မြေယာစီးပွားအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး
Land based economic development
မြေသယံဇာတရှိသလို လူအများရဲ့ အသက်မွေးဝမ်းကျောင်းက စိုက်ပျိုးရေးအခြေခံမို့ မြေယာစီးပွားအခြေပြုဖွံ့ဖြိုးတိုးတက်ရေးက မဖြစ်မနေလုပ်ရမဲ့ ဦးစားပေးလုပ်ငန်းပဲဖြစ်ပါတယ်။ မြေယာအခြေပြုလို့ ပြောတဲ့အတွက် စိုက်ပျိုးရေး တခုတည်းမဟုတ်ပဲ မွေးမြူရေး၊ သစ်တော နဲ့ ငါးဖမ်းနဲ့ ရေနေသတ္တဝါမွေးမြူရေးတွေပါ အကျုံးဝင်ပါတယ်။
ဒီမြေယာသယံဇာတ ကို စီးပွားဖြစ်ဖို့ရည်ရွယ်ပြီး မဆင်မခြင် အသုံးချလို့မရပါဘူး။ ကန္တာရလွင်တီးခေါင် နဲ့ အဆိပ်သင့်မြေတွေဖြစ်သွားနိုင်ပါတယ်။ ဒါကို ကြောက်လို့ တနိုင်တပိုင်စိုက်ပျိုးရေး ပတ်ဝန်းကျင် နဲ့ သဟဇာတဖြစ်တဲ့ ရိုးရာဓလေ့စိုက်ပျိုးရေး၊ organic farming, Agri ecological method စိုက်ပျိုးဂေဟနည်းစနစ်တွေပဲ အသုံးပြုမယ်ဆိုပြီး ဘောင်ကျဉ်းပစ်လိုက်လို့လည်းမရပါဘူး။ လူမှုဘဝတည်ငြိမ်ရေးကို အထောက်အကူဖြစ်ပေမဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အား တရပ်အဖြစ် အပြည့်အဝအသုံးချလို့မရနိုင်ဘူးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် သဟဇာတ ဖြစ်မဲ့ စိုက်ပျိုးမွေးမြူရေးကော စီးပွားဖြစ် မြေယာအသုံးချရေး နှစ်ခုလုံးကို မျှတစွာ ပေါင်းစပ်အသုံးချဖို့လိုပါလိမ့်မယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီသလို လိုအပ်ချက်လည်းဖြစ်တယ်လို့ရှုမြင်ပါတယ်။
ဒီတော့ စီးပွားဖြစ်နဲ့ ပတ်ဝန်းကျင် တည့်တံတဲ့ မြေယာအသုံးချမှု ဘယ်လို လုပ်မလဲ ဆိုတဲ့ အမေးရှိလာပါတယ်။ ဒီအတွက် တော့ Land Assessment Evaluation ကို ရှေ့ဦးပထမ ပြုလုပ်ဖို့လိုပါတယ်။ အများနားလည်အောင်ပြောရရင်တော့ မြေယာရဲ့ ဂေဟစနစ် အခြေအနေနဲ့ ဆက်စပ်ဖြစ်ပေါ်နေတဲ့လူမှုစီးပွားကို သုံးသပ်ပြီး အကောင်းဆုံး မြေအသုံးချမှုကို ဖော်ထုတ်ဖို့ပါပဲ။ Agroecological zone တွေကို လက်ရှိ ခွဲထားသလို ခပ်ကြမ်းကြမ်း မခွဲပဲ ပိုတိကျတဲ့ အချက်အလက်တွေနဲ့ ခွဲခြားသတ်မှတ်ပေးဖို့လိုပါတယ်။ ဒီZoning အရ ဘယ်နေရာတွေမှာ intensive agriculture ကို အကောင်ထည်ဖော်လို့ရပြီး ဘယ်နေ ရာမှာတော့ Conservation Agriculture ကို အသုံးချလို့ရမလဲ ဆိုတာပေါ်လွင်လာမှာဖြစ်ပါတယ်။ Arbitrarily စိတ်ကူးနဲ့မှန်းဆ အဆိုပြုရရင်တော့ စိုက်ပျိုးမြေရဲ့ သုံးပုံတပုံကို intensive agriculture အတွက် လျာထားပြီး ကျန် သုံးပုံနှစ်ပုံကို Conservation agriculture အတွက် အသုံးပြုစေချင်ပါတယ်။ ဒီလို မတူတဲ့ စိုက်ပျိုး မွေးမြူရေး ဂေဟစနစ် ecosystem အ ခြေအနေအရပ်ရပ်ကို သိရင် မူဝါဒရေးရာ အရ ဘယ်လို input တွေ ထည့်သွင်းမယ်၊ infrastructure ရင်းနှီးမြှုပ်နှံမှုလုပ်မယ်၊ ဘယ်လို value chain တန်ဖိုးမြှင့် လုပ်ငန်း အထောက်အကူပြုတွေ လုပ်ရမယ်ဆိုတာ ကွဲကွဲပြားပြားဖြစ်လာမှာပါ။
ဒီအတွက် လိုအပ်တဲ့အရင်းအနှီးကို အစိုးရထည့်ဝင်မှုနဲ့ ရယူမလား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးတက်အောင်လုပ်မလား၊ PPP လုပ်မလား၊ community based လုပ်မလား အစရှိသဖြင့် စဉ်းစားလို့ရပါတယ်။ နည်းပညာသွင်းအားစုကိုလည်း ဒီလိုပဲစဉ်းစားနိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု ကို အံတုဖို့ မျိုးနဲ့ သီးနှံအလှည့်အပြောင်း cropping pattern တွေကို အစိုးရက ကမကထ လုပ်မှ အဆင်ပြေနိုင်ပါမယ်။ စီးပွားရေးသမား များကြတော့ scope ကျဉ်းသလို မိရိုးဖလာနည်းတွေကျတော့လည်း ပြောင်းလဲသွားတဲ့ ရာသီဥတု တခုလုံးကို ခြုံငုံစဉ်းစား လိုက်လျော ညီထွေ လုပ်ဖို့ အကန့်အသတ်ရှိတဲ့အတွက် အစိုးရက climate scenario တွေကို တိတိကျကျ ခန့်မှန်းပြီး ဒေသခံတွေရဲ့ရိုးရာဓလေ့အပေါ်မှာ အခြေခံပြီး ထပ်ဆင့် လိုက်လျော ညီထွေ တိုးတက်ပြောင်းလဲသွားအောင် လုပ်ဖို့ သုတေသနလုပ် ထပ်မံဆန်းသစ်သွားအောင်လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ ကိုယ်တိုင်သတိပြုဖို့က ကျွန်တောတို့ ပြောပြောနေတဲ့ ရိုးရာဓလေ့နည်းတွေက လွန်ခဲ့တဲ့ ရာစုနှစ် တွေတုန်းက ဖြစ်တည်ခဲ့တဲ့ မိုးလေဝသအခြေအနေတွေ အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အဖိုးတွေအဖွားတွေ တီထွင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာတည်သရွေ့အမြဲတမ်းမှန်ကန်နေတယ်လို့ထင်ရင်မှားပါလိမ့်မယ်။ ခုလက်ရှိမှာပြောင်းလဲသွားတဲ့ ရာသီဥတု ဟာ မိရိုးဖလာ ဒေသခံပညာရှင်တွေ မှန်းဆနိုင်တဲ့ ဘောင်ရဲ့ ပြင်ပမှာရှိနေတဲ့အတွက် သိပ္ပံပညာရှင်တွေရဲ့ အကူအညီကို ယူပြီး ရှိပြီးသား အလေ့အထကောင်းတွေ ကနေတဆင့် နောက်တဆင့် ဘယ်လို တိုးတက်အောင်လုပ်မလဲ၊ ပေါင်းစပ်မလဲလိုနေတာပါ။
ဒီအတိုင်းပဲ သိပ္ပံပညာရှင်အများစုဟာ intensive economic model အပေါ်မှာ အခြေပြုတဲ့ စနစ်ကနေ မွေးဖွားလာတဲ့ ပညာရပ်ပိုင်းဆိုင်ရာ အသိတွေကို တရားသေ စုတ်ကိုင် မထားပဲ ရိုးရာဓလေ့ အသိပညာ indigenous knowledge နဲ့ ပေါင်းစပ်ဖို့ လိုနေပါတယ်။ မြန်မာ နိုင်ငံမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် ဒီအုပ်စု နှစ်စုဟာ ငါတို့သာ အမှန်ဆုံး ဆိုတဲ့ blame game သာ လုပ်နေကြပြီး ပေါင်းလုပ်ဖို့ ကြိုးစားကြတာ မမြင်မိပါဘူး။ ဒီနောက်မှာ technology နားမလည်တဲ့ နိုင်ငံရေး သမားတွေရဲ့ ထင်ရာ ယိမ်းတဲ့ မူဝါဒ အမှားတွေ က ပြဿနာကို နက်ရှိုင်းစေပါတယ်။ ထင်ရှားတဲ့ ဥပမာတွေ က ရွှေ့ပြောင်းတောင်ယာ ပပျောက်ရေး စီမံချက်တို့ မြေလွတ်မြေရိုင်း ဥပဒေ တို့ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ အချိန်ငါးနှစ်သာ ကုန်လွန်သွားပေမဲ့ အာဏာရ အစိုးရဟာ ရွေးကောက်ပွဲ ကြေငြာချက်မှာ ပါတဲ့ ကတိကဝတ်အတိုင်းတောင် ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး၊ မြေသိမ်း အစိုးရ မဟုတ်ဘူးလို့ ကြွေးကျော်နေရာကနေ မြေသိမ်းအစိုးရ လက်သစ် ဖြစ်လို့လာနေပါပြီ။ အထက်မှာ ရေးခဲ့ သလို Agroecological zoning လုပ်ဖို့ဆိုရင် မြေသယံဇာတဆိုင်ရာ အချက်အလက်တွေ အများအပြားလိုပါတယ်။ ဒီလုပ်ငန်းကို အထောက်အကူပြုဖို့ နိုင်ငံ တကာ က ပုံအော ပံပိုးထားတဲ့ One map စီမံကိန်းရှိပါတယ်။ ဒီစီမံကိန်းဟာ ကောင်းကောင်း မလည်ပတ်နိုင်ပါဘူး။ ဘယ်သူဦးဆောင်မလဲ ဆိုတဲ့ ပြဿနာရှိရုံတင် မကဘူး အဓိကတာဝန်ရှိတဲ့ ဌာနက အတိတ်က အမဲစက်တွေ ပေါ်မှာစိုးလို့ အရှိအဖြစ်ပဲ လုပ်ပြီး ဂျက်စီဂျိမ်းပါတယ်။ ဒီဌာန ကို ကြီးကြပ်ရမဲ့ နိုင်ငံရေးသမားက ဘာသာရပ်ပိုင်း ဆိုင်ရာ အတိမ်အနက်ကို နားမလည်ဘူး၊ ဒါမျိုးက ဖေ့ဘွက်ထဲ မှာ zoom ခေါ်ပြီးတနာရီ လောက်ဆွေးနွေးရုံနဲ့ မရ၊ မြို့တခါမှ မရောက်ဘူးတဲ့ ရွာသား ဆီဒိုနား က ပီဇာကျွေးမယ်ပြောတော့ ပီဇာဆိုတာ နံပြားလို ဝိုင်းဝိုင်းကြီး ဆိုတာ လောက်ပဲ မှန်းမြင်နိုင်ပြီး ဘယ်လိုမှ အတိမ်အနက်မသိ နိုင်သလို ဖြစ်ပုံရပါတယ်။ Act of ignorance လို့ဆိုတဲ့ လစ်လျူရှုမှု အတွက် ပေးဆပ်ရတဲ့ အတိုင်းအတာက အတော်ကို ကြီးမားပါတယ်။ တိုင်းပြည်ရဲ့ အရေးကြီးဆုံး မြေယာစီးပွားရေးဟာ တိုးတက်သင့်သလောက် မတိုးတက်နိုင်တော့ပါဘူး။
ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့သလို စျေးကွက် စီးပွားရေးရဲ့ အခြေခံ ဒေါက်တိုင်သုံးခု ဖြစ်တဲ့ land, labor, capital ထဲမှာ မြေယာမှ စီမံခန့်ခွဲ နိုင်မှု မရှိရင် တိုင်းပြည်စီးပွားရေးဟာ ခိုင်မာမှု မရှိနိုင်ပါဘူး၊ မြေယာ ကိစ္စ တွေ ဒီဇင်ဘာလ အတွင်း အပြီးအပြတ်ဆောင်ရွက်ပါ ဆိုပြီး စာထုတ်အမိန့်ပေးရုံနဲ့တင်မရပါဘူး၊ ကျွမ်းကျင်သူများအဖွဲ့နဲ့ ထဲထဲဝင်ဝင် တာဝန်ရှိသူတွေ ဘာကြောင့် အကောင်ထည် မဖော်နိုင်ရတာလည်းကို ဆန်းစစ် ဖော်ထုတ်ပြီး ပြုပြင်သွားရမှာ ဖြစ်ပါတယ်။
ချုပ်ရရင်တော့ မြေယာ စီမံခန့်ခွဲမှု အတိမ်အနက် ကို နားမလည်တဲ့ အတွက် မြန်မာပြည်ရဲ့ မြေယာ အခြေပြု စီးပွားဖွံ့ဖြိုး တိုးတက်ရေးဟာ အလှမ်းဝေးကွာဆဲပါ။ နောက် ငါးနှစ်မှာတော့ မြေယာ စီမံခန့်ခွဲမှု ကို အသေအချာ လုပ်နိုင်မဲ့ အစိုးရသစ်ကို မြင်ချင်မိပါတယ်။ ဒါမှ မဟုတ်လဲ နောင် ဘဝမှာဖြစ်ဖြစ်ပေါ့။
Sayar Win

0 Comments