ကိုဗစ် နှင့် လူမှုစီးပွားပြဿနာ
ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 သည် လက်ရှိအချိန်အထိ လူသားတို့ကို ကြီးစွာခြိမ်းခြောက်နေဆဲဖြစ်သည်။ နိုင်ငံများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို ဖိဖိစီးစီးလိုက်နာကျင့်သုံးရန် ပျက်ကွက်ခဲ့ပါက ကိုဗစ်ကပ်ဘေးသည် ကမ္ဘာတစ်ဝန်းပို၍ ဆိုးရွားလာနိုင်ဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က သတိပေးခဲ့သည်။ တစ်ကမ္ဘာလုံးတွင် ကိုဗစ်ကူးစက်ခံရသူ ၁၃ သန်းကျော်လာပြီး ယခုဇူလိုင်လအစောပိုင်းမှစ၍ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုအသစ် ၂ ဒသမ ၅ သန်းရှိလာခြင်းကြောင့် သတင်းပတ် ခြောက်ခုအတွင်း ကူးစက်မှုအသစ် နှစ်ဆတိုးလာသည်ဟု ကိန်းဂဏန်းများက ညွှန်ပြနေသည်။ ထို့ကြောင့် ကိုဗစ်သည် တားဆီးကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဝေနိုင်ခြင်း မရှိပါက ဒုတိယလှိုင်း၊ တတိယလှိုင်းစသဖြင့် ကြီးစွာခြိမ်းခြောက်နေသည့် သဘောတွင် ရှိနေသည်။ အချို့နိုင်ငံများတွင် ပြည်တွင်းကူးစက်မှုရက်ပေါင်းများစွာ မရှိတော့သည့်အခြေအနေမှ အုံနှင့်ကျင်းနှင့် ပြန်လည်ကူးစက်မှုများတွေ့လာရသည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ဒုတိယလှိုင်းအတွက် စိုးရိမ်စရာဖြစ်သဖြင့် ပေါ့ဆမှုမရှိရန် လိုအပ်နေသည်ဟု သုံးသပ်ကြသည်။ အခြေခံပညာကျောင်းများ မကြာမီပြန်လည်ဖွင့်လှစ်တော့မည်အပြင် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် ရုန်းကန်နေရမှုကြောင့် ပြည်သူများကြား ကိုဗစ်စည်းကမ်းချက်များအပေါ် လျစ်လျူရှုသည့် အခြေအနေများလည်း တွေ့မြင်နေကြရသည်။ သေချာသည်မှာ ကိုဗစ်သည် ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး အချိန်မရွေးဖြစ်လာနိုင်သည်ကို အများက စိုးရိမ်နေကြရဆဲဖြစ်သည်။ တစ်ဖက်တွင် လူမှုစီးပွားရေးဆိုင်ရာ အကျပ်အတည်းများကလည်း ပြည်သူများအပေါ်ဖိစီးနေသည်။ ယင်းကို အာဏာပိုင်များအနေဖြင့် မည်သို့တုံ့ပြန်မည်နည်း။ စနစ်တကျထိန်းချုပ်နိုင်မှုနှင့် လိုအပ်သော ပံ့ပိုးကူညီမှုများ မလုပ်နိုင်လျှင် အန္တရာယ်သည် အချိန်မရွေးကျရောက်နိုင်ပေသည်။
လူမှုစီးပွားဆိုင်ရာ အရေးပေါ် တုံ့ပြန်မှုများ မရှိပါက တစ်ကမ္ဘာလုံး ထိခိုက်ခံစားရမှုသည် တစ်ဟုန်ထိုးမြင့်တက်လာပြီး လာမည့်နှစ်များအတွင်း သေကြေပျက်စီးမှုများ ဖြစ်ပေါ်ကာ လူနေမှုဘဝများလည်း ထိခိုက်ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။ ယခုအကျပ်အတည်းအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုများကို အနာဂတ်အား လှမ်းမျှော်ကြည့်ရှုလျက် လုပ်ဆောင်ရမည်ဖြစ်သည်။ ရေရှည်၌ ဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာများအပေါ် နိုင်ငံများ၏ ယခုရွေးချယ်မှုများနှင့် ၎င်းတို့ ရရှိသည့် အထောက်အပံ့များက သက်ရောက် လိမ့်မည်ဖြစ်သည်။
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေး အကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။ ယင်းအကျပ်အတည်း နှစ်ရပ်စလုံးကို တစ်ကမ္ဘာလုံး ကြုံတွေ့နေရသော်လည်း သက်ရောက်မှုများမှာမူ ဒေသအလိုက် ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများ အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ စီးပွားရေး လှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေးကွန်ရက်တို့အတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ စီးပွားရေးအစီရင်ခံစာက ကြိုတင်ရှိနှင့်ပြီးသား ဖြေရှင်းချက်များသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း သတိပေးထားပြီး နာလန်ထရေး ပိုမိုလျင်မြန်စေရန် အစိုးရအဖွဲ့များအနေဖြင့် တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီကာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ထောက်ပြထားသည်။
မည်သို့ပင်ဆိုစေ၊ COVID-19 အကျပ်အတည်းက လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများအား မှန်မှန်ကန်ကန် လေ့လာသုံးသပ်လျက် အနာဂတ်အား လှမ်းမျှော်ကြည့်ရှုကာ တုံ့ပြန်မှုများ လုပ်ဆောင်ရန်လိုနေပေသည်။ မြန်မာနိုင်ငံအနေဖြင့် မကြာမီတွင် စီးပွားရေးဆိုးကျိုးသက်ရောက်လာနိုင်မှုကို ခါးစည်းခံရမည့် နိုင်ငံများတွင် ပါဝင်လိမ့်မည်ဟု သုံးသပ်မှုများရှိနေရာ တာဝန်ရှိသူများက ကိုဗစ်တားဆီးထိန်းချုပ်ရေးအပြင် လူမှုစီးပွားဘဝများကိုပါ အဆိုးဆုံးအခြေအနေရောက်ရှိမသွားစေရန် သတိကြီးစွာ လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဇူလိုင် ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)
0 Comments