စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတွင် 2015ခုနှစ်မှ စတင်၍ Biotechnology Labortory ကို ဖွင့်လှစ်ခဲ့ပြီး ၎င်းနှင့် ပတ်သက်သည့် သင်တန်းများ နှင့် သုတေသနများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ ယခုအချိန်တွင် Biotechnology Labortory (ALARM) သည် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်နှင့် Kansai University (Japan) တို့နှင့် ပူးပေါင်း၍ Danchurch Aid ၏ ငွေကြေးကူညီပံ့ပိုးမှုများဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ဇီဝစီးပွားရေးရာစာတမ်းဖတ်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း။ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိခဲ့သည်။

အဆိုပါစာတမ်းဖတ်ပွဲနှင့် ပြပွဲကို “မြန်မာနိုင်ငံတွင် ဇီဝနည်းပညာဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တက္ကသိုလ်များနှင့် ဂျပန်နိုင်ငံ ကန်ဆိုင်းတက္ကသိုလ်မှ ပါမ္ခောများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပြင်ပသုတေသီ ပညာရှင်များက လာရောက်၍ စာတမ်းဖတ်ခဲ့ကြရာ တက်ရောက်သူ ၁၀၀ ကျော်မျှရှိခဲ့ကြောင်း၊ Biotechnology Labortory (ALARM) အနေဖြင့် စာတမ်း ၁၀ စောင် တင်သွင်းခဲ့ကြောင်း” စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ Reserarch Scientist ဒေါက်တာနီတာနွယ်က ပြောခဲ့သည်။
ပြခန်းများအနေဖြင့် ဝါးမှ ထုတ်လုပ်ထားသည့် ပါကေးများ၊ ပယင်းမှုထုတ်လုပ်ထားသည့် လိမ်းဆေးဆီ၊ Spray နှင့် ရှုဆေးများ၊ ဝါးနှင့် မီးသွေးအရောအနှောမှ ထုတ်လုပ်ထားသည့် ဝက်ခြံပျောက် ဆပ်ပြာများ စသည့် ဇီဝစီးပွားရေးထုတ်ကုန်များအပြင် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရေးသား ပြုစုထားသည့် အစီရင်ခံစာများကို ပြသခဲ့ရာ စုစုပေါင်း ၁၁ ခန်းခန့် ခင်းကျင်းပြသထားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ဇီဝစီးပွားရေးရာစာတမ်းဖတ်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့်အတွက် နောင်ဇီဝစီးပွားရေးနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ညီလာခံများ ကျင်းပနိုင်ရေးအတွက် နမူနာဖြစ်စေခဲ့ပြီး ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ဇီဝစီးပွားရေး စာတမ်းဖတ်ပွဲနှင့် ပြခန်းများ ပြသပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ပြသသွားရန် လျာထားလျက်ရှိနှင့် မြန်မာနိုင်ငံတွင် ဇီဝနည်းပညာဖြင့် နိုင်ငံ၏ စီးပွားရေးမြင့်မားတိုးတက်လာစေရန်အတွက် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာနီတာနွယ်၏ ပြောကြားချက်များအရ သိရသည်။

0 Comments