#နောက်လိုက်ကောင်း
ခေါင်းဆောင်ကောင်းလိုသလို နောက်လိုက်ကောင်းလည်းလိုတယ်ထင်ပါတယ်။ နောက်လိုက်တွေသတ်လို့သေတဲ့ ခေါင်းဆောင်တွေလည်းရှိမှာပါ။ ယူဆရတာက တော့ ခေါင်းဆောင်ကောင်းဆိုရင်တော့ ဝိုင်းရံတဲ့နောက်လိုက်ကောင်းတွေရှိအောင်စွမ်းဆောင်နိုင်သူ ဖြစ်ပါလိမ့်မယ်။ အတွင်းဓာတ် တူသူတွေ တန်ဘိုးထားမှု တူသူတွေကို စုစည်းနိုင်မှာလို့ မှတ်ယူနိုငိပါတယ်။ ပူးသတ်မဲ့ သူတွေလာလည်း ရှိပြီးသားနောက်လိုက်ကောင်းတွေကြောင့် ကြောင်ရေကြာကြာငုတ်နိုင်မှာ မဟုတ်ဘူးလို့ထင်ရတယ်။ သို့သော် လူဆိုတာ တသမတ်တည်းမဟုတ်တော့ ခေါင်းဆောင် ရဲ့ပြောင်းလဲမှုမှာ နောက်လိုက်ကောင်းတွေ စွန့်ခွာဆုံးရှုံးတဲ့ အချိန်မှာ နောက်လိုက်ဆိုး တွေ ဝင်ပူးဖို့လဲ အခွင့်ကောင်းရမှာပါ။ ကိုယ့်ရဲ့ဩဇာကျယ်ပြန့်လာတဲ့ အခါမှာလည်း လူဆိုးလူကောင်းခွဲဖို့ခက်လာပြီး စုန်းပြူးတွေလဲ ပါလာ စမြဲဖြစ်မယ်ထင်ပါတယ်။
Leadership development ဆိုပြီးခေါင်းဆောင်မှု သင်တန်းတွေ တွေ့နေရတယ်။ နောက်လိုက်တွေ ကောင်းအောင်လည်း ပေးတဲ့ သင်တန်းမရှိဘူးလားလို့ စဉ်းစားစရာဖြစ်လာတယ်။ Team building သင်တန်းတွေကတော့ နောက်လိုက်ကောင်း အောင် ပေးတဲ့သင်တန်းလို့တော့ ယူဆစရာရှိတယ်။ သို့သော် ဝင်ပူးသတ်တဲ့နောက်လိုက်တွေကတော့ ဘာသင်တန်းပေးပေးလည်း ကောင်းလာစရာ မရှိပါဘူး။ ဒီတော့ ဘယ်သူက နောက်လိုက်ဆိုး၊ ဘယ်သူက နောက်လိုက်ကောင်းနဲ့ ဘယ်သူကတော့ ယောင်နေတာလည်းဆိုပြီး သရုပ်ခွဲဖို့ လိုလာတယ်ထင်ပါတယ်။
နောက်လိုက်ကောင်းဆိုတာကတော့ ခေါင်းဆောင်ကောင်း ကချပေးတဲ့ တန်ဖိုးထားမှု ကို ယုံကြည်တန်ဖိုးထားသလို လိုက်နာအောင် ကျင့်ကြံ ပြီးကျန်သူတွေကို လည်း လိုက်နာကျင့်ကြံနိုင်အောင် ခေါင်းဆောင်နဲ့အတူ ကူညီဆောင်ရွက်သူလို့ ယေဘူယျ ဖွင့်ဆိုနိုင်ပါတယ်။ ဥပမာ ဥပဒေစိုးမိုးရေး ကို တန်ဖိုးထားသူ ခေါင်းဆောင်နောက်မှာ ဥပဒေစိုးမိုးရေး ကို ထပ်တူတန်ဖိုးထားပြီး လိုက်နာကျင့်သုံးနိုင်အောင် ကြိုးပမ်းနေသူကို နောက်လိုက်ကောင်းလို့ ဆိုနိုင်ပါတယ်။ ဆင်ခြေပြပြီး ဒီကိစ္စက ဒီလိုရှိပါတယ်။ ဟိုကိစ္စဟိုလိုပါနဲ့ ဆင်ခြေ ပြတာများနေမယ်ဆိုရင်တော့ နောက်လိုက်ယောင် ဖြစ်သွားမယ်ထင်ပါတယ် ။ နောက်လိုက်ကောင်းရဲ့ အရည်အချင်းတခုဟာ ကိုယ်ရဲ့ခေါင်းဆောင်ကို လူပုဂ္ဂိုလ် ဆိုင်ရာ ကြည်ညို ကိုးကွယ်မှု အစွန်းမရောက်ပဲ လိုအပ်ရင်လိုအပ်သလို ခေါင်းဆောင်ကို ယုံကြည်ချက်ကို မသွေဖီပဲ မယိမ်းမယိုင် လျှောက်လမ်းတည့်မတ်အောင် ကူညီဆောင်မ သူမျိုးလည်း ဖြစ်တယ်လို့ဆိုရမှာဖြစ်တယ်။ ခေါင်းဆောင်မှားသွားနိုင်တယ်ထင်တဲ့နေရာတွေ သတင်းအချက်အလက် အပြည့်အစုံမရလို့ ခေါင်းဆောင် စဉ်းစားသုံးသပ်ချက် အားနည်းသွားတဲ့ အခါမျိုးမှာ ခေါင်းဆောင်ကို ပြန်မေးရဲသူတွေ ထောက်ပြရဲတဲ့သူတွေလည်း ဖြစ်ဖို့လိုပါတယ်။ ငါတို့ခေါင်းဆောင် ဟာ အစ စ အရာရာ ပြီးပြည့်စုံတယ် အမြဲတန်းအမှန်လို့ ယူမှတ်နေရင်တော့ နောက်လိုက်ယောင် ဖြစ်ဖို့များနေပါပြီ။
နောက်လိုက်ဆိုး ကတော့ အထူးဆိုဘွယ်ရာမရှိ၊ ခေါင်းဆောင် ကို ဘန်းပြပြီး ကိုယ်ကျိုးစီးပွား အသုံးချနေသူတွေ အားလုံးဟာ ဒီအတန်းအစားထဲမှာ အကျုံးဝင်တယ်လို့ ဆိုရမှာဖြစ်တယ်။ သူတို့ဟာ အဖွဲ့စည်း အတွင်းသပ်လျှို သွေးခွဲ ဆင်ဖြူတော်မှီ ကြံစုတ်မဲ့သူတွေ ဖြစ်ပါလိမ့်မယ်။ ဂိုဏ်းဂဏ ဖွဲ့ပြီး နောက်ကွယ်က လွှမ်းမိုးနိုင်ဖို့ ရုတ်မာသူတွေ ဖြစ်ပါလိမ့်မယ်။ အဖွဲ့စည်းအတွင်းမှာပင် ခေါင်းဆောင်က တာဝန်ပေးထားသူတွေထဲက အချို့ကို ပူးကပ်ပြီး မြှောက်ထိုးပင့်ကော်လုပ်ပါလိမ့်မယ်။ ဆရာမွေး တပည့်မွေး လမ်းစဉ်နဲ့ ဩဇာထူထောင်ဖို့ ကြိုးစားပြီး အိမ်ကြီးထဲမှာ အိမ်ငယ်ဆောက်ဖို့ ကြိုးစားပါလိမ့်မယ်။ ခေါင်းဆောင်နဲ့ အဖွဲ့စည်းရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး သူအလိုရှိရာ အသုံးချပါလိမ့်မယ်။
အဖွဲ့စည်းတွေထဲမှာ အကြောင်းအမျိုးမျိုးနဲ့ စိုင်ကော်လို့ ချုံပေါ်ရောက်တဲ့သူတွေရှိတတ်ပါတယ်။ နောက်လိုက်ဆိုးတွေ က ဒီလို လူမျိုးတွေကို target ထားပြီး ချည်းကပ် အရူးဘုံမြှောက်လုပ်တတ်ပါတယ်။
နိုင်ငံရေးသမိုင်းကြောင်းလည်း ကောင်းကောင်းမရှိ၊ ခံယူချက် သဘောထားရေးရာ လည်း လေးစားလောက်တဲ့ အယူဝါဒမရှိ၊ လုပ်ဖူးကိုင်ဖူး အတွေ့အကြုံ နဲ့ အစမ်းသပ်ခံလောက်တဲ့ အောင်မြင်မှု မှတ်တမ်း လည်းမရှိရုံသာမက ဖြတ်သန်းဘူးတဲ့ လမ်းကြောင်း တလျှောက်လုံးမှာ အပေါ်ယံ ဥပတိရုပ်နဲ့ အပြောကောင်းတာကလွဲလို့ သူများကို ထိုးချ ပြီး အချောင်နှိုက်လာတတ်တဲ့သူမျိုးတွေဟာ တစ်ခါတစ်လေမှာ နေရာ ရတတ်ပါတယ်။ ဒီအခါ နောက်လိုက်ဆိုးတွေက ဒီလို ပါးနပ်တဲ့ အခွင့်အရေး အချောင်သမားကို ကပ်ပြီး ဘုံမြှောက်တတ်ပါတယ်။ ဒီလူကတင် ခေါင်းဆောင်ကြီးပြီးသွားရင် အဖွဲ့စည်းကို ဦးစီးမဲ့ သူအစရှိသဖြင့် အခြားလူတွေ အထူးသဖြင့် နောက်လိုက်ယောင်တွေ တွေဝေ လက်ခံသွားအောင် စည်းရုံးဖျားယောင်းတတ်ပါတယ်။ သူမြှောက်ပင့်ပေးထားတဲ့သူ ရဲ့ အားနည်းချက်တွေကို မနေနိုင်တဲ့ သူတွေက ထောက်တဲ့အခါ ဒီမင်းမြှောင်တွေက လမ်းလွှဲနည်းကိုသုံးပြီး လူထုမကြိုက်တဲ့ အာဏာရှင်တွေအလားတူ လုပ်နေတာတော့ မပြောပဲ ဒီကိုမှ လာပြောနေတာဟာ နိုင်ငံရေးအရ လုပ်ကြံတာလား အားလုံးရဲ့ ခေါင်းဆောင်နဲ့ အဖွဲ့စည်း ကို သိမ်ငယ်ပျက်ပြားအောင်လုပ်တာပဲဆိုပြီး အများကို တွေဝေသွားအောင်လုပ်နိုင်စွမ်း ရှိကြပါတယ်။ သူဘုံမြှောက်ထားတဲ့သူအပေါ်ကြလာတဲ့ မြှားဦးကို လွှဲနိုင်စွမ်းရှိကြပါတယ်။ တကယ်လို့ သူမွေးထားတဲ့ ဆရာ အရေးယူခံရလည်း နောက်တယောက် ထပ်မွေးဦးမှာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ဒီနောက်လိုက်ဆိုးတွေဟာ နောက်လိုက်ယောင်တွေနဲ့ ပေါင်းပြီး အဖွဲ့စည်းထဲမှာ ဝါရင့် သဘာရင့် အမာခံတွေဖြစ်လာပြီး အကျိုးစီးပွားဖော်ဆောင်နိုင်သူတွေ ဖြစ်နေပါတော့တယ်။ ကျဆုံးသွားတဲ့ အဖွဲ့စည်း တိုင်းကို ကြည့်ရင် ဒီနောက်လိုက်ဆိုး တွေကို မဖယ်ရှား နိုင်တာ ၊ နောက်လိုက်ယောင်တွေကို မယောင်နိုင်အောင် အဖွဲ့စည်းတန်ဖိုးတွေ ထုံကူးမပေးနိုင်တာနဲ့ နောက်လိုက်ကောင်းတွေ မဆုံးရှုံးသွားအောင် ထိန်းသိမ်း မထားနိုင်တာကြောင့်ဖြစ်ပါတယ်။
ဒီစာရေးဖြစ်တာကလည်း အရူးဘုံမြှောက်ထားတဲ့ website တခု တွေ့မိရာကနေ အတွေးဖြစ်စေလို့ ရေးဖြစ်ပါတယ်။ ကိုယ်တာဝန်ယူ လုပ်ဆောင်နေရတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကျိုးအမြတ်မယူတဲ့ အဖွဲ့မှာ လစာရလို့ပဲ လုပ်နေတဲ့သူတွေ ယောင်နေတဲ့သူတွေ များနေတာလား အဖွဲ့စည်းကချမှတ် ထားတဲ့ ဆင်းရဲနွမ်းပါးသူ အကာအကွယ်မဲ့သူတွေ အားနည်းတဲ့သူတွေကို ကူညီဖေးမမယ်ဆိုတဲ့ တန်ဖိုးထားမှုကိုရော အမှန်တကယ်တန်ဖိုးထား လို့ အတ္တ ပရ မျှအောင် လုပ်ပေးနေသူတွေ ဘယ်နှစ်ယောက်ရှိနေသလည်း၊ ဒီ organization value ဖြစ်တဲ့ အားနည်းသူဖက် က ရှေ့နေလိုက်မယ်ဆိုတဲ့ တရားမျှတမှုကို ချစ်မြတ်နိုးတန်ဖိုးထားတတ်သူတွေ အရေးကြုံရင် မိမိအရေး နောက်ထားပြီး အများ အကျိုး ရှေ့ထားနိုင်သူ များပြားလာအောင် ဘယ်လို လုပ်မလဲဆိုတဲ့ အမေးကသာ ကြီးစိုးနေပါတယ်။ အဖွဲ့စည်းရဲ့ သက်တမ်းအနှစ် ၂၀ သာရှိလာပေမဲ့ စိတ်ကျေ နပ်လောက်သည့် အထိ မဖြစ်သေးတာကိုပဲ အားမလို အားမရ ဖြစ်မိပါတယ်။
ခေါင်းဆောင်ကောင်းတွေက စနစ်ကောင်းကို တည်ထောင်ပေးတယ် ဒီစနစ်ကောင်းကပဲ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေ မွေးထုတ်ပေးနိုင်စွမ်းရှိတယ်။ ထွက်ပေါ်လာတဲ့ ခေါင်းဆောင်သစ်တွေကလည်း ရှိပြီးသား စနစ်ပိုကောင်းလာအောင် လုပ်နိုင်စွမ်းရှိလို့ အဖွဲ့စည်းက ပိုကောင်းလာတယ်။ ဒီ လူနဲ့ မူ ဆက်စပ်မှု institution matter ကိုပဲ အခါခါတွေးမိပါတယ်။
03.05.2020
Win Myo Thu

0 Comments