဘာတစ်ခုမှပြုပြင်ဖန်တီးမှုမပြုဘဲ ထားရှိတာဖြစ်ပါတယ်။ ယခုလိုသဘာဝအတိုင်းရှိနေတဲ့သစ်တောကြိုးဝိုင်းတစ်ခုထားရှိခြင်းအားဖြင့် ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်လို့လည်း သုတေသနပြုရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဘယ်သစ်ပင်မျိုးစိတ် တွေဟာ သဘာဝနဲ့လိုက်လျောညီထွေမှုရှိတယ်ဆိုတာ သိပ္ပံပညာရှင်တွေအနေနဲ့လေ့လာနို်ငမှာဖြစ်ပါတယ်။
“သဘာဝအတိုင်းပေါက်ဖွားရှင်သန်နေတဲ့ သစ်ပင်တွေ၊ ဟိုပင်တွေ ကိုမပြုပြင်ဘဲထားတာ အကောင်းဆုံးပါပဲ။ ဘယ်သစ်ပင်၊ပန်းပင် မျိုးစိတ်တွေဟာ ရှင်သန်နို်ငတယ်ဆိုတာလေ့လာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အမျိုးအစားတစ်ခုတည်းသီးခြားလေ့လာခဲ့မယ်ဆိုရင်ပိုကာကစားတာနဲ့တူနေလိမ့်မယ်” ဟုသဘာဝသိပ္ပံပါမောက္ခ ဂီးလက်စ်ရာယေကပြောကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ သဘာဝ ကြိုးဝိုင်းထားရှိမှုကို ဆန့်ကျင်ကန့်ကွက်သူတွေရှိနေပါတယ်။ ဝံပုလွေတွေ၊ ဝက်ဝံတွေ၊ မြေခွေးတွေရှိနေတာကြောင့်လူတွေမွေးမြူထားတဲ့အိမ်မွေးတိရစ္ဆာန်ကျွဲ၊နွားနွေအတွက်အန္တရာယ်ရှိကြောင်း ထောက်ပြကြပါတယ်။အချို့ကလည်းပြည်သူလူထုရဲ့ အစဉ်အလာစီးပွားရေးလုပ်ငန်းနဲ့အပန်းဖြေအနားယူလုပ် ငန်းတွေ ထိခိုက်မှုရှိစေကြောင်းပြောကြားကြပါတယ်။
ဥရောပတိုက်မှာနေထိုင်သူအများစုကတော့သဘာဝတရားဟာ လူတွေအတွက်လိုအပ်ကြောင်း၊ သဘာဝတရားကိုလည်းထိန်းသိမ်းရမှာဖြစ်ကြောင်းပြောကြားခဲ့ကြပါတယ်။ အမျိုးသားပန်းခြံတွေရှိနေပြီဖြစ် တာကြောင့် သဘာဝကြိုးဝိုင်းမလိုကြောင်းပြောကြားသူတွေရှိနေကြပါတယ်။ သဘာဝကြိုးဝိုင်းတွေဖော်ထုတ်ဖို့ကြိုးပမ်းနေသူတစ်ဦးဖြစ်တဲ့ဖရန်းရှက်ပါးကယခုလိုသဘာဝကြိုးဝိုင်းတွေခါးရှိ တာဟာ ဂေဟဗေဒအတွက်သာမဟုတ်ဘဲ စီးပွားရေးရှုထောင့်အရပါ အကျိုးရှိတယ်လို့ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီ၊ ရိုမေးနီးယားနဲ့ ဆွီဒင်နိုင်ငံတွေကလည်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်ဖို့ပြင်ဆင်နေပြီး ဒေသခံတွေကိုသဘာဝကြိုးဝိုင်းတွေပြုလုပ်ဖို့ငွေကြေးအထောက်အပံတွေပေးနေပါ တယ်။
Credit to မောင်ကြွယ်စိုး
၂၂.၀၈.၂၀၂၀ ထုတ် Daily Eleven Newspaper မှ ကောက်နှုတ်ဖော်ပြထားပါသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *