“Community Bamboo: Initial Efforts and Possibilities” Exhibition held in Kachin State

ကချင်ပြည်နယ်၊ ၀ိုင်းမော်နယ်တွင် တည်ထောင်ထားရှိသည့် အစုအဖွဲ့ပိုင်သစ်တော အဖွဲ့ဝင်များက ၀ါးပြပွဲတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်၊ နံနက် (၉)နာရီ မှ နေ့လည် (၁၂)နာရီထိ  ရွှေပြည်စံခန်းမ၊ ပြည်ထောင်စုလမ်း၊ ယုဇနရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်တွင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲတွင် ဒေသခံပြည်သူများ ထုတ်လုပ်ထားသော ဝါးတန်ဖိုးမြှင့်ပစ္စည်းများအား သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့များနှင့် ဈေးကွက်ချိတ်ဆက် ပေးနိုင်စေရန်၊ သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများ နှင့် ပတ်သက်သော အရပ်ဘက်အဖွဲ့အစည်းများ၏ ကနဦး ဆောင်ရွက်ချက် များကို ပြန်လည် မျှဝေပေးနိုင်ရန်နှင့် သစ်မဟုတ်သည့် သစ်တောထွက် ပစ္စည်း များကို အသုံးပြု၍ ဒေသခံ ပြည်သူများဖွံ့ဖြိုး တိုးတက်ရေးအတွက် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဆွေးနွေးဖော်ထုတ် နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

အဆိုပါ ဝါးပြပွဲကို Community Forestry Enterprise Initiative for Pro-poor Forest Governance Project ၏ လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် စီမံကိန်းတာဝန်ခံမှ ဝါး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများကို တင်ပြရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ တန်ဖိုးမြှင့် ထုတ်လုပ်ရေးနှင့်ပတ်သက်၍ အနာဂတ်၌ ဆက်လက် အကောင်အထည်  ဖော်ဆောင်ရွက်သင့်သည့် လုပ်ငန်းကဏ္ဍများကို ဝါးထွက်ကုန်ပစ္စည်း ကျွမ်းကျင်သူ ပညာရှင်များက ဆွေးနွေးတင်ပြကြပြီး၊ တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခြင်း၊  အကြံပြုဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ အဆိုပါပြပွဲသို့ စိတ်ဝင်စား လေ့လာဆွေးနွေးသူ ၈၂ ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ “ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောက သစ်တောထွက်ပစ္စည်းတွေ တရားဝင် ထုတ်ယူသုံးစွဲနိုင်ဖို့ ဆောင်ရွက်နေတဲ့ ကြားကာလမှာ သစ်မဟုတ်တဲ့ သစ်တောထွက်ပစ္စည်းဖြစ်တဲ့ ဝါးကနေ ဝင်ငွေရအောင်သာမက အမျိုးသမီးတွေ၊ စစ်ဘေးရှောင်ပြည်တွေအတွက် အကျိုးအမြတ်ရှိစေမယ့် လုပ်ငန်းတစ်ခု ဖြစ်လာစေဖို့ လည်း ရည်ရွယ်ပါတယ်” ဟု (KCWG) မှ ဦးဝဏ္ဏက ပြောသည်။

“သစ်တောအသုံးပြုသူများအသင်းဝင် ကျေးရွာတွေက ဝါးထုတ်ကုန် ထုတ်လုပ်သူတွေသာမက စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်တွေ၊ ပြင်ပ ပုဂ္ဂလိက ဝါးတန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်သူတွေ အကျိုးရှိသွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပြပွဲလုပ်လိုက်တဲ့အတွက် ဒေသတွင်း ဝါးတန်ဖိုးမြှင့်ပစ္စည်း ထုတ်လုပ်သူတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ အစုအဖွဲ့ပိုင်သစ်တော အဖွဲ့ဝင်တွေ အချိပ်အဆက် ရခဲ့ကြတဲ့အပြင်   ကုန်ပစ္စည်းအမှာစာတွေ ရရှိလာပါတယ်။ ဒါ့ကြောင့် ဝါးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ဒေသခံပြည်သူတွေ ပိုမိုစိတ်ဝင်စားလာစေပါတယ်” ဟု စီမံကိန်း ညှိနှိုင်းရေးမှူး ဦးစည်သူထွန်းက ပြောသည်။

 

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *