Doctor Politic

ဆရာဝန်နိုင်ငံရေး

ဆရာဝန်လောက ပွတ်တိုက်မှုတွေကအတော်များပါတယ်။ ဆေးလောကမှာ ဖြတ်သန်းမှုအရ ဆေးကုသရေးအထုးကုပညာရှင်တွေက အစဉ်အမြဲကြီးစိုးပြီးသြဇာလွှမ်းမိုးမှုများပါတယ်။ အခြားပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများကို သိပ်အလေးမထား ဆရာမတင်လိုကြပါ။ လက်ရှိကျန်းမာရေးဝန်ကြီးက ကူးစက်ရောဂါ နှိမ်နင်းရေး ပါရဂူဘွဲ့ရသူဖြစ်သော်လည်း အစဉ်အလာကြီးတဲ့ ဆေးရုံများနဲ့ ဆေးဦးစီးဌာနများကို အုပ်ချုပ်ရသည်မှာလွယ်သည့်ကိစ္စမဟုတ်ပါ။ ဆရာဝန်လောကသည် နဂိုကတည်းကအပြိုင်အဆိုင်များသည့် အလျောက် ကုသရေးမှ မဟုတ်သော ကူးစက်ရောဂါပညာရှင်ဝန်ကြီးကို သူ့လက်အောက်ခံဌာနများမှ အလေးထားပြုမူဆက်ဆံပုံမှာ သိပ်အဆင်ပြေချောမွေ့မှုရှိမည်မဟုတ်ဟုခန့်မှန်းကြည့်မိသည်။ WHO တွင်အလုပ်မလုပ်ခင် ကျန်းမာရေးဝန်ကြီးဌာနတွင်လုပ်ကိုင်စဉ်ကလည်း အလယ်အလတ်အရာထမ်းတာဝန်ကိုသာထမ်းဆောင်ခဲ့သူ ဖြစ်ခြင်းကိုထောက်၍ စီမံအုပ်ချုပ်ရေး အရသော်လည်ကောင်း ဆေးကုသရေးဆိုင်ရာပညာရပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍သော်လည်းကောင်း ပုခုံးခြင်းတိုင်းချင်တဲ့သူနှင့် ပမာမခန့်ပြုလုပ်ချင်သူတွေ ရှိကောင်းရှိမည်ဖြစ်သည်။ လွန်ခဲ့သော် လေးနှစ်အတွင်းတွင်လည်း ဝန်ကြီးအနေဖြင့် သူကျွမ်းကျင်ရာ နိုင်ငံအတွက်လည်းအရေးကြီးသော ပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဖိလုပ်နေသည်ကိုသာ သတိပြုမိပြီး ဆေးကုသမှုပိုင်းဆိုင်ရာအပိုင်းတွင် သိသာမြင်သာသော အပြောင်းအလဲများ သိပ်မတွေ့ရခြင်းကို ထောက်ခြင်းအားဖြင့် ဌာနအတွင်း ဝန်ကြီး၏ ပြုပြင်ပြောင်းလဲမှုများကို resistance ခုခံမှုများရှိနေမလားဟု စဉ်းစားစရာဖြစ်ခဲ့ပေသည်။ သို့သော်အမြဲတန်းအတွင်းဝန်မှာလည်း အများလေးစားရသည့် ဆေးကုသမှုပညာရှင် ဖြစ်သဖြင့် အတွဲညီညီဖြင့် ကျန်းမာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို အခက်အခဲမရှိဆောင်ရွက်နိုင်ကောင်းဆောင်ရွက်နိုင်မည်ဟုလည်း တဖက်တွင်ယူဆမိပါသည်။

ကိုဗစ်ဖြစ်လာသောအခါ ဝန်ကြီးကျွမ်းကျင်သော ဘာသာရပ်ဆိုင်ရာ ကိစ္စဖြစ်နေသောကြောင့် ကာကွယ်ကုသနှိမ်နင်းရေး မူဝါဒများ၊ စီမံချက်များ လုပ်ထုံးလုပ်နည်းများလျှင်လျှင်မြန်မြန်ထွက်လာသည်ကို တွေ့မိသည်။ သို့သော်ကူးစက်ရောဂါနှင့်ရင်ဆိုင်တိုက်ခိုက်ရေးအတွက် ကျန်းမာရေး ဆိုင်ရာစီမံအုပ်ချုပ်ရေးနှင့်ကုသရေး ဟန်ချက်ညီညီ ပိုမို လုပ်ဆောင်ရန်အထူးလိုအပ်သောကြောင့် စိန်ခေါ်မှုတခုဖြစ်လာပါသည်။ ထို့အပြင် ကူးစက်ရောဂါနှိမ်နင်းရေးလုပ်ငန်းသဘောသဘာဝအရ ဗဟိုမှပိုထိန်းချုပ်ရန်လိုသလို အောက်ခြေလက်တွေ့မြေပြင်တွင် ရင်ဆိုင်ထိန်းချုပ် ကုသနေရသူ များကို အခြေအနေနဲ့လိုက်လျောညီထွေစွာ လျှင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်အောင် ဆုံးဖြတ်လုပ်ကိုင်ခွင့်ပေးရန် decentralize လိုပါသည်။ဗဟိုမှ မူဝါဒနဲ့ မဟာဗျူဟာချပေးရမှာဖြစ်သလို အောင်ခြေ တိုင်းသေကြီးနှင့်ပြည်နယ်များကလည်း ကာလံဒေသံနှင့်ကိုက်သော နည်းဗျူ ဟာ ချမှတ်ဆောင်ရွက်နိုင်ခွင့်ရှိရမည်ဖြစ်ပါတယ်။ ဥပမာ ရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ နောက်ရောင်ခံကူးစက်နိုင်သူများရှာဖွေခြင်း၊ ကန့်သတ် Q ထားရှိခြင်း၊ လွှဲပြောင်းဆေးရုံတင်ကုသပေးရခြင်းတို့ မှာ ရန်ကုန်အနေအထားနှင့် မန္တလေးအနေအထားမှာမတူနိုင်ပေ။ သို့ဖြစ်၍ ဗဟိုမှချပေးသော မူဘောင်အပေါ်တွင်အခြေခံ၍ သင့်တော်သလိုလုပ်ပိုင်ခွင့်များကို သက်ဆိုင်ရာနယ်မြေ ကိုဗစ်ကော်မတီများသို့ ခွဲဝေပေးဖို့လိုသည်။ တောင်ဥက္ကလာ၊ ဖက်တွင် တိုင်းဒေသကြီးမှ ရပ်ကွက်များအတွင်း ဝင်ရောက်၍ ကျန်းမာရေးစာရင်းကောက် အပူတိုင်းခြင်းများပြုလုပ်သောအခါ လူထုမှဝေဖန်သံများထွက်လာပြီး ဗဟိုမှ ဆက်မလုပ်ရန် ညွှန်ကြားလွှာ ထုတ်ပြန်သည်ဟူသော သတင်း ဖေ့ဘွက်တွင်တက်လာသောအခါ အဆိုပါစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ဗဟိုနှင့် အောက်ခြေနယ်မြေ ကူးစက်ကော်မတီများအကြား ပွတ်တိုက်မှုများရှိနိုင်သည့်အနေအထားကို ဆဝါးကြညိ့မိသည်။ စစ်ပွဲတခုနှင့်ဥပမာပေးရသော မြေပြင်တွင်စစ်တိုက်နေသော တိုက်စစ်မှူးကို လုပ်ပိုင်ခွင့်မပေးပဲ ဗဟိုမှ ကွက်ကဲနေသူထံ ပစ်မိန့် အမြဲလှမ်းတောင်းနေရသလိုမျိုးဖြစ်နေလျှင် တိုက်ပွဲတွင်ရှုံးဖို့များနေပြီဖြစ်ပါတယ်။ ကိုဗစ်ဆိုးဝါးလာသော ရန်ကုန်တွင် အဆိုပါ အထက်အောက် ဘေး အချင်းချင်းပွတ်တိုက်မှုများ ရှိလာနေသလားဟုစဉ်းစားစရာဖြစ်လာပေသည်။ တတ်နိုင်သမျှအခါမလတ် ဗဟိုနှင့်အောက်ခြေ သတင်းဖလှယ် ကာ ညိုနှိုင်း ဆောင်ရွက်မှုများရှိနေသည်ကိုလည်းတွေ့ရပါသည်။ ဤနေရာတွင် ဌာနများအတွင်းတွင်ရှိနေတတ်သောအစဉ်အလာများ၊ လုပ်ငန်းခွင်ဆက်ဆံရေးများ ပုဂ္ဂလိက ဆက်ဆံရေး အဆင်ပြေချောမွေ့မှု institution politics and personal chemistry တို့ကအတော်စကားပြောလာပါသည်။ ကိုဗစ်စဖြစ်စဉ်ကတည်းက မူဝါဒချမှတ်သူ ၊ စီမံအုပ်ချုပ်အကောင်ထည်ဖော်ရသူ၊ ဆေးကုသပညာရှင်များအကြား လေးစားရေး နားလည်မှုရှိရေး ဟန်ချက်ညီညီတာဝန်ခွဲဝေ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ အလွန်အရေးကြီးပေသည်။ ဝန်ကြီးကလိုတာတွေအကုန်လုံးပံ့ပိုးပေး ပြီးပြီပြောနေချိန်တွင် PPE မရသဖြင့် လိုင်းပေါ်တွင် ရေးသားနေသော ရှေ့တန်းမှ ဆရာဝန်များ၏ post များမြင်တော့မှ နောက်ကလိုက်ဖြည့်ဆီးပေးရခြင်းကို ကြည့်ခြင်းအားဖြင့် တဦးနှင့်တဦးကြားရှိနေနိုင်သော ဟ နေတာတွေကိုမှန်းဆကြည့်နိုင်ပါသည်။

WHO guideline အရ ဆိုပြီး တွင်တွင်သုံးနေသည်ကိုကြည့်ခြင်းအားဖြင့်လည်း အောက်ခြေ ဆေးကုသပညာရှင်များ စောဒကတက်ခြင်းကို ကျော်လွှား၍လေးစားလိုက်နာမှုရရန်ကြိုးပမ်းခြင်းတရပ်ဟုမြင်မိသည်။ အမှန်စဉ်စစ် WHO အဖွဲ့အနေဖြင့် နိုင်ငံရေးလွှမ်းမိုးမှုနှင့်ဗျူယိုကရေစီနှောင့်နှေးမှုများကြောင့် ၎င်းတို့ထုတ်သော guideline များတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရပြီးဖြစ်သည်။ WHO ၏ ညွန်ကြားချက်များကို စီစစ်၍ အခြားနိုင်ငံများ၏အတွေ့အကြုံများနှင့်ယှဉ်တွဲသုံးသပ်ကာ မိမိနိုင်ငံ၏ ကုသကာကွယ်ရေးအတွေ့ကြုံများပေါင်းစပ်ကျင့်သုံးခြင်းကသာ အကောင်းဆုံးဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရန် ပညာရှင်အဖွဲ့ လိုအပ်မည်ဖြစ်ပြီး အုပ်ချုပ်လုပ်ကိုင်နေသူပညာရှင်များ၏ အမြင်ပေါ်တွင် ထပ်ဆောင်းတန်ဖိုးမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ယခုအခါ ပင်စင်စားပြင်ပပညာရှင်များကို ပညာရှင်အဖွဲ့တွင် ထည့်သွင်းပါဝင်စေခြင်းအားဖြင့် ကိုဗစ်တိုက်ဖျက်ရေးကို အားဖြည့်ဆောင်ရွက်ရာရောက်ပြီး များစွာထိရောက်မည်ဟုထင်မြင်မိပါသည်။ ဒေါက်တာကျော်မြင့်လို ကုသရေးပညာရှင်များပါဝင်စေခြင်းအားဖြင့် လက်ရှိရှိနေနိုင်သော ကုသရေးနှင့်ကုသရေးမဟုတ်သောပညာရှင်များအကြား ကွာဟသောအမြင်များ ၊ပွတ်တိုက်သော ဆက်ဆံရေးများကို ပေါင်းကူးချောမွေ့စေမည်ဟုမျှော်လင့်ရသည်။ ကိုဗစ် ကိုလည်း အလျှင်အမြန်ထိန်းချုပ်နိုင်စေကြောင်းလည်း ဆန္ဒပြုမိပါသည်။
Credit – U Win Myo Thu

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *