Environmental Peace Building and Citizen Reporting Training

ပတ်ဝန်းကျင်ဆိုင်ရာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှင့် ပြည်သူ့အမြင်သဘောထားကောက်ယူခြင်းသင်တန်း
ဒေသခံပြည်သူတို့၏ ပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်များတိုးပွားစေရန် နှင့် ပတ်ဝန်းကျင် အခြေအနေကို စုပေါင်းလေ့လာရန် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ “ပတ်ဝန်းကျင်ဆိုင်ရာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှင့် ပြည်သူ့အမြင်သဘောထားများကောက်ယူခြင်း” သင်တန်းကို ရန်ကုန်မြို့ စကားဝါခန်းမတွင် ၂၀၁၉ ခုနှစ်ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၅ ရက်တာ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အမျိုးသားရေးမူဝါဒ၊ မြန်မာ့ အာဂျန်တာ ၂၁၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေဥပဒေနှင့် နည်းဥပဒေ၊ Myanmar Sustainability Development Goal၊ EIA၊ SIA & EMP Guideline စသည့်ဖြင့် မူဝါဒများ ချမှတ်နိုင်ခဲ့သော်လည်း နိုင်ငံရေး မတည်ညိမ်မှုများ နှင့် အတူ အဓိကလိုအပ်သည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများအား ဖြေရှင်းရန်အတွက် မူဝါဒများချမှတ်နိုင်ရေးသာမက အကောင်အထည်ဖော်နိုင်ရေးမှာလည်း အရေးကြီးပေသည်။ ထို့ပြင် တစ်ဖက်တွင် မတူညီကွဲပြားသည့် နောက်ခံအခြေအနေများရှိသည့် တိုင်းရင်းသားလူမျိုးစုများအားလုံး၏ ဖက်ဒရယ်ဆိုင်ရာသဘောတူညီချက်များတည်ဆောက်ရေး နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအား အနှောက်အယှက် ဖြစ်စေမည့် ပတ်ဝန်းကျင်ဆိုင်ရာ မညီမျှချက်များအား လျော့ချရန် နှင့် ပြည်သူ့ဗဟိုပြု ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများအား ချမှတ်နိုင်ရေးမှာ လည်း အရေးတကြီးလိုအပ်လျက်ရှိသည်။ ထို့ကြောင့် ပြည်သူတို့၏ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ပေးရန်နှင့်ဒေသအလိုက်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများအားလေ့လာရန် နှင့် ပြည့်သူဗဟိုပြု ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများချမှတ်နိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်များကောက်ယူရန် အတွက် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ “ပတ်ဝန်းကျင်ဆိုင်ရာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှင့် ပြည်သူ့အမြင်သဘောထားများကောက်ယူခြင်း” သင်တန်းကို စီစဉ်ရခြင်းဖြစ်သည်။

သင်တန်းတွင် စိမ်းလန်းအမိမြေဥက္ကဌ ဆရာဦးဝင်းမျိုးသူမှာ အဖွင့်စကားအနေဖြင့် “ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူတစ်ဦးနှင့်တစ်ဦးနားလည်မှုတည်ဆောက်ထားပါက ငြိမ်းချမ်းရေးကို အထောက်အကူပြုခြင်းတစ်မျိုးပင်ဖြစ်ကြောင်း၊ ဖယ်ဒရယ်တည်ဆောက်ရာတွင် တိုင်းရင်းသားအချင်းချင်း ကြိုတင်ဆွေးနွေးပြီး ဘုံသဘောတူညီချက်များထားရှိခြင်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ပိုမို လွယ်ကူမည်ဖြစ်ကြောင်း၊ စစ်အစိုးရလက်ထက်၏ မူဝါဒများကို ဆက်လက်ကျင့်သုံး နေသောဌာနဆိုင်ရာများနှင့် NLD အစိုးရအကြားညှိနှိုင်းရခက်ခဲသည့်အခြေအနေများရှိသည့်အတွက် ဒေသခံများအနေဖြင့် အောက်ခြေတွင် အကျိုးဆက်အနေဖြင့် သဘာဝပတ်ဝန်းကျင်ပိုမိုထိခိုက်ပျက်စီးစေခြင်းဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် သယံဇာတထုတ်ယူမှုကြောင့် ဖြစ်ပေါ်လာစေသည့် ပတ်ဝန်းကျင် ထိခိုက်မှုကိုကာကွယ်နိုင်ရန်အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သောအချက်(၅)ချက်ဖြစ်သည့် (၁)သဘာဝအရင်းအမြစ်ကောင်းမွန်ရန်၊ (၂)လူ့အဖွဲ့အစည်းအုပ်ချုပ်ပုံစံနှုန်းကောင်းမွန်ရန်၊ (၃)လူသား အရင်းအမြစ်ကောင်းမွန်ရန်၊ (၄)ရုပ်ပိုင်းဆိုင်ရာ၊ (၅)ငွေကြေးပိုင်းဆိုင်ရာများကို ဖြည့်စည်းပေးရန်လိုအပ်ကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာများမှ လွဲ၍ ကျန်သောအချက် (၃)ချက်ကို လုပ်ဆောင်နိုင်မည်ဟုယုံကြည်ကြောင်း၊ အစိုးရဌာနများရှိ ရှေးရိုးစွဲဝန်ထမ်းများ လျှော့ချရန်လိုအပ်ကြောင်း၊ ဝန်ကြီးများအနေဖြင့်လည်း EITI လုပ်ငန်းစဉ်နှင့်ပတ်သတ်၍လည်း ရေရှည်တွင်လုပ်ဆောင်မည့်အစီအစဉ်များ ချမှတ်ထားခြင်းမရှိကြောင်း၊ နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှု လုပ်ရာတွင် EITI သာလျှင်မြင်သာကြောင်း၊သို့သော် EITI အားသေချာလုပ်ဆောင်ရန်အတွက် သတ်သတ်မှတ်မှတ် ဌာနမရှိကြောင်း၊ ၂၀၂၀ တွင်လည်း လမ်းပျောက်နေအုံးမည်ဟုသာထင်မြင်ကြောင်း၊ ထိုကြောင့် နောက်(၅)နှစ်အနေဖြင့်လည်း စီးပွားရေးတက်ရန်အလားအလာရှိသည်ဟုမထင်ပါကြောင်း၊ နောက်နှစ် (၃၀)တွင် အစိုးရအား တက်ကြွသည့် လူငယ်များဦးဆောင်သွားနိုင်ရန်အတွက် လက်ရှိတွင် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မွန်၊ ကယား၊ ရှမ်းစသည့် ပတ်ဝန်းကျင်ထိခိုက်မည့်နေရာများကို ကာကွယ်နိုင်မှသာလျှင် ကျန်ရှိသည့်ပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်မည်ဟုထင်မြင်မိပါကြောင်း၊ အဆိုပါ အရေးကြီးသည့်ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန်ပြည်သူ့သဘောထားကောက်ယူပြီး ပတ်ဝန်းကျင်ဆိုင်ရာ ထူးရှားဖြစ်စဉ်များကို တင်ပြခြင်း အားဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အထောက်အကူပြုမည်ဟုလည်း ယူဆသည့်အတွက် ယခုသင်တန်းကို ကျင်းပခြင်းဖြစ်ကြောင်း၊ ကျေးရွာအဆင့်နှင့် ဒေသခံများ နှင့်အတူ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ထူးခြားဖြစ်စဉ်များကို တင်ပြပြီး ကာကွယ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းပြီးဆုံးပါကလည်း မိမိဒေသတွင် လုပ်ဆောင်ရန်အတွက် အသေးစားထောက်ပံ့ငွေများပံ့ပိုးခြင်းအစီအစဉ်များလည်းရှိပါကြောင်း၊”ပြောကြားသွားပါသည်။”

ဆက်လက်၍ ဆရာ ဦးဝင်းမျိုးသူမှ အရေးကြီးဇီဝနယ်မြေများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရန် ပတ်ဝန်းကျင်ထိခိုက်ဆန်းစစ်ချက်ပြမြေပုံကိုအသုံးပြုရာတွင် သစ်တောထူထပ်မှုအခြေအနေ၊ မြေပြိုတိုက်စားပြုန်းတီးမှုအခြေအနေနှင့် ရေအရင်းအမြစ်ဆက်စပ်မှုရှိသည့် အခြေအနေများဖြစ်ပေါ်နေသည့် နေရာများအားထိန်းသိမ်းရေးအပြင်၊ ပဋိပက္ခဖြစ်ပွားနိုင်သည့် နေရာများဖြစ်သည့် အုပ်ချုပ်ရေးအတွင်းမရှိသော နေရာများ၊ လူနေထူထပ်သော နေရာများ၊ သတ္တုတူးဖော်မှုရှိသည့် နေရာများနှင့် သစ်တောနယ်မြေများတွင် စီးပွားရေးစီမံကိန်းများတည်ရှိမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်သည့် အဖြေအနေ၊ ထိုဒေသတွင်လုပ်ကိုင်စားသောက်နေကြသော မြေယာသူများ၏ဖြစ်ပေါ်နေသည့် အခြေအများကို အဓိက်ဖော်ထုတ်ခြင်းဖြစ်ကြောင်း၊ မြေပုံတွင် အနီရောင်ဖြစ်ပေါ်ပါက ပတ်ဝန်းကျင်ထိခိုက်မှုများပြီး အဝါရောင်သည်ပတ်ဝန်းကျင်ထိခိုက်မှုအသင့်အတင့်ရှိကာ အစိမ်းရောင်ရှိပါက ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်ပေါ်သည့်အခြေအနေကိုဖော်ပြပါကြောင်း၊ ယခု သင်တန်းမှ ထွက်ရှိလာသော ESM မြေပုံကို JMC တွင်တင်ပြမည်ဖြစ်ကြောင်း၊ ယခုမြေပုံနှင့် ဒေသခံများ၏ အသံကိုပုံမှန်နားထောင်ပြီး စာရင်းပြုစုတင်ပြခြင်းအားဖြင့် ရေရှည်တည်တံ့သောပတ်ဝန်းကျင်ကို ဦးတည်နိုင်မည်ဖြစ်ကြောင်း၊ အနီရောင်၊ အဝါရောင်ဖြစ်နေသည့် နေရာများကို တက်ရောက်သော သင်တန်းသူ၊သင်တန်းသားများမှသွားရောက်ပြီး အချက်အလက်ကောက်ယူကာ JMC တွင်တင်ပြမည်ဖြစ်ကြောင်း၊ အကျိုးရလဒ်အနေဖြင့် အဆိုပါ အဝါရောင်၊ အနီရောင်ဖြစ်နေသောနေရာများကို ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၉ ဧပြီလက တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်တွင် မြေဧက (၆)သိန်းငှားရမ်းမည့်စီမံကိန်းသည် လက်ရှိအထိအသက်ဝင်နေသေးကြောင်းကိုသိရှိရကြောင်း၊ ထိုကြောင့် မကျေနပ်မှုများကိုကိုင်တွယ်ဖြေရှင်းမည့်ယန္တရားကို တည်ဆောင်ထားရန်လိုအပ်မည်ဖြစ်ကြောင်း တနင်္သာရီ ကျော်မော်၁၉ ကုမ္ပဏီနှင့် ပတ်သတ်၍ ဥပမာ ပေးပြောကြားခဲ့သည်။

အဆိုပါ ၅ ရက်ကြာသင်တန်းတွင် သဘာဝ အရင်းအမြှစ်စီမံခန့်ခွဲမှုဆိုင်ရာအကြောင်းအရာများ၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်လစ်ဇမ် အကြောင်းအရာအများ၊ တည်ငြိမ်အေးချမ်းသော သဘာဝပတ်ဝန်းကျင်တစ်ရပ်တည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးအတွက်သယံဇာတ စီမံကိန်း သဘောတရားနှင့်အကျဉ်းချုပ်၊ Human Impact on Ecosystem၊ EIA အကြောင်း၊ ERC နိဒါန်း နှင့် လေ့ကျင့်ခန်းများ၊ ဖြစ်ပွားခဲ့သော ပတ်ဝန်းကျင်ဆိုရာ ပြဿနာများ နှင့်မတရားမှုများကိုရှာဖွေဖော်ထုတ်ခြင်းများ၊ စသည်တို့ကို စာတွေ့လက်တွေ့ ဆရာများမှ ဥပမာများပေးကာ သင်ကြားပို့ချခဲ့ပြီး၊ အနယ်နယ်အရပ်မှCSO များ နှင့် စိမ်းလန်းအမိမြေမှ ဝန်ထမ်းများ သင်တန်းသား စုစုပေါင်း ၄၂ ဦးတက်ရောက်ခဲ့သည်။ သင်တန်းကို ဆရာဦးဝင်းမျိုးသူ (ALARM’s Executive Director)၊ ဒေါက်တာခင်မောင်ရင် (Political Expert)၊ ဦးလွင်မောင်မောင်ဆွေ (Program Director/ALARM)၊ ဦးသီဟထွန်း (ALARM’s Training Specilist)၊ ဦးစအောင်သက်ဦး (ALARM’s Ecological Laboratory)၊ ဦးဘောမ်ဇွန်း (Program Officer/ FLRP program/ ALARM)၊ ဦးအေးချမ်းမောင် (ALARM’s Environmental Specilist)၊ ဦးကြံတိုင်းအောင် (Environmental Engineering & Myanagement Specilist/ Myanmar Survey research)၊ ဒေါက်တာမောင်မောင်သန်း (Country Director, RECOFTC-MYANMAR)၊ နှင် ဦးသန့်ဇင် (အယ်ဒီတာချုပ်/ယနေ့ခေတ်) တို့မှ သင်တန်းဆရာများအဖြစ်တက်ရောက်ပို့ချခဲ့သည်။

“၂၀၁၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော ပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေ အပိုဒ် (၂၆)၊ အပိုဒ်ခွဲ (စျ) အရ ပတ်ဝန်းကျင်ရေးရာအခြေအနေ အစီအရင်ခံစာကို နှစ်စဉ်ပုံမှန်ထုတ်ပြန်ရန်လိုအပ်ကြောင်း၊ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် နိုင်ငံတကာမှ ပတ်ဝန်းကျင်ရေးရာဆန်းစစ်မှုများပြုလုပ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည့် တွန်းအား၊ ဖိအား၊ အခြေအနေ၊ ထိခိုက်မှု၊ တုန့်ပြန်မှု (DPSIR Framework) ကိုအခြေခံသည့် ပတ်ဝန်းကျင်လေ့လာမှုနည်းစနစ်တစ်ခုကို မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် (၃၈)မြို့နယ်၊ ၂၀၁၃- ၂၀၁၄ ခုနှစ်တွင် (၅၀)မြို့နယ် နှင့် ၂၀၁၇ ခုနှစ်တွင် မြို့နယ်ပေါင်း (၁၃၀) တွင် ပတ်ဝန်းကျင်ရေးရာ ပြည်သူ့စစ်တမ်းကောက်ယူခဲ့ပြီး သဘောထားအမြင်များကို စုစည်းထုတ်ပြန်နိုင်ခဲ့ကြောင်း၊ တစ်ဆတစ်ဆ ပိုမိုများပြားလာသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ နှင့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်ပတ်သက်သော အသိပညာဗဟုသုတပြည့်ဝသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန် လွန်စွာအရေးကြီးကြောင်း၊ ထို့ကြောင့် အဆိုပါသင်တန်းကိုကျင်းပရခြင်းဖြစ်ကြောင်း” သင်တန်းကို ဆရာအဖြစ်တက်ရောက်လာသော စိမ်းလန်းအမိမြေမှ Environmental Officer ဦးအေးချမ်းမောင်မှ ပြောကြားခဲ့သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *