ရန်ကုန်ဟာ ရန်ကုန်ဖြစ်ကြောင်း ရေမြုပ်ပြနေရဦးမှာလား
ဇူလိုင်လဝင်ကတည်းက မိုးရွာရက်များ ပိုစိပ်လာသည်။ နေ့ ရက်အများစုတွင် မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သည်။ တစ်ခါတစ်ရံ နံနက်လင်းကတည်းက မိုးရွာပြီး တစ်နေ့လုံး မိုးနေ့ ဖြစ်သွားတတ် သည်။ နေ့ရက် အများစုတွင်တော့ မွန်းလွဲပိုင်းကျော်သည်နှင့် မိုးက ရောက်လာနေကျဖြစ်သည်။ တစ် နေ့လုံး မိုးမရွာခဲ့လျှင်ပင် ထိုနေ့ ရက်များကို အုံ့အုံ့မှိုင်းမှိုင်းနှင့်ဖြတ် သန်းနေရသည်။ ကြည်ကြည်လင် လင် သာသာယာယာနှင့် နေကျဲ ကျဲတောက် ပူသောနေ့ရက်များက ပါးလျားလွန်းခဲ့သည်။ မိုးသည်း သည်းထန်ထန် ရက်ဆက်ရွာလျှင် မြန်မာနိုင်ငံတွင် ရေကြီး ရေလျှံမှု ကို မလွဲမသွေ ကြုံတွေ့နေကျဖြစ် သည်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် ရေကြီးသည်။ အောက်ပိုင်းဒေသများတွင် ရေ ကြီးသည်။ နေရာတော်တော်များ များတွင် ရေကြီးသည်။ ကုန်ကုန် ပြောရလျှင် တောင်ပေါ်ဒေသတွင် လည်း ရေကြီးသည်။ ဒေသအ များစုသည် မိုးသည်းသည်းထန် ထန်ရွာပြီး မြစ်ရေများ ဝင်ရောက် မှုကြောင့် ရေကြီးရခြင်းဖြစ်သည်။
ထိုကဲ့သို့ မိုးသည်းသည်း ထန်ထန်ရွာတိုင်း မြို့တော်ရန် ကုန်တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားနေကျဖြစ်သည်။ ရေကြီး ရေလျှံမှုသည် ရန်ကုန်မြို့တွင် ကင်ဆာတစ်ခုလို အမြစ်တွယ်နေ သည်။ ကုသရန် နည်းလမ်းများရှိ သော်လည်း မည်သည့်သမား တော်ကမှ ပျောက်ကင်းအောင် မကုသနိုင်ခဲ့ကြပေ။ သမားတော် များကလည်း နည်းလမ်းအမျိုး မျိုးနှင့်ကင်ဆာရောဂါကို ပျောက် ကင်းအောင် ကုသနေသည်ဆို သော်လည်း ရောဂါသည်ခင်မျာ နေသာသည် ဆိုရုံလေးအသက် ဆက်နေခဲ့ရသည်။ ပြီးခဲ့သည့်လ က မိုးသည်းထန်စွာ ရွာသွန်းတော့ ရန်ကုန်မြို့က မပျက်မကွက် ရေ ကြီးခဲ့သည်။ ရေကြီးရေလျှံနေ သည့် ပုံရပ်များ လူမှုကွန်ရက် စာမျက်နှာများတွင် ပလူပျံခဲ့ သည်။ ထိုနေ့က မိတ်ဆွေတစ်ဦး က လူမှုကွန်ရက် စာမျက်နှာတွင် ‘ရန်ကုန်ဟာ ရန်ကုန်ဖြစ်ကြောင်း ရေမြုပ်ပြနေလေရဲ့’ဟုရေးသားခဲ့ သည်။ သူ့စတေးတပ်အောက်က ကောမန့်များတွင်လည်း ‘ရေ မမြုပ်ရင် ရန်ကုန်မဟုတ်ဘူး သူ့ ကို မမှတ်မိမှာစိုးလို့ပါ’ ‘လေ လုံးထွားတဲ့လူတွေ ဘယ်ရောက် ကုန်ပြီလဲ’ စသဖြင့် ရေးသားခဲ့ကြ သည်။ မိတ်ဆွေ၏စတေးတပ်ကို ဖတ်ပြီး စဉ်းစားကြည့်မိသည်။ ‘ဟုတ်ပါရဲ့၊ ရန်ကုန်ဟာ ရန်ကုန် ဖြစ်ကြောင်း ရေမြုပ်ပြနေတာများ လား’ဟူ၍။
ဇွန်လ ၁၂ ရက်ကလည်း မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့၏ မြို့နယ်အချို့ ရေ နစ်မြုပ်ရပြန်သည်။ ထိုနေ့က မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် တာမွေမြို့နယ် ယုဇနပလာဇာနှင့် အနီးတစ်ဝိုက်အပါအဝင် စမ်း ချောင်းမြို့နယ်၊ ကျောက်တံတား မြို့နယ်၊ ဗိုလ်တထောင်မြို့နယ် နှင့် ပန်းဘဲတန်းမြို့နယ်အစရှိ သောမြို့နယ်များတွင် ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် အချို့ ရေနစ်မြုပ်ခဲ့ရသည်။ ထို ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန် ရက်တွင် ဝေဖန်မှုများလည်း မြင့် တက်ခဲ့သည်။ မည်သို့ပင် ဝေဖန် စေကာမူ ရန်ကုန်မြို့ကြီးကတော့ မိုးသည်းထန်စွာ ရွာသွန်းလိုက် တိုင်း ရေကြီးရေလျှံနေမြဲပင်ဖြစ် သည်။ ရေနစ်နေသည့် ရန်ကုန်မြို့ ကြီးကို ကြည့်ရင်း ရန်ကုန်မြို့ရေ နစ်မြုပ်ရသည်နှင့် ပတ်သက် သော တာဝန်ရှိသူတို့၏ ပြောဆို ချက်၊ လုပ်ဆောင်ချက်အချို့ကို မြင်ယောင်၊ ကြားယောင်လာမိ သည်။ အနည်းငယ် ဖော်ပြလိုပါ သည်။
ပထမဆုံးအနေဖြင့် ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်က သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အ ခမ်းအနားတွင် သတင်းထောက် များကို ပြောခဲ့သည့် ရန်ကုန်မြို့ တော်ဝန်၏ စကားကို ဖော်ပြချင် သည်။ ရန်ကုန်မြို့တော်ဝန်က ရန်ကုန် ရေကြီးရေလျှံမှုမဖြစ်စေ ရေး ရေစုကန်အသစ်များ ရှာဖွေ တည်ဆောက်မည်ဟု ပြောခဲ့သ လို ဆင်ခြေပေးပြီး ကိုယ်လွတ် ရုန်းသည့်အထဲတွင် မြို့တော်ဝန် မပါဟုလည်းပြောခဲ့သည်။ မြို့ တော်ဝန်၏စကားကို ရွှေလက် အလွန်သဘောကျခဲ့သည်။ ရန် ကုန်မြို့ကြီးအတွက် အများကြီး မျှော်လင့်ခဲ့မိသည်။ ထိုနှစ်က ရန် ကုန်မြို့နယ် ခြောက်မြို့နယ်၏ရေ ကြီးရေလျှံမှု ကာကွယ်ရေးလုပ် ငန်းများအပါအဝင် လုပ်ငန်းသုံးခု အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ကန် ဒေါ်လာ ၁၀၄ သန်းသုံးစွဲမည်ဟု လည်း သိခဲ့ရသည်။ ရေကြီးရေ လျှံမှုကာကွယ်ရေးအတွက် ရေ မြောင်းဖော်ခြင်း၊ ရေမြောင်းအ သစ်တူးခြင်းများ ဆောင်ရွက်ခဲ့ သည်ကို တွေ့ရသော်လည်း ၂၀၁၈ ခုနှစ် မိုးရာသီတွင် မိုး သည်းထန်စွာ ရွာလိုက်တိုင်း ရန် ကုန်မြို့သည် ရေနစ်နေခဲ့ရသည်။
ထို့နောက် ကမ္ဘာ့ဘဏ်မှ သဘောတူညီမှုရရှိထားပြီးဖြစ် သည့် ချေးငွေအမေရိကန်ဒေါ်လာ ၁၂၅ သန်းအနက်မှ သန်း ၁၀၀ ဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လေ့ရှိသည့် မြောင်းများကို ပြင် ဆင်နိုင်ရန် စီမံချက်ရေးဆွဲထား ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြောခဲ့သည်။ ဝန်ကြီးချုပ်က ‘‘ဒီ အခြေအနေမှာ မြောင်းရယ်၊ ပ လက်ဖောင်းရယ်၊ မှတ်တိုင်တွေ ကို တစ်ဆက်တစ်စပ်တည်း မလုပ်ဘူးဆိုရင် ဘတ်ဂျက်တွေထဲ မှာ အလေအလွင့်ဖြစ်နိုင်စရာတွေ ရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို တစ်ပြိုင်တည်း လုပ်ကိုင်နိုင်ဖို့ လုပ်ငန်းစဉ်တွေကို စနစ်တကျ စီမံချက် ရေးဆွဲထားပြီးဖြစ်ပါ တယ်။ အကောင်အထည်ဖော်နိုင် မှုတွေကို အခုဘတ်ဂျက်ရေးရာ မှာ လုပ်ဆောင်နိုင်ဖို့အတွက် ပြင် ဆင်ဆောင်ရွက်နေပါတယ်။ အခု ရေကြီးရေလျှံမှုဖြစ်နေတဲ့ လမ်း တွေမှာလည်း အကြာကြီးရေကြီး ရေလျှံမှုမျိုး မဖြစ်ပါဘူး။ ရေကို ဆွဲချနေပါတယ်။ ရေဆွဲချနိုင် လောက်တဲ့ မြောင်းတွေ၊ အခြေ အနေမျိုးတွေကို ထပ်ပြီးဖန်တီးဖို့ အတွက် ပြင်ဆင်ရမှာဖြစ်ပါ တယ်။ လိုအပ်လာမယ်ဆိုရင် မြောင်းရေတွေကို ပန့်နဲ့ဆွဲတင် နိုင်တဲ့ အခြေအနေတွေအထိ ကြိုး ပမ်းကြရမှာ ဖြစ်ပါတယ်။ ဒီအ တွက်လည်း တိုင်းဒေသကြီးအစိုး ရအနေနဲ့ စဉ်ဆက်မပြတ်လေ့လာ ဆန်းစစ်ပြီး ကြိုးပမ်းဆောင်ရွက် နေပါတယ်’’ဟု ပြောကြားခဲ့ သည်။ သူ၏ ပြောစကားများသည် လည်း ရန်ကုန်မြို့ကြီးအတွက် အားတက်စရာကောင်းခဲ့သည်။ သို့သော်….
ရန်ကုန်မြို့ကြီးသည် မိုး သည်းထန်စွာရွာတိုင်း ရေကြီးရေ လျှံ၊ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေ ဆဲဖြစ်သည်။ ယခင်လောက်ဆိုး ဆိုးရွားရွားမဖြစ်သော်လည်း ယ ခင်ကလောက်နီးနီး ဆိုးနေသေး သည်။ မည်သို့ပင်ဆိုစေကာမူ ယခုအစိုးရသည် ယခင်အစိုးရ များထက် ရန်ကုန်မြို့ ရေကြီး ရေ လျှံမှုကင်းဝေးရေးကို ပိုမိုပြောဆို ဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ဘဏ် ချေးငွေများဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်ကိုလည်း အ သိအမှတ်ပြုပါသည်။ သို့ပေမဲ့ လည်း ရန်ကုန်မြို့ကြီးက ရေကြီး ရေလျှံမှုနှင့် မကင်းဝေးခဲ့ရပေ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ သည် ရန်ကုန်မြို့ ရေကြီးရေလျှံမှု ကင်းဝေးရေးအတွက် ပညာရှင် များ၊ အဖွဲ့အစည်းများနှင့်တိုင်ပင် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း လက်တွေ့လုပ်ဆောင်မှုအပိုင်း တွင် ပျော့ကွက်ဟာကွက်များ ရှိ နေပါလိမ့်မည်။ ထိုပျော့ကွက်ဟာ ကွက်များကို ရှာဖွေဖော်ထုတ်ပြု ပြင်ဖို့ လိုပါသည်။
ရန်ကုန်မြို့ ရေကြီးရေလျှံမှု နှင့် ပတ်သက်ပြီး ပညာရှင်များ၏ ပြောကြားချက်များ၊ ကိုယ်တိုင် လေ့လာသုံးသပ်ချက်များကို ခြုံငုံ ကြည့်လျှင် ရန်ကုန်မြို့တွင် လူ ဦးရေတိုးပွားပြီး အဆောက်အအုံ များ၊ အထပ်မြင့်အဆောက်အအုံ များပြားလာခြင်း၊ လမ်းအများစု မှာ ကွန်ကရစ်လမ်းဖြစ်သွားခြင်း စသည်တို့ကို စတွေ့ရသည်။ အ ဆောက်အအုံများ၊ ကွန်ကရစ် လမ်းများ များလာခြင်းကြောင့် မြေကွက်လပ်များ၊ ရေစုကန်များ ပျောက်သွားသည်။ မြေကွက်လပ် နှင့် ရေစုကန်များ မရှိတော့ခြင်း ကြောင့် မိုးရေကို ဖြစ်စေ၊ မြစ်ထဲ မှ တက်လာသည့် ဒီရေကိုဖြစ်စေ စုပ်ယူစုဆောင်းနိုင်ခြင်း မရှိတော့ ဘဲ လမ်းများ၊ ရပ်ကွက်များအ တွင်းသို့ ရေများ အလွယ်တကူဝင် ရောက်ကာ ရေကြီးရေလျှံမှုဖြစ် ပွားရခြင်းဖြစ်သည်။ ထို့ကြောင့် လည်း ရန်ကုန်မြို့တော်ဝန်က ရေ စုကန်များကို ပြန်လည်ဖော်ထုတ် မည်ဟု ဆိုခဲ့ခြင်းဖြစ်ပေလိမ့်မည်။ (တကယ်လုပ်ဆောင်ခြင်း၊ မလုပ် ဆောင်ခြင်းကိုတော့ ယနေ့ကြုံ တွေ့နေရသည့် ရန်ကုန်အခြေအ နေနှင့် တိုင်းတာရမည်ထင်သည်။)
မြို့ပြတစ်ခုတွင် အဆောက် အအုံ၊ လမ်း၊ တံတား၊ ရေမြောင်း စနစ်များ ကောင်းမွန်ရေးသည် လွန်စွာ အရေးကြီးပါသည်။
ရန်ကုန်မြို့ရှိ ရေမြောင်းများသည် အင်္ဂလိပ်လက်ထက်က တည် ဆောက်ခဲ့သည့်ရေမြောင်းများကို ပြုပြင်သုံးစွဲရသည့်အတွက် စနစ် တကျမရှိဘဲ မိုးနည်းနည်းများ လိုက်သည်နှင့် ရေလျှံနေရခြင်း ဖြစ်သည်။ မိုးရွာသည်နှင့် ရေ ချက်ချင်းကျသွားနိုင်သည်အထိ ရေမြောင်းစနစ် ကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို သို့ဆောင်ရွက်ရန်အတွက် ပြည် တွင်း၊ ပြည်ပပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးဆောင်ရွက်သင့် သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ရေမြောင်း စနစ်ကောင်းအောင် ကမ္ဘာ့ဘဏ် ချေးငွေဖြင့် စီမံချက်ချမှတ် လုပ် ဆောင်ခဲ့ပါသည်။ (ထိရောက် ခြင်း၊ မထိရောက်ခြင်းကိုတော့ အထွေအထူး မပြောလိုပေ။)
ရန်ကုန်မြို့ ရေကြီးရေလျှံမှု အကြောင်းကိုပြောလျှင် ရာသီ ဥတု ပြောင်းလဲမှုနှင့် သဘာ၀ ပတ်ဝန်းကျင်ပျက်စီးမှုကို မေ့ထား ၍မရပေ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် မြေဆီလွှာများ ပျက်စီးပြီး မြစ်ထဲတွင် အနည်ပို့ ချသဖြင့် မြစ်များ တိမ်ကောလာ ခဲ့ရသည်။ ထိုမြစ်များထဲတွင် ရန် ကုန်မြစ်လည်းအပါအဝင် ဖြစ် သည်။ ရန်ကုန်မြစ် တိမ်ကောလာ သဖြင့် မြစ်ကြမ်းပြင်သည် ရန် ကုန်မြို့ ရေထွက်ပေါက်များထက် မြင့်တက်လာခဲ့သည်။ ထို့နောက် ရေထွက်ပေါက်များ ပိတ်ဆို့သကဲ့ သို့ ဖြစ်ပြီး ရန်ကုန်မြို့ထဲမှ ရေများ စီးထွက်ရန် ခက်ခဲသည့် အနေအ ထားတွေ့ရသည်။ ထိုအခါ ရွာ သွန်းသည့် မိုးရေချိန်များပါက ရန် ကုန်မြို့ ရေနစ်ရခြင်းဖြစ်သည်။ ထို့အပြင် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ အမှိုက်စွန့်ပစ် ခြင်းများ လုပ်ဆောင်ရာတွင် ရေ မြောင်းများ မပိတ်အောင်၊ ရေစု ကန်များမပျောက်အောင် စနစ် တကျ လုပ်ဆောင်သင့်သည်။ နိုင်ငံတော်အစိုးရကလည်း ဥပဒေ ဖြင့် စနစ်တကျ ထိန်းကျောင်း ဆောင်ရွက်သင့်သည်။ ထိုနေရာ တွင် အဂတိလိုက်စားမှုမရှိဘဲ အပြောထက်အလုပ်ကို ဦးစား ပေး လုပ်ဆောင်ရမည်။ ထိုသို့မှ မလုပ်ဆောင်နိုင်လျှင် ရန်ကုန် သည် သူဟာရန်ကုန်ဖြစ်ကြောင်း လူများသတိထားမိအောင် ရေနစ် မြုပ်ပြနေရဦးမည် ဖြစ်သည်။ ။
By ရွှေလက် on Friday, July 17, 2020 – 01:30
(ဆောင်းပါးရှင် ရွှေလက်သည် သဘာဝပတ်ဝန်းကျင်ရေးရာ ဆောင်းပါးများရေးသားနေသူဖြစ်သည်)


0 Comments