Environmental Sensitivity Map Training at Taninthari

လူထုပူးပေါင်းပါဝင်သောနည်းလမ်းဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ သင်တန်း တနင်္သာရီ ၌ကျင်းပ

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM) မှ ကျင်းပပြုလုပ်သော “လူထု ပူးပေါင်းပါဝင်သည့်နည်းလမ်းဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းသင်တန်း” ကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာရှိ ကျေးလက်ဖွံ့ဖြိုးရေးစင်တာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ နှင့်အတူ စိုက်ပျိုးရေး အခြေပြု စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုများပြုလုပ်ခဲ့ရာတွင် မြေယာအများအပြားကို စက်မှုသီးနှံများဖြစ်သည့် ရော်ဘာ၊ ဆီအုန်း စသည့် သီးနှံများကို နှစ်ရှည်မြေယာလုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စဉ်ချသတ်မှတ်ပေးခဲ့သည်။ ထိုသို့ချထားသတ်မှတ်ရာတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း အများဆုံးချထားပေးခဲ့ပြီး ရင်းနှီးမြုပ်နှံမှုဖြင့်ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများအား ချမှတ်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် စည်းကမ်းများ လိုက်နာမှုရှိ မရှိ အား ပုံမှန်စစ်ဆေးဆောင်ရွက် ထိန်းကျောင်းတည့်မတ်ပေးနိင်ခြင်းမှာ အားနည်းလျက်ရှိသည်။ ထို့အပြင် ၎င်းအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော မလိုလားအပ်သည့် အဂတိလိုက်စားမှုများ၊ လူမှုရေး နှင့် ပတ်ဝန်းကျင်ယိုယွင်းမှုများကြောင့် ယင်းဆိုးကျိုးတို့ကို တိုက်ရိုက်ခံစားရသော ဒေသခံပြည်သူများအနေဖြင့် မြေယာများသိမ်းဆည်းခံရခြင်း၊ အစိုးရပေါ် ယုံကြည်မှုကင်းမဲ့လာခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ပဋိပက္ခများတိုးပွားလာကာ ပတ်ဝန်းကျင်ထိခိုက်မှုသာမက နောက်ဆက်တွဲအနေအဖြစ် ရေရှည်ဒေသတည်ငြိမ်ရေးကိုပါထိခိုက်လာသည်။
“တနင်္သာရီမြို့နယ် အတွင်းရှိ ကျော်မော် ၁၉ ဆီအုန်းစီမံကိန်းသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ လုပ်ကိုင်စိုက်ပျိုးခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်ပြီး ဒေသခံများနှင့် အငြင်းပွားမှုများဖြစ်ပွားနေသည်ကိုစိမ်းလန်းအမိမြေမှ ကြားသိရခဲ့ရပြီး၊ ထိုအခြေအနေများကို ဖြေရှင်းရန်အတွက်သင်တန်းကို ကျင်းပရခြင်းဖြစ်ကြောင်း” စိမ်းလန်းမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ GIS Specialist ဦးဇော်မင်းထွန်းမှပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရပ်ရွာကိုယ်စားပြုဒေသခံများ၊ သက်ဆိုင်ရာမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် (၁) ဦး၊ သစ်တောဦးစီးဌာန (၂) ဦး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (၂) ဦး၊ လမ်းဦးစီးဌာန (၁) ဦး၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန (၁) ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ (၁) ဦး၊ ကျော်မော် (၁၉) ကမ္ပဏီမှ (၄) ဦး၊ ဒေသခံအရပ်ဘက်အဖွဲ့အစည်းအနေဖြင့် Mother Land မှ (၂) ဦး နှင့် ALARM မှ ဝန်းထမ်း (၈) ဦး တို့တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ လွတ်တော်ကိုယ်စားလှယ် ဉီးရဲမြင့်ဆွေမှ အဖွင့်အမှာစကားအနေဖြင့် “ဒေသခံ တွေအနေနဲ့ ဒီသင်တန်းကိုတက်ရောက်လာတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်း ဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးသော “စိမ်းလန်း အမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း” ကို လည်း ကျေးဇူးတင်ပါရှိကြောင်း၊ သင်တန်း တက်ရောက်လာသူများမှလည်း အလေးထားပြီးတော့ သင်ယူ စေချင်ကြောင်း၊ ကုမ္ပဏီနဲ့ဒေသခံကြားမှာ အချိတ်ဆက်ဆက်မိမိနဲ့ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးအောင်နိုင်စိုးမှ “စီမံကိန်းများဆောင်ရွက်ရာမှာ ဒေသခံတွေနေထိုင်ရာ ပတ်ဝန်းကျင်ကိုမထိခိုက်အောင်ဆောင်ရွက်ရန်လိုအပ်သလို စီးပွားရေး ကိုလည်း ဖွံဖြိုးတိုးတက်ရေးအတွက်လမ်းဖွင့်ပေးရန်လိုအပ်ပါကြောင်း၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုရေး ဒီဒေါက်တိုင်(၃)ခုညီတူညီမျှရှိနေဖို့လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရအောင် ရွက်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းနဲ့ဆက်စပ်ပါတ်သက်တဲ့သူတွေဟာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့လည်းလိုကြောင်း၊ ဒီသင်တန်းကို ကျင်းပပြုလုပ်ပေးတဲ့ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ဒေသခံတွေအနေနဲ့လည်း စိတ်ဝင်တစား တက် ရောက်ပေးစေချင်ကြောင်း” တို့ကို အဓိကထားပြောကြားခဲ့သည်။
ထို့နောက် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဒေါ်မိုးအောင်နေခြည်အောင်မှ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အကြောင်းမိတ်ဆက်ပြောကြားကာ “ယခုလို (သင်တန်း) လုပ်လိုက်ခြင်းအားဖြင့် လုပ်ငန်းရှင်များ အနေဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေရန် နှင် ပြည်သူလူထုအား မထိခိုက်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုသိရှိလာမည်ဖြစ်ပြီး၊ ဒေသခံများမှလည်း ကုမ္ပဏီများလိုက်နာရမည့် လုပ်ငန်းစဉ်များကို သိရှိနားလည်သွားမည်ဖြစ်ကြောင်း၊ အနာဂါတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြည်သူလူထု နှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ နှင့် ထိခိုက်မှုများကိုဖြေရှင်းနိုင်ရန် လမ်းစတစ်ခုဖြစ်မည်ဟု မြင်မိပါကြောင်း” ဟု ပြောကြားရင်း အခမ်းအနားဖွင့်လှစ်ခြင်းအခမ်းအနားပြီးဆုံးခဲ့သည်။
အဆိုပါ ၅ ရက်ကြာသင်တန်းတွင် စိမ်းလန်းအမိမြေမှ ဥက္ကဌ ဦးဝင်းမျိုးသူ၊ Training Specilist ဦးသီဟထွန်း၊ Senior Program Officer ဒေါ်မိုးအောင်နေခြည် နှင့် GIS Specilist ဦးဇော်မင်းထွန်းတို့မှ သင်တန်းပို့ချသူအဖြစ်တက်ရောက်ခဲ့ပြီး၊ သင်တန်းသားအနေဖြင့် သစ်တောဦးစီဌာနမှ (၁) ဦး၊ ကျော်မော် (၁၉) ကုမ္ပဏီမှ (၃) ဦး အပါအဝင် သင်တန်သား (၅၀)ဦး တက်ရောက်ပါဝင်ခဲ့သည်။ သင်တန်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအကြောင်းတရားများ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ထုံးလုပ်နည်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရန်အချက်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုကိုယ်တိုင်ဆန်းစစ်ခြင်း၊ ကျေးရွာအလိုက် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု အချက်အလက်များအားဖော်ထုတ်ခြင်း၊ ထိခိုက်မှုတစ်ခုခြင်းစီအားပြန်လည်သုံးသပ်ခြင်း၊ အဖွဲ့လိုက်ပြန်လည်ရှင်းလင်းတင်ပြခြင်း၊ ထွက်ပေါ်လာသောအချက်များကိုပြန်လည်စီစစ်ခြင်း၊ ဖြေရှင်းရန်နည်းလမ်းများဖော်ထုတ်ခြင်းစသည့် ပတ်ဝန်းကျင်ထိဆိုက်မှုဆိုင်ရာ အကြောင်းအရာများကို သင်ကြားပို့ချခဲ့သည်။
သင်တန်းကို “ပတ်ဝန်းကျင်ဆိုင်ရာအခြေခံအကြောင်းအရာများသိရှိစေရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများဆန်းစစ်ခြင်းလုပ်ထုံးလုပ်နည်းများ သိရှိစေရန်၊ အဆိုပါစိုက်ခင်း (ဆီအုန်း၏) ကောင်းကျိုးဆိုးကျိုးများကို လူထုပူးပေါင်းပါဝင်သည့် နည်းလမ်း များဖြင့် နှိုင်းယှဉ်လေ့လာသုံးသပ်နိုင်စေရန် နှင့် သက်ဆိုင်သူအားလုံးလက်ခံနိုင်သော ပတ်ဝန်းကျင်ရေးရာအငြင်းပွားမှုများ ဖြေရှင်းရန် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဒေသခံများ၊ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်ပူးပေါင်းကာ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက ကုမ္ပဏီနှင့် ကျေးရွာလူထုအကြား အပြုသဘောဆောင်သည့် ဆက်ဆံရေး ဖြစ်ထွန်းလာစေရန်၊ ကောင်းမွန်သည့် ဆီအုန်းစိုက်ခင်းများစီမံအုပ်ချုပ်မှုမှ ကုမ္ပဏီနှင့်နိုင်ငံတော်အတွက် အကျိုး ဖြစ်ထွန်းစေရန် နှင့် ဒေသခံများ၏ လူမှုဘဝဖူလှုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း” စိမ်းလန်းမိမြေမှ Senior Program Officer ဒေါ်မိုးအောင်နေခြည်မှ ပြောကြားခဲ့သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *