သီးခံခြင်းသည် ဒီမိုကရေစီ အစိုးရ နှင့် ရွေးကောက်ခံ နိုင်ငံရေးသမားများ၏ ဂုဏ်အင်္ဂါ

ဒီမိုကရေစီစနစ်အရ ရွေးကောက်ခံ ပြီး အစိုးရ တာဝန်ရှိသူများ ဖြစ်လာတဲ့ သူတိုင်းဟာ မိမိတို့ ပုဂ္ဂလိက ဘဝထက် နိုင်ငံအတွက် ပေးဆပ် အလုပ်လုပ်ကိုင်ရသူများဖြစ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံတော်က ထိုက်သင့်သလျှောက် အကျိုးခံစားခွင့်တွေ၊ အသိအမှတ်ပြုမှုတွေ ပြန်လည်ပေးအပ်ပါတယ်။
မိမိ ဟာ အများနဲ့ ဆိုင် နိုင်ငံရေး public goods ဝန်ဆောင်မှုပေးသူဖြစ်သွားပြီး ပုဂ္ဂလိက ဘဝ နဲ့ နှိုင်းယှဉ်စဉ်းစားလို့မရပဲ အများပြည်သူအတွက် နိုင်ငံရေး အမြင်နဲ့ပင် စဉ်းစားရမှာဖြစ်တယ်။
ဒီမိုကရေစီ ကျင့်သုံးတာဖြစ်တဲ့အတွက် နိုင်ငံသားတဦးချင်းစီက ဒီမိုကရေစီလွတ်လပ်ခွင့်ကို ကိုင်ဆွဲပြီး ဝေဖန်မယ်၊ ချီးကျူးမယ်၊ ပြောချင်ရာ ပြောကြမှာပဲ ဖြစ်တယ်။ ပြောတဲ့ အကြောင်းအရာက မှန်တယ် ပြောသင့်ပြောထိုက်တဲ့ ကိစ္စရပ်ဖြစ်ကောင်းဖြစ်မယ်၊ သို့သော် ပြောပေါက်ဆိုးမယ်၊ နာလိုခံခက်ဖြစ်မယ်။ ပြောတာက ရုန့်ရင်းကြမ်းတမ်းမယ်။ ဒီလိုကိစ္စမျိုးမှာ အစိုးရတာဝန်ရှိသူများက နားခါးပေမဲ့ နားထောင်ရမှာပဲ ဖြစ်တယ်။ ပြောနေတဲ့ ကိစ္စက အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်နေတာကိုး၊ ဒါကြောင့်မို့ တာဝန်ရှိနိုင်ငံရေးသမားနဲ့ သူတာဝန်ယူရတဲ့ အဖွဲ့စည်းက သီးခံခြင်းတရားနဲ့ နာခံပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ပါပဲ။
ဒါပေမဲ့ ပြောသူရဲ့ အကြောင်းအရာက မှန်ကန်မှုမရှိဘူး ပြောပေါက် ကလည်း လက်ခံနိုင်စရာမရှိဘူး အများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလဲမဟုတ်ဘူးဆိုတဲ့ကိစ္စတွေမှာ ဥပဒေအတိုင်း အသရေဖျက်မှု နစ်နာမှု အစရှိသဖြင့် တရားစွဲနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးတောင်မှ ဒီမိုကရေစီအစိုးရတွေက သီးခံကြပါတယ်။ သီးခံခြင်းကိုပြပြီး နိုင်ငံရေး အမှတ်ယူကြပါတယ်။
ဒီမိုကရေစီ ပြောင်းလဲရေးကို ကြိုးပမ်းကျင့်သုံးနေတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ပိုလို့တောင် သီးခံသင့်ပါတယ်။ နိုင်ငံသားတွေက ဒီမိုကရေစီ အကျင့်မရှိသေးလို့ပါဆိုပြီး နားလည်မှုပေးကာ လိုအပ်သလောက်သာဖြေရှင်း သတင်းအချက်အလက်ထုတ်ပြန်ပြီး ထစ်ကနဲနေ တရားပြန်စွဲဖို့ မလုပ်ကြပါဘူး။ ပြည်သူကို လည်း တရားစွဲ လိုက်မယ်ဆိုပြီးမခြိမ်းခြောက်ကြပါဘူး။ ကလေးကလားဆန်ဆန် ပြန်မပြောကြပါဘူး။ ရင့်ကျက်မှု ဂုဏ်သိက္ခာနဲ့ ကိုယ့်တရားကိုယ်စောင့်ဖို့ ပဲ ကြိုးပမ်းသင့်ပါတယ်။ ကိုယ်ကမှန်လို့ လုပ်တောင်မှ တခုခုကြောင့် နားလည်မှုလွဲပြီး မှန်တဲ့သူမှားတတ်ပါတယ်။ လူထုကလက်မခံရင် နိုင်ငံရေး ပေးဆပ်ရတာများတာ ပြိုင်ဖက် ရန်သူကို အမွှမ်းတင်ပေးသလိုဖြစ်ပြီး မလိုအပ်ပဲ နိုင်ငံရေး ထောက်ခံမှု ပဲ့ပါသွားတာမျိုးဖြစ်နိုင်လ်ု့ပါ။
ကိုယ့်အလုပ်ကိုယ်လုပ် မလုပ်နိုင်ရင်ထွက်တို့ ၊စော်ကားတဲ့ကောင်တရားစွဲမယ်တို့ ဘာတို့ အစရှိတဲ့ အမိန့်ကြေငြာချက်တွေထုတ်တာမျိုးတွေများ ရှိခဲ့ရင် ကိုယ့်ဖက်က အမြင်ကျဉ်းတာ ဒီမိုကရေစီသီးခံနိုင်စွမ်းမရှိတာ ကလေးကလား ဆန်တာ အစရှိသဖြင့်ပြောစရာ ဖြစ်ပါတယ် ။
ဝန်ထမ်းဆိုတာ ဥပဒေအရ ဝန်ထမ်းစည်းမျဉ်းပြဌာန်းပြီးခန့်ထားတာဖြစ်ပါတယ်။ အစိုးရဝန်ထမ်း ဆိုတာ မရှိပါဘူး။ နိုင်ငံဝန်ထမ်းပဲရှိပါတယ်။ နိုင်ငံသားအားလုံးရဲ့ ဘုံအကျိုးစီးပွား ကို သဘောတူ ချမှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းများနဲ့အညီဖော်ဆောင်တည့်မတ်ပေးဖို့ နိုင်ငံဝန်ထမ်း ဆိုတာခန့်ထားပါတယ်။ ရွေးကောက်ခံပြီး အစိုးရဖြစ်လာတဲ့ နိုင်ငံရေးသမားများက လုပ်ချင်တိုင်းလုပ်မရအောင် နိုင်ငံဝန်ထမ်း ဥပဒေပြဌာန်းပြီး အများပြည်သူ အကျိုးကို ဆောင်ရွက်နေသမျှကာလပတ်လုံး အကာအကွယ်ပေးထားပါတယ်။
အစိုးရဟာ နိုင်ငံရေး လိုအပ်ချက်အရ သက်ဆိုင်ရာဌာနရဲ့ အကြီးအကဲ ဖြစ်ပေမဲ့ ဝန်ထမ်းဟာ နိုင်ငံမျက်နှာကိုပဲ ကြည့်ရမှာဖြစ်ပါတယ်။ လိုအပ်တဲ့ ရိုသေသမှု အပြန်အလှန်လေးစားမှု ထားတာကလွဲလို့ ကြောက်စရာ မလိုပါ။ ကိုယ့်အထက်က မှားနေရင် ပြောသင့်ပြောထိုက်တာကို ပြန်ပြော ပြီး ဥပဒေအရ တည့်မတ်ပေးဖို့ ဝန်ထမ်းတိုင်းမှာ တာဝန်ရှိပါတယ်။
ဝန်ထမ်းဟာ ခန့်အပ်ထားတဲ့ စာချုပ်ပါ စည်းကမ်းက ဖောက်ဖျက်တယ်လို့ သေချာရင် အစိုးရ ကနိုင်ငံကိုယ်စား နိုင်ငံဝန်ထမ်းဥပဒေအရ အဲ့ဒီဝန်ထမ်းကို အပြစ်ပေးအရေးယူထုတ်ပစ်လို့ ရပါတယ်။ အရေးယူမယ်နော်ဆိုပြီး အမိန့်ထုတ်နေစရာမလိုပါ။ အမိန့်ထုတ်ပြီးအရေးယူမယ်ဆိုကတည်းက အဲ့ဒီ့ဌာန မှာ စီမံခန့်ခွဲမှု ကမောက်ကမ ဖြစ်နေပြီဆိုတာကို ပြသနေတာဖြစ်ပါတယ်။
ဝန်ထမ်းတွေ အလုပ်မလုပ်နိုင်ရင်ထွက်သွားဆိုတာက လည်း နိုင်ငံဝန်ထမ်းဥပဒေကို မလေးစား လိုက်နာမှု မရှိတာလို့ ဆိုနိုင်ပါတယ်။ ဥပဒေအရ ခန့်ထားတဲ့ ဝန်ထမ်း တွေဖြစ်လို့ အပြစ်ရှိလို့ အရေးယူခြင်းမယူခြင်းဆိုတာ အလုပ်ရှင်ဖြစ်တဲ့ နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့်ပါ(ထပ်ပြောပါတယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်မဟုတ်ပါ) ဒီအတိုင်းပဲ အလုပ်ထွက်ခြင်း မထွက်ခြင်းဆိုတာ အလုပ်သမားဝန်ထမ်းရဲ့ ဥပဒေပါ ရွေးချယ်ခွင့်ပါ။ ဒါကို အလေးဂရုမပြုပဲ မလုပ်နိုင်ရင် ထွက်လို့ အမိန့်စာထုတ်ခြင်းဟာ စည်းဘောင်ကျော်ပြီး ခြိမ်းခြောက် ဩဇာ ပြခြင်း လို့ မှတ်ယူနိုင်ပါတယ်။ အောက်လက်ငယ်သား များအဖြင့် ဝန်ထမ်းများကို အထက်စီးမှ ဖိအားပေးခြင်းဖြစ်ပြီး နိုင်ငံဝန်ထမ်းဥပဒေအနှစ်သာရ အရ အဆငိ့လိုက် တာဝန် ခွဲဝေထမ်းဆောင်ခြင်းမျိုး အပြန်အလှန် လေးစားသမှု ဖြင့် လုပ်ငန်းခွင် ဆက်ဆံရေး မျိုး ကို မျက်ကွယ်ပြုခြင်း ဖြစ်သည်။ သခင်နဲ့ ကျွန် ဆက်ဆံရေး လိုမျိုး အလုပ်ရှင် ခန့်ထားတာဝန်ပေးတဲ့ လူမိုက်က လူမိုက် စကားပြောခြင်းနှင့် တူလှပေသည်။

Win Myo Thu