ကိုဗစ် – ၁၉ဒုတိယလှိုင်း စိုးထိတ်မှုမှ လွန်မြောက်လာအောင် စုပေါင်းအားနဲ့ စွမ်းဆောင်မယ်
ကမ္ဘာတစ်ဝန်း ကိုဗစ် – ၁၉ ကပ်ရောဂါ ကူးစက်ပျံနှံမှုဟာ အခုဆိုရင် ၂၃ သန်းကျော်လွန်လာခဲ့ပြီး ၂၃၈၁၂၂၂၁ ဦးအထိရောက်ရှိလို့လာခဲ့ပြီ။ ထို့အတူ ကိုဗစ် -၁၉ ကြောင့် သေဆုံး မှုဟာလည်း ရှစ်သိန်းကျော်လွန်လာပြီး ၈၁၇၀၁၆ ဦးအထိ ရောက်ရှိခါခဲ့ပါတယ်။ ဒီအချိန်မှာကမ္ဘာသူကမ္ဘာသားတွေအနေနဲ့ ကိုဗစ်- ၁၉ ဒုတိယလှိုင်းဖြစ်ပွားမယ့်အရေးကိုတွေးပြီးစိုးရိမ်ထိတ်လန့်နေကြပါတယ်။ ကိုဗစ်- ၁၉ ကြောင့် ကမ္ဘာ့စီးပွားရေးလည်းထိခိုက်ခဲ့ရသလို အလုပ်လက်မဲ့နှုန်းတွေလည်းမြင့်တက်လာခဲ့ပါတယ်။ ထိုအတူ လူမှုဒုက္ခတွေနဲ့လည်းပိုမိုရင်ဆိုင်လာရပါတယ်။
ဒုတိယကမ္ဘာစစ်စီးပွားပျက်ကပ်ထက်ဆိုးတဲ့အနေအထားနဲ့ရင်ဆိုင်ရမယ်
ကမ္ဘာနဲ့တစ်ဝန်းမှာကိုဗစ်- ၁၉ ကူးစက်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ ကိုဗစ် – ၁၉ ဒုတိယလှိုင်းဂယက်ထပ်မံရိုက်ခတ်လာနိုင်တယ်လို့ သတိပေးနေလိုကိုဗစ်- ၁၉ ဟာတောင်အမေရိကကိုအရှိန်ပြင်းပြင်းနဲ့ထိခိုက်စေခဲ့တဲ့ကပ်ဆိုးကြီးတစ်ခုဆိုရင်လည်းမမှားနိုင်ပါဘူး။ တောင်အမေရိက သာမက ကမ္ဘာ့အစိတ်အပိုင်းအတော်များများကိုထပ်မံရိုက်ခတ်ခဲ့မယ်ဆိုရင်တော့ ဒုတိယကမ္ဘာစစ်စီးပွားပျက်ကပ်ထက်ဆိုးတဲ့အနေအထားနဲ့ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။
အဆိုးအကောင်း ယှက်တင်ရောထွေးနေတဲ့ကံကြမ္မာကို ကမ္ဘာတစ်ဝန်းအစိုးရတွေ ရင်ဆိုင်နေရချိန်မှာ ကိုဗစ်- ၁၉ ကြောင့် စီးပွားရေးကျဆင်းလာတာကိုလည်းနည်းလမ်းရှာပြီး ရှေ့ဆက်ဖို့လုပ်ဆောင်ရပါတယ်။ အဲဒီလိုအချိန်မှာ ကိုဗစ် – ၁၉ ကြောင့်ကမ္ဘာတစ်ဝန်းသေဆုံးသူဦးရေဟာ ရှစ်သိန်းကျော်အထိ ကြောက်ခမန်းလိလိမြင့်တက်လာခဲ့ပါတယ်။
ကမ္ဘာသူကမ္ဘာသားတွေ အထိတ်တလန့်ဖြစ်ခဲ့
ဗြိတိန်ကလည်းပုံမှန်အခြေအနေပြန်ရောက်အောင်အစီအစဉ်တွေချမှတ်အကောင်အထည်ဖော်ဆောင်ရွက်တေသလိုပြင်သစ်နဲ့စပိန်တို့ကလည်းကန့်သတ်ချက်တွေကိုလျှော့ပေါ့ပေးဖို့လုပ်ဆောင်နေတဲ့အချိန်မှာ ကမ္ဘာတစ်ဝန်းကိုဗစ်- ၁၉ ကူးစက်မှုတွေက ကမ္ဘာသူကမ္ဘာသားတွေကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံက တစ်လကျော်ပြာတဲ့အချိန်မှာကိုဗစ်- ၁၉ ကူးစက်မှုအရေအတွက်အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ ကိုဗစ်- ၁၉ ကြောင့်လူသန်းချီအလုပ်လက်မဲ့များဖြစ်ကုန်သလိုစီးပွားရေးတွေလည်းပြိုလဲခဲ့ရပါတယ်။ အစိုးရတွေကလည်းကိုဗစ်- ၁၉ ဘေးအန္တရာယ်ကနေ လွတ်ကင်းဖို့အကောင်းဆုံးလုပ်ဆောင်နေကြပါတယ်။ သို့သော်လည်းအများစုကတော့ဒုတိယလှိုင်းပြန်လည်ရိုက်ခတ်လာမယ့်အရေးတွေးပြီး တဖြည်းဖြည်းနဲ့အောင်မြင်မှုဆီကိုချဉ်းပက်တဲ့ပုံစံနဲ့ဒီကိုဗစ်- ၁၉ ကိုကိုင်တွယ်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုပြီးလျှင်ဘရာဇီးနိုင်ငံဟာ ကိုဗစ်- ၁၉ ကြောင့်သေဆုံးမှု ဒုတိယအများဆုံးတစ်နိုင်ငံဖြစ်လာပါတယ်။ ဘရာဇီးနိုင်ငံရဲ့ကိုဗစ် – ၁၉ ကြောင်သေဆုံးနှုန်းဟာဗြိတိန်ကိုတောင်ကျော်လွန်လာပါပြီ။ ချီလီကျန်းမာရေးဝန်ကြီးကလည်း နိုင်ငံတွင်း ကိုဗစ် -၁၉ ကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်နဲ့ ပတ်သတ်ပြီး ဆူပူမှုဖြစ်ပွားနေတဲ့တော အတွင်းမှာရာထူးကနှုတ်ထွက်ခဲ့ပါတယ်။
အာရှမှာ ဒုတိယလှိုင်းတိုက်ခတ်လာမဲ့အရေးကို ရင်တမမဖြစ်နေ
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အစိုးရတွေဟာ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည်ရောက်ရှိစေမယ့် အစီအစဉ်တွေရေးဆွဲထားချိန်မှာ အာရှနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ပြန်လည်ရိုက်ခတ်လာမဲ့အရေးကို တွေးပြီးရင်တမမနဲ့ စိုးရိမ်နေကြပါတယ်။
အိန္ဒိယနိုင်ငံဟာ ကိုဗစ် – ၁၉ ကူးစက်မှု တတိယထိပ်ဆုံးအဆင့်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ အိန္ဒိယနိုင်ငံမှာရှိတဲ့ လူပေါင်းသုံးသန်းကျော်ဟာ ကိုဗစ် – ၁၉ အတည်ပြုလူနာတွေဖြစ်ခဲ့ပြီးတော့ သေဆုံးသူပေါင်းဟာလည်း ၅၈၅၄၆ဦးအထိ ရောက်ရှိလာခဲ့ပါတယ်။
အာရှတလွှား စီးပွားရေးလုပ်ငန်းတွေပြန် ပြန်လည်ဖွင့်ဖို့ သတိကြီးကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်နေသလို အလုပ်အကိုင်ဆုံးရှုံးမှုကြောင့် ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝကို ထိခိုက်နစ်နာစေပါတယ်။
ကိုဗစ် – ၁၉ ကို တာဆီးဖို တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်
ကိုဗစ် -၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့ ကမ္ဘာတစ်ဝှမ်းလုံး တင်းကျပ်တဲ့ တားမြစ်ကန့်သတ်ချက်တွေ ချမှတ်ခဲ့ရပါတယ်။ တားမြစ်ကန့်သတ်ချက်တွေအနက် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ လူစုလူဝေးမပြုလုပ်ရေးနှင့် လူစည်ကားရာနေရာတွေကို သွားလာတဲ့အခါမှာ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေး၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြုပြီး စက္ကန့် ၂၀ကြာ လက်ခဏခဏ ဆေးပေးရေးများကို တကမ္ဘာလုံး တွင်တွင်ကျယ်ကျယ် လိုက်နာကျင့်သုံးလျက်ရှိသလို အခုအခါမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ပူးပေါင်းပြီး အသက် ၁၂နှစ်အရွယ်ကလေးများ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
ကိုဗစ် – ၁၉ ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်း ဒီဇင်ဘာလမှစပြီး ကူးစက်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ ထိုမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ကူးစက်ရောဂါအသွင် ကူးစက်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ပြည်သူများရဲ့ စည်းလုံးစွမ်းအားနဲ့ ဒုတိယလှိုင်းကို လွန်မြောက်အောင်စွမ်းဆောင်
အခုအချိန်ထိ ကိုဗစ် – ၁၉ ကိုမကုသနိုင်သေးပါဘူး။ သို့သော်လည်း ဆေးဝါးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အက်စ်ထရာဇီနီကက ဥရောပမိတ်ဖက်နိုင်ငံတွေကို ကာကွယ်ဆေးဖြစ်လာနိုင်တဲ့ တစ်ခါသောက်ဆေးပမာဏ အရေအတွက် သန်း ၄၀၀ ကိုထောက်ပံ့ပေးဖို့သဘောတူခဲ့သလို ဂျာမဏီအစိုးရကတော့ ကိုဗစ် -၁၉ ကာကွယ်ဆေးကို အခုနှစ်ကုန်မှာရရှိနိုင်မယ်လို့ပြောထားပါတယ်။
ထို့အတူ ရုရှားနိုင်ငံတထုတ်လုပ်တဲ့ စပွန့်နစ်လို့အမည်ပေးထားတဲ့ ကိုဗစ် – ၁၉ ကာကွယ်ဆေးဟာလည်း လူအများနှင့် စမ်းသပ်စစ်ဆေးလျက်ရှိပြီး မကြာခင်မှာ ထုတ်လုပ်ဖြန့်ချီနိုင်တော့မယ့် အနေအထားဖြစ်နေပါတယ်။ အလားတူ တစ်ခြားကာကွယ်ဆေးထုတ်လုပ်နေတဲ့အဖွဲ့တွေလည်း အပြိင်အဆိုင်ထုတ်လုပ်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
ကာကွယ်ဆေးသာခန့်မှန်းထားတဲ့အချိန်ထက် စောစောရရှိခဲ့မယ်ဆိုရင်၊ ကမ္ဘာ့ပြည်သူတွေ စည်းလုံးညီညွတ်မှုရှိမည်ဆိုရင်၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင်၊ ကိုဗစ် – ၁၉ တိုက်ဖျက်မှုမှာ အားလုံးစိတ်တူကိုယ်တူ ပါဝင်ပူးပေါင်းမယ်ဆိုရင် အခုလိုရင်ဆိုင်နေရတဲ့ အခြေအနေတွေကနေ ကျော်လွှားနိုင်တော့မှာဖြစ်ပြီး ကမ္ဘာကြီးလည်းသာယာလှပလာမှာဖြစ်ပါတယ်။ အလားတူလူသားတွေလည်း ပြန်လည်ပြုံးပျော်လာနိုင်မှာဖြစ်ပါတယ်။ ထို့အတူကမ္ဘာ့လူသားတွေ ကိုဗစ် – ၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ရင်ဆိုင်ခံစားနေရတဲ့ စိုးတထိတ်ထိတ် စိတ်တွေကလည်း အေးချမ်းနိုင်တော့မှာဖြစ်သလို ဒုတိယလှိုင်းရဲ့ စိုးထိတ်မှုမှလည်း လွန်မြောက်လာမှာဖြစ်ပါတယ်။
ထွန်းသစ်စ
ကိုးကား – ၂၆.၀၈.၂၀၂၀ ထုတ် မြန်မာ့အလင်း သတင်းစာမှ ထုတ်နှုတ်ဖော်ပြထားပါသည်။

0 Comments