ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း ပင်ကြပ်နုတ်ခြင်းနှင့် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ သင်တန်း ဝိုင်းမော်၌ ကျင်းပ
“ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း ပင်ကြပ်နုတ်ခြင်းနှင့် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ သင်တန်း” အား Trocaire ၏ ရန်ပုံငွေ ပံ့ပိုးကူညီမှုဖြင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM) မှ ကြီးမှူး၍ ကို ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ လီဆူးနှစ်ခြင်း အသင်းတော်ရုံးတွင် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့အထိ ၄ ရက်တာ သင်တန်းအား ကျင်းပခဲ့သည်။
လက်ရှိ ဝိုင်းမော်မြို့နယ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းများအတွင်း ၂၀၀၆/၂၀၀၇ ခုနှစ် တည်းကပင် စိုက်ပျိုးခဲ့သော စိုက်ခင်းသက်တမ်း ၁၁/၁၂ နှစ်ရှိသည့် ကျွန်း၊ ပျဉ်းကတိုး၊ ယေမနေ စသော သစ်တောစိုက်ခင်းများသည် ပင်ကြပ်နှုတ်ခြင်းလုပ်ငန်းအား တစ်ကြိမ်မျှပင် လုပ်ဆောင်ထားခြင်းမရှိသေးပေ။ အကျိုးဆက် အနေဖြင့် သစ်တောစိုက်ခင်းများအတွင်းရှိ သစ်မျိုးများမှာ လုံးပတ်ကြီးထွားမှု အလွန်နှေးကွေး ခြင်း၊ ဖြောင့်တန်းသော သစ်ပင်များဖြစ်ထွန်းမှု နည်းပါးခြင်းနှှင့် အချို့သော သစ်မျိုးနှင့် အပင်များသည် အပင်လောင်းရိပ်မိခြင်းများကြောင့် သေဆုံးခြင်း စသည်တို့ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ပင်ကြပ်နှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပင်ကြပ်နှုတ်ခြင်းလုပ်ငန်းမှ ရရှိလာသော ရောင်းတန်းဝင်သည့် သစ်မျိုးများအား ရောင်းချနိုင်ရေး၊ အဖွဲ့ဝင်များအတွက် အကျိုးအမြတ် ပြန်လည် ခွဲဝေခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးတို့အတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များအား ပြန်လည် ဆန်းစစ်သုံးသပ်၍ ပြန်လည်ရေးဆွဲရန် လိုအပ်လျက်ရှိသောကြောင့် သစ်တောအသုံးပြုသူများအဖွဲ့ များမှ မိမိတို့၏ ကျေးရွာအလိုက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်စေရန်အလို့ငှာ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း အနေဖြင့် “ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း ပင်ကြပ်နုတ်ခြင်းနှင့် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ သင်တန်း” အား ကျင်းပရခြင်းဖြစ်ကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ စီမံကိန်း ညှိနှိုင်းရေးမှုး ဦးစည်သူထွန်းမှပြောကြားခဲ့သည်။
သင်တန်းကို လက်ရှိရေးဆွဲထားသော အစုအဖွဲ့ပိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် များကို ပြန်လည် သုံးသပ် နိုင်ရန်၊ သစ်တောသယံဇာတစာရင်းကောက်ယူထားရှိသော အချက်အလက်များကို ပင်ကြပ်နုတ်လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများအား စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်တွင် ပြင်ဆင်ရေးဆွဲနိုင်ရန်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စီးပွားရေးလုပ်ငန်း -CFE လုပ်ဆောင်မည့် အစီအစဉ်များအား စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်တွင် အသေးစိတ်ထည့်သွင်းရေးဆွဲနိုင်ရန် နှင့် ပိုမိုပြီးပြည့်စုံသော စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ပြီး၊ သင်တန်းတွင် Agro-forestry Mapping ပြုလုပ်ရန် အတွက် လိုအပ်ချက်များအား ရှင်းလင်း တင်ပြခြင်းနှင့် CF Map များ ပြန်လည်ပြင်ဆင်ခြင်း ကိစ္စရပ် များအား ဆွေးနွေးခြင်း၊ CFEလုပ်ငန်းများ ဆက်လက် ဆောင်ရွက် ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းတာဝန် ခွဲဝေမှု ကိစ္စရပ်များအပေါ် အကြံပြု ဆွေးနွေးခြင်း၊ CFE လုပ်ငန်းများ၊ သစ်ထုတ်ယူရေး လုပ်ငန်းများနှင့်ပတ်သက်၍ အကျိုး အမြတ် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်း စသည့် CF Monitoring ပိုင်းဆိုင်ရာအကြာင်းအရာများကို တက်ရောက်လာသူများမှ ဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းသို့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ သစ်တောအသုံးပြုသူအသင်းသားများ (FUA Members)၊ CF ကျေးရွာ သစ်တောအသုံးပြုသူများအဖွဲ့မှ ကျေးရွာ ဥက္ကဌများနှင့် အဖွဲ့ဝင်များ ကချင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများ စသဖြင့် စုစုပေါင်း သင်တန်းသားဦးရေ (၆၀) ဦးအထိ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် Trocaire ၏ ရန်ပုံငွေအကူအညီဖြင့် “ပြည်သူ့ကဏ္ဍ မြှင့်တင့်ခြင်းဖြင့် သယံဇာတဆိုင်ရာ ပဋိပက္ခများအား အရှိန်အဟုန်ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း စီမံကိန်း” ကို ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ် နှင့် ကော့သောင်းမြို့နယ် တို့တွင်လည်းကောင်း၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် လည်းကောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းလုပ်ငန်း၊ လူထုပူးပေါင်းပါဝင်သော ကာကွယ်ကင်းလှည့်ခြင်း လုပ်ငန်းနှင့် မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။







0 Comments