IT IS TIME!!

အချိန်တန်ပြီ …..

ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီတွေ သုံးလ နာပေမဲ့ ကိုယ်တွေမှာတော့ အန္တရာယ် ကျရောက်နိုင်မဲ့ လုပ်ကွက် ကမ်းပါးယံတွေ အမြောက်အများ ရှိနေတာကြောင့် စိုးရိမ်နေရတယ် ။
လုပ်ကွက် ကမ်းပါးများပြိုကျနိုင်တဲ့နေရာတွေကတော့ မက်လင်ချောင် YTTကုန်း ခိုးကျင်းကမ်းပါးတွေ ၊ ကောင်စံ ရွာနားက စိန်လုံတောင်ကြော၊ မော်လကင်နဲ့ နမ့်မှော်ရွာနားက ရတနာစမ်းရွှင် တောင်ကြော၊ ဘဇံချောက် ၊စပေါ့ ၊ ဝှေခါ၊ ဆန်ခါ ရွာအနီးက နွံကန် ၊မော်မောင်းလျှံ၊မော်ဝမ်းကြီး၊မော်ဝမ်းလေး ရွာတွေနားက လုပ်ကွက် ကမ်းပါးကြီးတွေဟာ မိုးများလွန်းရင် ပြိုကျနိုင်ပါတယ် ။
အဲဒီလို ပြိုကျနိုင်ဖွယ်ရှိတဲ့ နေရာတွေမှာ တနိုင်တပိုင် ကျောက်စိမ်းမတူးဘို့ တားမြစ်ရပါ့မယ် ။ ရေမဆေးကို အထိရောက်ဆုံး တားမြစ်နိုင်တာ ရေမဆေးလောပန်းပါ ။ရေမဆေးလောပန်းကို ထိန်းချုပ်ကိုင်တွယ်ဘို့အနီးစပ်ဆုံးက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်မှူးတွေပါ ။
ကျေးရွာ နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ကိုင်တွယ်လို့ရတာ မြို့နယ် အုပ်ချုပ်ရေးမှူးပါ ။မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ စီမံဆောင်ရွက်မှုအားလုံးကို အထမြောက်အောင်မြင်ဘို့ ဆိုရင် ရဲတပ်ဖွဲ့က ပူးပေါင်းကူညီမှ ရပါ့မယ် ။ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရလာဒ်ကောင်းထွက်ဘို့ဆိုရင် ရဲတပ်ဖွဲ့ကို ရဲတပ်ရင်းက ပူးပေါင်းကူညီရပါ့မယ် ။ရဲတပ်ရင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တပ်မတော်က ဝန်းရံ ပူးပေါင်းရပါ့မယ် ။
ရဲတပ်ဖွဲ့ နှစ်မျိုးရှိတဲ့ ဖားကန့်
ဖားကန့်မှာ ရဲတပ်ဖွဲ့ နှစ်မျိုးရှိပါတယ် ။ပထမတဖွဲ့က ဖားကန့်မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေရတဲ့ မြို့နယ်ရဲတပ်ဖွဲ့ပါ ။
ဒီရဲတပ်ဖွဲ့က ဖားကန့်မြို့နဲ့ကာမိုင်းမြို့ အပါအဝင် လုံးခင်း၊ဆိပ်မူ၊တာမခံ၊ဆယ်ဇင်း စတဲ့ နေရာတွေက ရဲအင်အား အားလုံးပေါင်းလို့ သုံးရာတောင်ပြည့်မယ်မထင်ပါ။
တူးဖော်ရေးရာသီချိန်မှာ ရေမဆေးကြီးပဲ လူအင်အား ၂ သိန်းအထက်ရှိတယ် ။ကျန်တဲ့သာမန်ပြည်သူ မပါသေးဘူး။ ရဲအင်အားနဲ့ ရေမဆေးအင်အား မျှလားမမျှလား စဉ်းစားစရာတောင်လိုမယ်မထင်ပါ ။ဒုတ် ဓါး လက်နက်နဲ့ ခုခံဘိုမပြောနဲ့ တံတွေးနဲ့ ဝိုင်းထွေးရင်တောင် ရေမဆေးအုပ်က ရဲတပ်ဖွဲ့ကို နိုင်ပါတယ် ။
ဒုတိယ ရဲတမျိုးကတော့ တိုက်ခိုက်ရေး ရဲတပ်ရင်းတွေပါ ။အရပ်သားတွေကတော့ သူတို့ ကို စစ်ရဲလို့ ခေါ်နေတာကိုကြားရပါတယ် ။ ဖွဲ့စည်းပုံနဲ့ အသုံးအနှုံးတွေကအစ တပ်ဘက်နဲ့ပိုနီးတာကိုတွေ့ရပါတယ် ။ရဲတပ်ရင်း တပ်ရင်းမှူး၊ရဲဗျူဟာမှူးဆိုတာမျိုးတွေ ခေါ်တာကြားရတယ် ။ကိုင်တဲ့ သေနတ်တွေက အစ သာမန်ရဲတွေထက် ပိုကောင်းပိုမြင့်တယ်လို့ကြားသိမြင်တွေ့ရတယ် ။
ရဲစစ်စစ်တွေလည်းပါသလို စစ်ဗိုလ် စစ်သားတွေလည်းပါတာကိုတွေ့ရတယ် ။သူတို့မှာက တပ်ရင်း တပ်ဖွဲ့တွေ ရှိပါတယ်။ တကယ်တော့ ဒီရဲတပ်ရင်းတွေကို သွားလေသူ စစ်ဗိုလ်ချုပ်တွေက ဖန်တီးဖွဲ့စည်းလိုက်တာပါ ။စစ်တပ်ဟာ အုပ်ချုပ်ရေးမှာ ပြည်သူလူထုကို အနီးကပ်တိုက်ရိုက် ကိုင်တွယ်လို့မရ ၊ ကိုင်တွယ်ရင်လည်း ကမ္ဘာက လက်ညှုးထိုးမှာကြောက်( မဟုတ်လည်း တချိန်လုံး လက်ညှိုးထိုးခံနေရတာ😂) ၊ ရဲစစ်တွေကြီးပဲကို မယုံတာလည်းပါတော့ စစ်တပ်က တဝက် ရဲစစ်စစ်က တဝက် မစ်စ်လုပ်လိုက်တဲ့ သဘောပါပဲ ။ရလာဒ်က ရဲတပ်ဖွဲ့ဆိုတာ ပြည်သူ့ချဉ်ဖတ် ဖြစ်သွားပြီး ဇာတ်တူသားစားတဲ့ လိင်အကြမ်းဖက်သူ တွေ ပေါ်လာရတဲ့ အထိ ဂုသိက္ခာ ကျဆင်းလာရတာပါပဲ ။ပြောချင်တာကို ဆက်ရရင် …
ဒုတိယ အမျိုးအစား ရဲတပ်ရင်းတွေရဲ့အလုပ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းက နိုင်ငံတော်နဲ့ အကျိုးလုပ်ကွက်တွေကို လုံခြုံရေး ယူပေးရတာ ။ ဘာလုံခြုံရေးလဲ ဆိုတော့ လုပ်ကွက်ထဲရေမဆေး မဝင်ရောက်ရေး တားပေးရတာ ။ကျောက်စိမ်းတွင်းက လုပ်ကွက်လုံခြုံရေး ရဲတပ်ရင်းတွေအကြောင်း နောက်မှ စာတစောင်ပေတဖွဲ့ ဆောင်းပါးရေးပါ့မယ်။ ဒီနေရာမှာတော့ ဒီလောက်မျှသာ။
ဒီရဲတပ်ရင်းတွေက နိုင်ငံတော်ရဲ့ လုပ်ကွက်တွေကို တာဝန်ယူစောင့်လျှောက်ရတဲ့တာဝန်ပါ ။ (အမှန်တော့ ကုမ္မဏီလုပ်ကွက်ပါ 😂) တာဝန်ကျေ မကျေတော့ မသိပါ ။ တောင်ထိပ်မှာ ရဲတပ်ရင်းက စခန်းထိုင်ထားတယ် ။တောင်ခြေမှာ စက်ယန္တယားတွေနဲ့ ငရဲပွက်သလို ကျောက်စိမ်း ခိုးတူးနေကြတယ် ။ YTT တောင်ကုန်းတခြမ်းကုန်သွားတယ် ။ ရဲတပ်ရင်းက မသိလိုက်ဘူး ။ဒါတင် မကပါဘူး ။ သက်တမ်းကုန် လုပ်ကွက်တွေမှာ တူးနေတဲ့ စက်ယန္တယားတစီးကို တလ ရှစ်သိန်း ကောက်စားကြတယ် ။ သတင်းထောက်ဇော်မိုးထက်ကို တလ သိန်းငါးဆယ်ခွဲပေးရတယ်ဆိုပြီး အရာရှိကြီး တဦးက သူခိုးလုပ်ငန်းရှင်တဦးကို ဝါဒဖြန့်လိုက်ပြန်တယ် ။ ကျနော့်မှာ မပြုံးပဲ ဝါးလုံးကွဲ ရယ်နေရပြန်တယ် ။ ခိုးကျင်းနဲ့ပတ်သက်ရင် ဟိုလူတွေသာ မရှိရင် Live တောင်လွှင်ပြရဲပါတယ် ။ ခုတော့ ကိုယ့်ပါကို ခိုးစားတာ ငြိမ်ငြိမ်မနေပဲ ဖင်ယားပြီး သတင်းထောက်ပါ ဆွဲထည့်နေမှတော့ အောက်ဖဲတွေ လှန်ပြမှပဲ ပြည်သူတွေက အမြင်ရှင်းသွားကြမှာပါ ။
ပြောချင်တဲ့အကြောင်းအရာထဲကို မဆိုင်တဲ့ အစာတွေ သွပ်တာ များသွားပါပြီ ။ပြောချင်တာကို ဒုတိယံမိ ပြန်ကောက်ရရင် အန္တရယ်ရှိတဲ့ နေရာတွေကို ရေမဆေးတွေ ကျောက်မတူးဘို့ လုပ်ကွက်လုံခြုံရေး ရဲတပ်ရင်းနဲ့ တပ်က ပူးပေါင်းဆောင်ရွက်ပြီး တားဆီးရပါ့မယ် ။ရေမဆေးလုပ်ငန်း လုပ်ကိုင်သူတွေကို စာရင်းပြုစုပါ။ ရေမဆေးဘယ်လောက်မွေးထားလဲ ဆိုတာ မှတ်ပုံတင်နဲ့တကွက် စာရင်းပြုစုထားရပါ့မယ် ။ပညာပေးစည်းရုံးဟောပြောပါ ။ဥပဒေကြောင်းအရ အရေးယူခံရနိုင်ဘွယ် ရှိတဲ့ ဥပဒေနဲ့ပုဒ်မတွေအကြောင်းရှင်းပြပါ ။ပြီးရင်တကယ်အရေးယူဆောင်ရွက်တော့မယ့်အကြောင်း ရှင်းပြရပါမယ် ။
ဝှေခါ မြေပြိုမှုက ရေမဆေးလောပန်းတွေကို ဖြုန်းစားကြီး လိုက်ဖမ်းတာ ဥပဒေကြောင်းအရ မှန်ပေမဲ့ အခြေအနေရ မမှန်ပါဘူး ။ ကံ ခါက (၁၁၄)ယောက်သေဆုံးမှု ၊ ဖဝါမှော်က (၂၉) ယောက် သေဆုံးမှု ၊ဖားပြင်ရွာနှင့် မမုံရွာက ( ၂၇ ) ယောက် သေဆုံးမှု၊ မော်မောင်းလျံက (၅၄)သေဆုံးမှု ၊ ကောင်စံရွာက ( ၂၁)ယောက် သေဆုံး တွေကို ဘယ်လို အရေးမလဲ ဆိုတာမေမးခွန်းထုတ်စရာ ဖြစ်လာပါမယ် ။
သဘာဝ ဘေးအန္တရာယ်တခုခုကြောင့် ရေမဆေးတွေ အစုလိုက်အပြုံလိုက်သေရင် အရင်ဆုံး လုပ်ကွက် လုံခြုံရေးယူထားတဲ့ ရဲတပ်ရင်းနဲ့ တပ်ကို အရေးယူရပါ့မယ် ။တိုက်ရိုက်ထိတွေ့ဆက်ဆံရသူတွေမိုဘပါ။ ကင်းလှည့်နေတဲ့ လုံခြုံရေး အပါအဝင် ရဲတပ်ရင်းတွေနဲ့ ရေမဆေးလောပန်းတွေရဲ့ လက်ဝါးရိုက်တဲ့အကွက်တွေက မှော်ထဲမှာ ဒုနဲ့ဒေး ရှိနေတာမို့ပါ ။ အန္တရာယ်ရှိတဲ့ ကမ်းပါးတွေပေါ်မှာ လက်ကျင်းတွေကို သိန်းပေါင်း ဆယ်ဂဏန်းရောင်းစားနေတာက ရေမဆေးလောပန်းနဲ့ သေနတ်ကိုင်တဲ့အဖွဲ့တွေ အားလုံး ပါပါတယ် ။ရေမဆေးတွေ အစုံအပြုံလိုက်သေတော့ ကျင်းရောင်းတဲ့ လူတွေ တယောက်မှ ပေါ်လာတာမတွေ့ရပါ ။
ကုမ္မဏီတွေက ဒေသမှာ ရှိတဲ့ အာဏာပိုင် လက်နက်ကိုင်တွေနဲ့ပေါင်းပြီး စည်းပျက် ကမ်းပျက် ဥပဒေမဲ့ ပက်ပက်စက်စက်ကို တူးပါတယ် ။အာဏာပိုင်နဲ့ လက်နက်ကိုင်အားလုံးအပါအဝင်အောက်ခြေဝန်ထမ်းအကုန်လုံးက အထက်အဆင့်ဆင့်ကို ၁၀၀ရာခိုင်နှုံးလိမ်လည်တင်ပြပါတယ် ။အထက်အဆင့်ဆင့်ကလည်း ၁၀၀ရာခိုင်နှုံးပြောသမျှကို ယုံနေပြန်ပါတယ် ။ အဖွဲ့အစည်းလည်း မဟုတ် ပဲ လွပ်လပ်တဲ့ ကိုယ်စားလှယ်တော်ကြီးတွေကလည်း ရေမဆေးနဲ့ပတ်သက်ရင် ရဲရဲဝံ့ဝံ့တင်ပြရဲသလောက် ကုမ္မဏီတွေရဲ့ စည်းကမ်းနည်းလမ်း ဥပဒေ ချိုးဖောက်မှုတွေကို ထောက်ပြဘို့ အတန်အသင့်ပျက်ကွက်နေတယ်လို့ ထင်မိပါတယ် ။တက်လာခါစက မပြောတော့ ၊မကျယ်တော့ ။အခက်အခဲကိုယ်စီ ရှိကြဟန်တူပါတယ် ။
ကုမ္မဏီတွေကို အရေးယူဘို့ အချိန်တန်သလို ရေမဆေးလောပန်းတွေကိုလည်း အရေးယူဘို့ အချိန်တန်ပါပြီ ။ ကုမ္မဏီတွေရဲ့ ဥပဒေမဲ့တူးဖော်မှု၊ ဥပဒေမဲ့ မြေစာစွန့်ပစ်မှု များကြောင့် ကမ်းပါးပြို၊ တောင်ပြို ၊မြေစာပုံပြို ၊လုပ်ကွက်ဟောင်းနွံကန်ပွင့်ကျပြီး လူပေါင်းများစွာ အစုလိုက်အပြုံလိုက်သေခဲ့ရသလို ၊ အန္တရာယ်ရှိနိုင်တဲ့နေရာတွေကို သွားရောက်လုပ်ကိုင်ခြင်းမပြုအောင် သတိပေး တားမြစ်ဘို့ တာဝန်ပျက်ကွက်ခဲ့တဲ့ ရေမဆေးလောပန်းတွေကိုလည်း အရေးယူဘို့ အချိန်တန်ပါပြီ ။ဥပဒေနဲ့ အညီ လုပ်ဆောင်ခြင်းမရှိတဲ့သူတွေကို ဆိုင်ရာဥပဒေများနဲ့ အရေးယူရန်ပျက်ကွက်ခဲ့တဲ့ တပ်အပါအဝင် ရဲတပ်ရင်းနဲ့ ဌာနဆိုင်ရာ အကြီးအကဲများကိုလည်း ထိထိရောက်ရောက် အရေးယူဘို့လည်း အချိန်တန်ပါပြီ ။ ဒီအထဲမှာ တရားစီရင်ရေး မဏ္ဍိုင်သည် အဓိက ဖြစ်ပါတယ် ။ ရဲက ဘယ်လောက်ဖမ်းပေးပေး တရားရုံးရောက်ရင် ကွင်းလုံးကျွတ်သွားတာတွေ အတော်များနေပါပြီ ။
ငါးနှစ်သက်တမ်းကာလမှ အဓိက ကျောက်စိမ်းကဏ္ဍ ကျောက်မျက်ဥပဒေ အပါအဝင် ဖားကန့်အရေး၊ မူးယစ်ဆေးဝါးအရေးတွေကို “ ပြည်သူ့အသံ လွှတ်တော်အသံ “ ဆိုတဲ့ နေရာကြီးမှာ လောက်လောက်လားလား ခြေစွမ်းမပြနိုင်ကြသူတွေကိုလည်း …..ဘာညာ ဘာညာ ( မပြောရဲဘူးဗျာ ကြောက်လို့ ။ ဖြည့်သာ ဖတ်သွားကြ ။စစ်တပ်ကို တပြားမှမတန်အောင်ပြောတာ ဘာမှမဖြစ်ခဲ့ဘူး ။အမေ့သားတို့ကိုကျ မပြောရဲဘူးဗျ ) ။သက်သေအထောက်အထားတွေ ခိုင်ခိုင်မာမာ ရှိနေရက်နဲ့ အသက်ကို နှမျောပြီး သတင်းအမှန်ကို ရေးမပြ ရဲတဲ့ သတင်းထောက်တွေကိုလည်း စုတ်ပြတ်သတ်နေအောင် ဆဲဆိုဘို့ အချိန်တန်ပါပြီ ။
ဒါထက်ဆိုးတာက ကင်မရာတလုံးရှိရင် သတင်းထောက်ဖြစ်ပြီဆိုပြီး တက်ကြွလှုပ်ရှားသူလား ၊ ရဲအင်ဖော်မာလား ၊ ဟိုဘက်က အင်ဖော်မာလား ၊ ဘာမှန်းတော့မသိ ၊ လူကြီးလာတိုင်းရှောင်လို့မလွတ်တာလည်း ၄င်းတို့ပါပဲ ။ဓါတ်ပုံကောင်းတွေရတာလည်း သူတို့ဆီကပဲ ။ ကောင်းတာတွေလည်း အများကြီးပါ ။သတင်းထောက်လုပ်ရင်ထောပြီဆိုပြီး တက်ကြွလှုပ်ရှာသူတွေ ၊ ပါတီတချို့ကလူတွေ အခြေခံ သတင်းစာပညာသင်တန်းတောင် တခါမှ မတက်ပဲ သတင်းလောကထဲ ခြေစုံပစ်ဝင်လာလိုက်ကြတာလည်း ဒုနဲ့ဒေးပါပဲ ။သတင်းထောက်က အင်တာဗျူးမေးရင် Live တောင်လွှင့်လိုက်သေး ။
သတင်းထောက်နဲ့ ရဲတပ်ဖွဲ့အမှတ်မှားပြီးဝင်လာသလားမပြောတတ်ပါ။အနှိပ်ခန်း ၊ပြည့်တန်ဆာခန်း ၊မူးယစ်ကုန်သည် ၊ တလုံးဒိုင်၊နှစ်လုံးဒိုင် ၊သုံးလုံးဒိုင်နဲ့ ဒုစရိုက်လုပ်ငန်းမှန်သမျှမှာ မီဒီယာကြေးဆိုပြီး စကားလုံးအသစ်ဟာ ရေပန်းစားလာပါပြီ ။မကြာခင်မှာ သတင်းထောက်အမည်ခံတွေက ခိုးတူးကျင်းတွေမှာ အစုတောင်းတာ ၊ ဘိခန်းမှာ အကြွေးထားသွားတာ ၊ ငါသတင်းထောက်ကွဆိုပြီး ဖရီးကစ်တာ၊ ဘောလုံးပွဲ အကြွေးလောင်းသွားတာ မျိုးတွေ ကြားလာရနိုင်ပါတယ် ။ဒါတွေကိုလည်း ဖော်ထုတ်အရေးယူဘို့ အချိန်တန်ပါပြီ ။ ပြည်သူတွေက လည်းပူးပေါင်း ပါဝင်ပြီး ဖော်ထုတ်ပေးဘို့လည်း မေတ္တာရပ်ခံချင်ပါတယ် ။
အနှစ်ချုပ်ရရင် လုပ်ပိုင်ခွင့်ရှိသူအဆင့်ဆင့်ကသာ အဂတိ တရားတွေကင်းခဲ့မယ်ဆိုရင် ရေမဆေးတွေဟာ အစုလိုက်အပြုံလိုက်သေစရာ အကြောင်းမရှိပါ ။
အားလုံးကျန်းမာ ချမ်းသာကြပါစေ …
ဇော်မိုးထက် (ဖားကန့်)

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *