ရှမ်းတောင်သူတွေ လှူတဲ့ မုန်လာထုပ်

ရှမ်းတောင်သူတွေ လှူတဲ့ မုန်လာထုပ်
#Travelling journal
တစ်ကြိမ်တခါမှ မကြားဖူးသေးသည့် စကားတစ်ခွန်း၊ မြင်ကွင်းတစ်ခုက ဆီးလို့ကြို လာခဲ့ပါသည်။
ဂေါ်ဖီထုပ်တွေ လာယူပါဟု အော်ပြောနေကြသည့် အသံကြောင့် စိတ်ဝင်စားမိခဲ့ခြင်းပင်ဖြစ်သည်။
တောင်သူများက လှူသည့် ဂေါ်ဖီထုပ်များကို ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများ ဆီ လက်ဝယ် ရောက်ရှိအောင် လှူဒါန်းပေးခဲ့ခြင်းသည် တစ်ခါမှ မကြုံဖူးသေးသည့် ဖြစ်ရပ် တစ်ခု ဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နောင်တရားမြို့​မှ ထွက်ရှိသည့် ဂေါ်ဖီထုပ် များကို လှိုင်သာယာမြို့နယ် နှင့် ရွှေပြည်သာမြို့နယ်တို့အတွက် မြို့နယ်တစ်ခုစီ လျှင် ကားသုံးစီးဖြင့် ၁၂ ဘီးကား ခြောက်စီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။
မေလ၂၂ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် ရှိပြည်သူများအတွက် နောင်တရားဒေသမှထွက်ရှိသည့် ပအိုဝ်းတိုင်းရင်းသားများ ၏ ဂေါ်ဖီထုပ် များ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။ ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက် ပေါင်း ၂၇ ရပ်ကွက် ရှိပြီး ၁၂ ဘီးကား သုံးစီးဖြင့် ဂေါ်ဖီထုတ်များကို လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
’’ရွှေပြည်သာ မြို့နယ် ၁၀ ရပ်ကွက် အတွက် ကျွန်တော်တို့ ဂေါ်ဖီ ၁၂၁၉ အထုပ်ပေါင်းရရှိခဲ့ပါတယ်။ ကျွန်တော်အပိုင်မှာ ရာအိမ်မှူး ၂၇ ယောက်ရှိပါတယ်။ တစ်ချို့ကြီးတဲ့ အပိုင်တွေကိုတော့ နည်းနည်း ပိုပေးရတယ်။ ပျမ်းမျှကတော့ ရာအိမ်မှုး တစ်ပိုင်ကို အထုတ် ၄၀ ပေးဝေပေးခဲ့ပါတယ်’’ဟု ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမျိုးက
Travelling journal သို့ ပြောသည်။
တောင်သူများ၏ ဈေးကွက်ပျောက်နေကြသည့် မုန်လာထုပ်များကို ယခုကဲ့သို့ အသင်းအဖွဲ့များမှ ရန်ကုန်မြို့ပေါ်ရှိ ပြည်သူများအတွက် တဆင့် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ Covid ကြောင့် ဈေးကွက် ပျောက်နေပြီး လွှင့်ပစ်ရမည့်ဂေါ်ဖီခင်းများကို မပစ် ရပဲ ရန်ကုန်မြို့ပေါ်နေ ပြည်သူများအတွက် လှူဒါန်းပေးနိုင်သည့် အစီအစဉ်တစ်ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းသည် ကောင်းမွန်သည့် လုပ်ရပ် တစ်ခုဖြစ်ခဲ့ကာ မျက်ရည်ဝဲ ကြည်နူးရသည့်အထိ ဖြစ်လာခဲ့သည်။ ပြည်သူမှပြည်သူ သို့ လှူဒါန်းခဲ့ခြင်းပင်ဖြစ်ပါသည်။
ရှမ်းတောင်ဒေသတွင် ဂေါ်ဖီခင်းများသည် ဧပြီလဆန်းမှ စတင်ကာလှိုင်လှိုင် ပေါများခဲ့ သော်လည်း ကို ဗစ် ၁၉ ကာလကြောင့် အသွားအလာတားမြစ် လိုက်သည့်အတွက် ရန်ကုန်မြို့ သီရိမင်္ဂလာ ဈေးသို့ ကုန်ကားများ ပို့ဆောင် ခွင့်မရရှိခြင်းက ပြဿနာအစပင်ဖြစ်ခဲ့သည်။
ထို့ကြောင့် တောင်သူများက ခူးရောင်းလို့မရသည့် အနေအထားဖြစ်နေခြင်းကြောင့် မခူးတော့ပဲ ကွင်းထဲတွင်သာ ထားလိုက်ခြင်းပင်ဖြစ်သည်။
ယင်းကြောင့် သစ်သီးဝလံအသင်းမှ အလှူခံခဲ့ကာ တောင်သူများကိုလည်း စည်းရုံး ပြီး ကွင်းအတွင်း ထားရှိထားသည့် ဂေါ်ဖီများကို လွှင့်ပစ်ရမည့် အစား ရန်ကုန်မြို့နှင့် နယ်မြို့ကြီးများမှ ပြည်သူများဆီကို ဝေငှပေးရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားများကလည်း ယခုအတိုင်း လွှင့်ပစ်ရမည့် အခြေအနေများ ရှိနေသည့်အတွက် ဂေါ်ဖီ ထုတ်များကို ခူးယူနိုင်ပါက ခူးယူပါဟုဆိုသဖြင့်
နောင်တရားဒေသလူငယ်များပရဟိတအဖွဲ့ မှ
အခမဲ့ လုပ်အားပေးခဲ့ကာ ဂေါ်ဖီထုပ်များကို ခူးဆွတ်ပေးခဲ့ပြီး ယခုလို ပြည်သူများဆီကို လှူဒါန်းပေးနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
” ကျွန်တော် တို့လူငယ်တွေကလည်းခူးဆွတ်ပေးပါတယ်။ တစ်ချို့နေရာတွေမှာဆို ခြံပိုင်ရှင် ပအိုဝ်းတောင်သူတွေလည်း ခူးပေးကြတယ်”ဟု နောင်တရားဒေသလူငယ်များပရဟိတအဖွဲ့မှ ဦးခွန်ဆန်းဦး က Travelling journal သို့ပြောသည်။
မြန်မာနိုင်ငံ သစ်သီးဝလံ ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ၏ စီစဉ်မှုဖြင့် သယ်ယူပို့ဆောင်ရေးကားခများလှူဒါန်းပေးသည့် စိမ်းလန်းအမိမြေ မှ ဦးဝင်းမျိုးသူ ၊ လှူဒါန်းပေးကြသည့် အလှူရှင်များ၏ ကူညီပေးမှုများကြောင့် ပင်းတယ မြို့နယ် အင်လုံကျေးရွာ၊ ထိုးပုံကျေးရွာ များမှ တောင်သူများ၏ဂေါ်ဖီထုပ် (ရှမ်းပြည်အခေါ်မုန်လာထုပ် ) ၆၀၀၀ ထုပ်နှင့် ခရမ်းချဉ်သီး ပိဿာချိန် ၁၀၀၀ ကို ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ အခြေခံလူတန်းစားများကို လှူဒါန်းပေးခဲ့သလို တာမွေ၊ မင်္ဂလာတောင်ညွန့် ၊ သန်လျှင်မြို့နယ် ၊ သင်္ကန်းကျွန်း၊ တောင်ဒဂုံ မြို့နယ်ရှိ ပြည်သူများကိုလည်းလှူဒါန်းနိုင်ခဲ့သည်။
ပြည်သူမှပြည်သူဆီသို့ လှူဒါန်းပေးခဲ့သည့် အစီအစဉ်များကို ပုံဖော်ပေးခဲ့သည့် သစ်သီးဝလံအသင်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလှူဒါန်းပေးခဲ့သည့် အလှူရှင်များကြောင့် ဈေးကွက်ပျောက်နေသည့် တောင်သူများ၏ မျှော်လင့်ချက် မဲ့နေသည့် အနေအထားများကို အနည်းငယ် သက်သာစေခဲ့သလို တောင်သူများအတွက် အရင်းမပျောက်ဖြစ်စေအောင် တာဝန်ရှိသူများက ကြိုးစားပေးနေရင်း ရှမ်းတောင်မှ တောင်သူများ၏ လှူဒါန်းသည့် မုန်လာထုပ်များဖြင့် ပြည်သူများ ဟင်းတစ်ခွက် ဖြစ်စေခဲ့သည်ကတော့ ဘယ်သောအခါမှ မေ့ပျောက်နိုင်တော့မည် မဟုတ်တော့ပါ။
Credit##
#Travelling journal
# Article
#Photo Hein Htet Aung

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *