ဒုတိယနှင့် တတိယအကြိမ် မြန်မာနိုင်ငံ EITIT အစီရင်ခံစာများ (၂၀၁၄-၂၀၁၅နှင့် ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်) ထုတ်ပြန်ကြေညာခြင်းနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၌ နေပြည်တော်၊ Horizon Lake View ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ လက်ရှိ EITI အခြေအနေမှာ ကောင်းကျိုးအနေဖြင့် နိုင်ငံရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခင်းအကျင်းတစ်ရပ် ဖော်ဆောင် နိုင်ခဲ့ကြောင်း၊ ဆိုးကျိုးများအနေဖြင့် ပေါ့ဆမှုများကြောင့် အရေးပါပြီး အရာမရောက် ဖြစ်နေကြောင်း၊ အပြစ်ပေး အရေးယူမှုများ မရှိဘဲ ကဏ္ဍအသီးသီးကို ထောက်ပြပြောဆိုနိုင်မည့် Champion Leadership ပျောက်နေကြောင်း မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ဝင်ဖြစ်သူ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အမှုဆောင်ဒါရိုက်တာ ဦးဝင်းမျိုးသူမှ ထောက်ပြပြောဆိုခဲ့သည်။
EITI သည် ကိန်းဂဏန်းများအပေါ်အခြေပြုပြီး မူဝါဒတစ်ရပ်ပေါ်ပေါက်လာရေး ဆောင်ရွက်ရသည်ဖြစ်ရာ
(က) လက်ရှိအစိုးရမှ သယံဇာတ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် ပင်မလမ်းကြောင်းဖြစ်သည့် Production Contract Sharing ပုံစံအပြင် ပိုမိုကောင်းမွန်သည့် ပုံစံကျင့်သုံးနိုင်ရေး
(ခ) Stakeholder Enterprise တွင် အစိုးရ၏ စီးပွားရေးအခန်းကဏ္ဍ
(ဂ) ဥပဒေကို စောင့်ကြပ်ကြည့်ရှုနိုင်မည့် အစိုးရ၏ အခန်းကဏ္ဍ (အထူးသဖြင့် သတ္တုတွင်း)
(ဃ) သယံဇာတနှင့် ပတ်သက်သည့်လုပ်ငန်းများတွင် (ရွှေ၊ သဘာဝဓာတ်ငွေ့ ရောင်းချမှု အစရှိသည်) နိုင်ငံတော်က အချိုးကျ ရရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ စီစစ်နိုင်ရေး
(င) လက်ရှိအချိန်တွင် ဗဟိုအစိုးရက ပြည်နယ်အစိုးရအား ခွဲဝေပေးမှုမရှိခြင်းနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးနိုင်ရေး
(စ) လက်ရှိ သတ္တုတွင်းလုပ်ငန်းများတွင် Cooperate Social Responsibility များနှင့်ပတ်သက်၍ အောက်ခြေအထိ ပြန်လည်ခွဲဝေပေးခြင်းမှာ မရှိသလောက် နည်းပါးနေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ မူဝါဒများ ထွက်ပေါ်လာရေး
စသည့် ခေါင်းစဉ်တစ်ခုချင်းအလိုက် လွှတ်တော်နှင့် မီဒီယာများမှ Debate လုပ်သင့်သည်ဟု ဦးဝင်းမျိုးသူမှ အကြံပြု တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ ညှိနှိုင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းခွဲကော်မတီဝင်များ၊ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစီရင်ခံစား ပြုစုတင်ပြရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သံရုံးများမှကိုယ်စားလှယ်များ၊ အခြား ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ စသည်ဖြင့် ဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

0 Comments