“Community Forestry Value Chain Development for Protecting Land Tenure Security of the Poor and Ethnic Minority of Myanmar” Project on Kachin State

“ဒေသခံများ ပင်ကျပ်နှုတ်ခြင်းလုပ်ငန်းများ နှင့် သစ်တောပြုစုပျိုးထောင်ခြင်း နည်းလမ်းများအား စနစ်တကျသိရှိစေနိုင်ရန်အတွက် “ပင်ကျပ်နှုတ်ခြင်းဆိုင်ရာ နည်းစနစ်များ ပို့ချခြင်းသင်တန်း” ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် တွင်ပြုလုပ်”

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် နေကြသော CF ကျေးရွာများမှ မိမိကျေးရွာအလိုက် CF စိုက်ခင်းများအတွင်း ပင်ကျပ်နှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောပြုစုပျိုးထောင်ခြင်း နည်းလမ်းများအား စနစ်တကျ သိရှိ၍ သစ်တောစိုက်ခင်းတည်ထောင်သူများအား ပြန်လည်မျှဝေပေးနိုင်စေရန် အတွက် High Water Global အဖွဲ့၏ ရန်ပုံငွေ ပံ့ပိုးကူညီမှုဖြင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM) မှ ကြီးမှူး၍ “ပင်ကျပ်နှုတ်ခြင်းဆိုင်ရာ နည်းစနစ်များ ပို့ချခြင်းသင်တန်း” ကို ၁၇.၇.၂၀၂၀ ရက်နေ့ မှ ၁၈.၇.၂၀၂၀ ရက်နေ့အထိ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တန်ဘောင်ကျေးရွာရှိ ကျေးလက်သစ်တောအသုံးပြုသူများ အသင်းရုံးတွင် ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

ကျေးရွာ (၁၁) ရွာမှ သင်တန်းသား ဦးရေ စုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလအတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ ပင်ကျပ်နှုတ်ခြင်း ကိစ္စ ရပ်များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်ကိစ္စများ ၊ လုပ်ထုံးလုပ်နည်းများအား ဆွေးနွေးခြင်း၊ CF လုပ်ငန်းများနှင့်ပတ်သက်သည့် ဒေသခံများ၏ အခက်အခဲများအား သင်တန်းသားများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်၊၊ ထို့ပြင် သင်တန်းကာလအတွင်း သင်တန်းတက်ရောက်လာသူ များမှ မိမိကျေးရွာသို့ ပြန်ရောက်လျှင် ပင်ကျပ်နှုတ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အဖွဲ့ဝင်များသို့ ပြန်လည် ပို့ချနိုင်ရန်အတွက် ပင်ကျပ်နုတ်ခြင်း လက်ကမ်းစာစောင်များ ပေးဝေခဲ့ပြီး ပင်ကျပ်နှုတ်မည့် လုပ်ငန်း အစီအစဉ်များကိုလည်း ရေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။

“စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် High Water Global အဖွဲ့၏ ရန်ပုံငွေအကူအညီဖြင့် စီမံကိန်းကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၂၀၁၉ ခုနှစ် မတ်လ မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း” အဆိုပါစီမံကိန်းတွင်ပါဝင်သော စိမ်းလန်းအမိမြေ၏ Project Coordinator ဦးစည်သူထွန်းမှ ပြောကြားသည်။
ဆက်လက်၍ “ယခုအခါတွင် ဝိုင်းမော်မြို့နယ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းများအတွင်း ၂၀၀၆/၂၀၀၇ ခုနှစ် တည်းကပင် စိုက်ပျိုးခဲ့သော စိုက်ခင်းသက်တမ်း ၁၁/၁၂ နှစ်ရှိသည့် ကျွန်း၊ ပျဉ်းကတိုး၊ ယေမနေ စသော သစ်တောစိုက်ခင်းများသည် ပင်ကြပ်နှုတ်ခြင်းလုပ်ငန်းအား တစ်ကြိမ်မျှပင် လုပ်ဆောင်ထားခြင်းမရှိကြောင်း၊ အကျိုးဆက် အနေဖြင့် သစ်တောစိုက်ခင်းများအတွင်းရှိ သစ်မျိုးများမှာ လုံးပတ်ကြီးထွားမှု အလွန်နှေးကွေး ခြင်း၊ ဖြောင့်တန်းသော သစ်ပင်များဖြစ်ထွန်းမှု နည်းပါးခြင်းနှှင့် အချို့သော သစ်မျိုးနှင့် အပင်များသည် အပင်လောင်းရိပ်မိခြင်းများကြောင့် သေဆုံးခြင်း စသည်တို့ ဖြစ်ပေါ်နေသောကြောင့် ပင်ကြပ်နှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အတွက် သစ်တောဦးစီးဌာနသို့ ပင်ကျပ်နှုတ်ခွင့် ခွင့်ပြုမိန် တောင်းခံချက်များအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တင်ပြခဲ့ပြီး သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှုးများမှ ကွင်းဆင်းစစ်ဆေး၍ ကျေးရွာ (၁၀) ရွာအတွက် ပင်ကျပ်နုတ်ခွင့်ပြုမိန့်များအား ပြန်လည် ချထားပေးခဲ့ပါသည်။ ထို့ကြောင့် ပင်ကျပ်နှုတ်ခွင့် ရရှိထားသော ကျေးရွာများတွင် ပင်ကျပ်နှုတ်ခြင်း လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် ပင်ကျပ်နှုတ်ခြင်း လုပ်ငန်းအစီအစဉ်များ ရေးဆွဲ နိုင်ရန် အတွက် ပင်ကျပ်နှုတ်ခြင်းဆိုင်ရာ နည်းစနစ်များ ပို့ချခြင်း သင်တန်းအား ကျင်းပရခြင်း ဖြစ်ပါကြောင်း” ဦးစည်သူထွန်းမှ ပြောကြားခဲ့သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *