ရန်ကုန်မြို့ရှိ နေရာ ခုနှစ်ခုရှိ သောက်သုံးရေတွင် ညစ်ညမ်းမှု ဖြစ်ပေါ်နေ

ရန်ကုန်မြို့တွင်း ရေပေးဝေရေးစနစ်မှ ဖြန့်ဖြူးနေသော သောက်သုံးရေတွင် ဘက်တီးရီးယားညစ်ညမ်းမှု ရှိ ၊ မရှိ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ နေရာ ခုနှစ် နေရာတွင် ညစ်ညမ်းမှုများရှိသည့်ကိုတွေ့ရှိ ရကြောင်း စိမ်းလန်း အမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက ထုတ်ပြန်ခဲ့သည်။
မြောက်ဥက္ကလာ ၊ တောင်ဥက္ကလာ ၊ တာမွေ ၊ စမ်းချောင်း ၊ လှိုင် နှင့် သာကေတမြို့နယ် ခြောက်မြို့နယ်အတွင်း ရှိရပ်ကွက်ရှစ်ရပ်ကွက်မှရေနမူနာရှစ်ခုကောက်ယူ၍ အနုဇီဝဓါတ်ခွဲခန်း နည်းစဉ်တစ်ခုဖြစ်သည့်Most Probable Number Method ဖြင့် ဓါတ်ခွဲစမ်းရာတွင် ယင်းကဲသို့ အဖြေထွက်ရှိခြင်းဖြစ်သည်။
ဘက်တီးရီးယားများထဲမှ ကော်လစ်ဖောင် ဘက်တီးရီးယားအုပ်စုကို အဓိကထား စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ထိုမှတစ် ဆင့် လူ နှင့် တိရစ္ဆာန် အညစ်ကြေးများတွင် ပေါက်ပွားလေ့ရှိသည့် ဘက်တီးရီးယားဖြစ်သော အီကိုလိုင် ပိုးရှိ ၊ မရှိ ထပ်မံစစ်ဆေးခဲ့ခြင်းဖြစ်သည်။
စမ်းသပ်စစ်ဆေးခြင်းအရ တောင်ဥက္ကလာ ၊ ၉ ရပ်ကွက်တွင် ကောက်ယူရရှိသည့် ဂျိုးဖြူရေ သန့်ရှင်းသည့်က လွဲ၍ ကျန်မြို့နယ် ငါးမြို့နယ်မှ ရပ်ကွက်များတွင် ကော်လစ်ဖောင် စံသတ်မှတ်ချက်သည် ကနေဒါ သောက် သုံးရေ စံသတ်မှတ်ချက်ထက်ကျော်လွန်နေသည့် ကိုတွေ့ရှိရပြီး ရေညစ်ညမ်းမှုများဖြစ်ပေါ်လျှက်ရှိသည်။
စမ်းသပ်စစ်ဆေးခဲ့သော ရပ်ကွက်များမှ လှိုင်မြို့နယ်ရှိ ၁၀ ရပ်ကွက် ၊ ၁၃ ရပ်ကွက် ၊ ၅ ရပ်ကွက် နှင့် မြောက် ဥက္ကလာ ၊ စက်မှုဇုံ ၊ ဘောဂဗလလမ်း ၊ တောင်ဥက္ကလာ ၉ ရပ်ကွက် ၊ တာမွေ မအူကုန်းရပ်ကွက် ၊ စမ်းချောင်း အောင်ချမ်းသာရပ်ကွက် ၊ သာကေတ မာန်ပြေ ရပ်ကွက်တို့ဖြစ်သည်။
လူနှင့် တိရစ္ဆာန်အညစ်ကြေးများတွင် ပေါက်ပွားလေ့ရှိသည့် အီကိုလိုင် ဘက်တီးရီးယားကိုမှု မတွေ့ရှိရကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဓါတ်ခွဲခန်းက မတ် ၅ ရက်တွင် ထုတ်ပြန်ကြေငြာထားသည်။
အစင်အညစ်ကြေးများတွင် တွေ့ရသော အီကိုလိုင် ပိုးကို လေ့လာစူးစမ်းမှုတွင် မတွေ့ရှိရသော်လည်း ရေပိုက် များနှင့် မစင်အညစ်ကြေးများ ထိစပ်နေသော နေရာများတွင်ရှိနိုင်သဖြင့်လေ့လာစူးစမ်းမှုများ တစ်မြို့လုံးအတိုင်း တာဖြင့် ဆောင်ရွက်သင့်သည့်ဟု အသင်းက အစိုးရအား အကြံပြုထားသည်။
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် အကျိုးမြတ်မယူသည့် အစိုးရမဟုတ်သည့် အရပ်ဖက် လူ့အဖွဲ့စည်းတစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂအ ဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ အနှံရှိ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ အခမဲ့ စမ်းသပ်ပေးနေသည့် သဘာဝပတ်ဝန်းကျင်ဓါတ်ခွဲခန်းတစ်ခုလည်း ဖြစ်သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *