စီးပွားဖြစ် ဝါးစိုက်ပျိုးနည်း
ဝါးသည် မြန်မာပြည်နေရာ အနှံအပြားတွင် ပေါက်ရောက်သော သဘာဝပေါက်ပင်ဖြစ်သည်။ ဧရိယာအရ ပြောဆိုလျှင်တော့ ဝါးသစ်တောဧရိယာ အများဆုံးနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်။ ပေါများလွန်း၍ အကျိုးရှိရှိအသုံးမချမိသောကြောင့် တန်ဖိုးမရှိဖြစ်နေရသည်။ အကျိုးရှိစွာအသုံးချတတ်ပါက ရွှေကဲ့သို့ တန်ဖိုးမြင့် ရွှေစိမ်းပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဝါးမျိုးစုစုပေါင်း ၂၂မျိုးနှင့် မျိုးစိတ်ပေါင်း ၁၂၀ ခန့်သဘာဝအလျောက် ပေါက်ရောက်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင်ပေ ၃၀၀ မှ ပေ ၂၆၀၀ အကြားတွင် အများဆုံးတွေ့ရသည်။ အပူချိန် ၁၁ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ဒီဂရီဖာရင်ဟိုက်၊ မိုးရေချိန် ၃၁လက်မ မှ ၁၅၄ လက်မ ရေမဝတ်သောမြေ, ဆားငန်မြေမှလွဲ၍ ရှင်သန်ပေါက်ရောက်နိုင်သည်။ ဝါးပင်သည် အခြားသောအပင်ထက်အောက်စီဂျင် ၃၅ ရာခိုင်နှုန်းပိုမိုထုတ်နိုင်သည်။ ဝါးတစ်ဟက်တာစိုက်ပျိုးထားသောခြံသည် ကာဗွန်တန် ၂၀၀၊ ဆာလဖာဒိုင်အောက်ဆိုဒ် တန်၆၀မှ ၉၀၊ ဖှုန်မှုန့်တန် ၆၀ မှ ၉၀ အထိစုပ်ယူနိုင်သည်။
ဝါးပင်ကို အကြမ်းအားဖြင့် သုံးမျိုးတွေ့ရသည်။
၁. တစ်ပင်ချင်းပေါက်သောဝါးပင်
၂. အစုလိုက် ပေါက်သောဝါးပင်
၃.အထက်ပါအုပ်စုနှစ်မျိုးပေါင်းစပ်ထားသော စကဝါးပင်တို့ဖြစ်သည်။
ဝါးပင်ကိုစိုက်ပျိုးတော့မည်ဆိုပါက မိုးရွာသွန်းမှုဦ အပူချိန်၊ ပင်လယ်ရေမျက်နှာပြင်အမြင့်၊ မြေဆီလွှာအပေါ်မူတည်ကာ ဝါးမျိုးကိုရွေးချယ်စိုက်ပျိုးရန် လိုပါသည်။ အချဉ်ဓါတ်အနည်းငယ်ရှိပြီး သဲဆန်သောနုန်းမြေကို ပို၍ကြိုက်နှစ်သက်သည်။ ရေစီးရေလာကောင်းမွန်ပြီး အစိုဓါတ်ထိန်းနိုင်လျှင် ဝါးအတွက်အဟာရကောင်းမွန်သောရေဖြစ်သည်။ ဝါးစိုက်ရန်မြေကိုရွေးချယ်မည်ဆိုပါက လမ်းပန်းဆက်သွယ်ရေး၊ ကုန်ထုတ်ရန်ကောင်းသောနေရာကို အဓိကထားရွေးချယ်ရန်လိုပါသည်။ ထို့ပြင် ကျေးလက်၊ မြို့ပြစေျးကွက်နှင့် အလှမ်းသိပ်မကွာစေရန်လည်းလိုအပ်ပါသည်။ သယ်ယူရန် ကုန်ကျမည့်စရိတ်များကို ထည့်သွင်းစဉ်းစားရန်လိုအပ်မည်ဖြစ်သည်။ အဓိကအားဖြင့် စေျကွက်ဝင်သော ဝါးမျိုးကို ရွေးချယ်စိုက်ပျိုးမှသာလျင် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။
ဝါးပင်စိုက်ပျိုးရန်အတွက် သစ်ပင်သစ်တောများအား အပြောင်ရှင်းကာစိုက်ပျိုးပါက ဂေဟစနစ်ကိုပျက်စီးစေသောကြောင့် ရှောင်ရှားရမည်။ ယာမြေများတွင်စိုက်ပျိုးလိုပါက အခြားအပင်အဖြစ် ရာသီပေါ်သီးနှံများကို စိုက်ပျိုးပြီး စရိတ်ရှာနိုင်သည်။ ခြံစည်းရိုးများတွင်စိုက်ပျိုးပါက လေကာပင်အဖြစ်အသုံးချနိုင်သလို ရရှိလာသော ဝါးမျှစ်များကိုလည်း အသုံးပြု၍ရနိုင်သည်။ ဝါးရွက်သည် ခြောက်သွေ့လွယ်သောကြောင့် မီးဘေးအန္တရာယ်ကို သတိထားရန်လိုအပ်သည်။ ထို့ကြောင့်ဝါးရွက်များကိုစုဆောင်းကာ ဆွေးသောအခါမှ သဘာဝမြေသြဇာအဖြစ် အသုံးချနိုင်သည်။ ဝါးရွက်များကြားတွင် စုဆောင်းကာ မှိုစိုက်ပျိုးပါက ဝင်ငွေတစ်မျိုးတိုးနိုင်သည်။
ဝါးစိုက်ပျိုးမည်ဆိုပါက ဝါးရောင်းချရန်နေရာ၊ နှီးအသုံးချရန်စေျးကွက်၊ မျှစ်စေျးကွက်တို့ကို ကြိုတင်စီစဉ်ထားရန်လိုအပ်မည်။ ဝါးပင်သည် စိုက်ပျိုးရှင်သန်ပြီးပါက ပြုစုစရာများမလိုအပ်သောကြောင့် ဝါးနှင့်ဆက်စပ်သော လက်မှုပညာတတ်မြောက်ထားရန်လိုအပ်မည်။ သို့မှသာ နေ့စဉ်အလုပ်ရှိသလို ဝင်ငွေလည်းရှိနိုင်မည်။ ဝါးအဖြစ်မရောက်မီ မျှစ်မှ ဝင်ငွေရရှိပြီး အကျိုးခံစားရပါမည်။ စိတ်ကြိုက်မျှစ်ကို ချန်လှပ်ကာ ပိုသောမျှစ်ကိုချိုးယူရပါမည်။ ချန်လှပ်ထားသောမျှစ်မှ အပင်ဖြစ်လာပါက ထပ်မံရွေးချယ်ကာ နှီးဝါးအဖြစ်အသုံးပြုနိုင်သည်။ နှီးဖျာ၍ ရောင်းချကာ ဝင်ငွေရရှိနိုင်ပြီး နှီးကို ကုန်ချောအဖြစ်သို့ပြောင်းလဲ ထုတ်လုပ်ရောင်းချပါက ပို၍အမြတ်အစွန်းရနိုင်ပါသည်။ သုံးနှစ်သားဝါးပင် အရွယ်ရောက်သောအခါ ဝါးကောင်းအဖြစ်စတင် ရောင်းချနိုင်ပါသည်။
ဝါးပင်ကိုပန္နက်ချ၍စိုက်သောအခါ မိမိအသုံးချလိုမှုအပေါ်မူတည်၍ စိုက်ရန်လိုအပ်သည်။ ဝါးသီးသန့် ထုတ်လုပ်မည်ဆိုပါက တစ်ပင်နှင့်တစ်ပင် ၁၀ပေခြားစိုက်ပျိုးပါက ပိုမိုအဆင်ပြေနိုင်မည်။ ဝါးရုံများ ကျဲလွန်းစွာစိုက်ပျိုးထားပါက လေတိုးခံနိုင်ရန်နှင့် အပင်များကွေးကောက်ခြင်းမရှိစေရန် ပန်းဝါးများများထားရမည်။ ဝါးရုံစိတ်သောအခါ နေရောင်ခြည်ကို လုတက်ရသောကြောင့် ဝါးဖြောင့်ဖြောင့်ကို ရနိုင်သည်။ မျှစ်ကို အဓိကထား၍ ထုတ်လုပ်မည်ဆိုပါက တစ်ပင်နှင့် တစ်ပင် ၆ ပေခြား သို့မဟုတ် ၈ပေခြား၍စိုက်ပျိုးရန်လိုအပ်မည်။ မျှစ်ထုတ်ယူမည်ဆိုပါကလည်း တစ်ရုံလျှင် အနည်းဆုံးဝါး ၆ ပင်ခန့်ထားရန်လိုအပ်မည်။
ဝါးမျိုးထုတ်လုပ်ရန်အတွက် ၈ပေထက်မကျဲစေရန်လိုအပ်သည်။ သို့မှသာဧရိယာကျဉ်းကာ မျိုးများများထုတ်ယူနိုင်မည်ဖြစ်သည်။ သို့မှသာ ပြုစုရသောဧရိယာကျဉ်းကာ မျိုးများများထုတ်ယူနိုင်မည်ဖြစ်သည်။ ဝါးတစ်ဧက စိုက်မည်ဆိုပါက အကြမ်းအားဖြင့် ရင်းနှီးမတည်ငွေကို အကြမ်းဖြင်းအားဖြင့်တွက်ချက်ထားရန် လိုအပ်ပေမည်။ ဝါးမျိုးဝယ်ရန် ရင်းနှီးလိုပါက အချိန်ကိုရင်းကာ အပင်အနည်းငယ်စိုက်၍ မျိုးငှားယူနိုင်သည်။
အကြမ်းအားဖြင့် ဝါးပင်များကို ၁၀ ပေခြား၍ စိုက်မည်ဆိုပါက တစ်ဧကအတွက် ပျိုးပင် ၄၂၀ လိုအပ်မည်။ တစ်ပင်လျင်အများ စေျး ၃၀၀၀ ကျပ်ဆိုလျင် အပင်၄၂၀ အတွက် ကျပ် ၁၂,၆၀၀,၀၀၊ ပန္နကစိုက်ချင်းနှင့် မြေကျင်းတူးခြင်းအတွက် တစ်ပင်လျင်၂၀၀ကျပ်ဖြင့် ကျပ် ၈၄,၀၀၀၊ စိုက်ပျိုးရေးစရိတ်နှင့် မြေသြဇာဖိုးအတွက် တစ်ပင်လျင် ၁၀၀ ကျပ်ဖြင့် ကျပ် ၄၂၀၀၊ တစ်နှစ်စာ ပေါင်းရှင်းခအဖြစ် တစ်ပင်လျင် ကျပ် ၂၀၀ဖြင့် ၈၄,၀၀၀၊ ရေလောင်းပေးရသော ဝါးပင်ဖြစ်ပါက အပင် ၄၂၀အတွက် တစ်နှစ်လျင် ၄၂,၀၀၀ ခန့်ကုန်ကျနိုင်သဖြင့် ပထမနှစ်အတွက် ကုန်ကျငွေ ကျပ် ၁,၅၁၂,၀၀၀ ခန့်ရှိနိုင်ပြီး၊ ဒုတိယနှစ်အတွက် ကျပ်ငါးသိန်း ဝန်းကျင်ကုန်ကျနိုင်ပြီး၊ တတိယနှစ်နှင့် စတုတ္ထနှစ်အတွက် ကျပ်သုံးသိန်းဝန်းကျင်ခန့် ကုန်ကျနိုင်ပါသည်။
ဝါးစိုက်ပျိုးပါက တစ်ဧကအတွက် ဝင်ငွေအကြမ်းအားဖြင့် ဝါးပိုးဝါး တစ်ဧကလျှင် ၄၂၀ ရုံအတွက် ဝါးတစ်ရုံလှင် ဝါး ၅ လုံးရရှိပါက တစ်လုံးလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းရလျှင် တစ်ဧကဝင်ငွေ ကျပ် ၇,၃၅၀,၀၀၀ ရရှိနိုင်ပါမည်။ ထီးရိုးဝါးတစ်ဧကလျှင် ရုံ၄၂၀ အတွက် ဝါးတစ်ရုံလျှင် ဝါး၁၀ လုံးရောင်းရပါက တစ်လုံးလှင် ၅၀၀ကျပ်ဖြင့်ရောင်းရလျှင် တစ်ဧကဝင်ငွေကျပ် ၂၀,၀၀၀,၀၀၀ ရရှိနိုင်ပါမည်။ ရောင်းချရသောစေျးနှင့် ထွက်နိုင်သော ဝါးအလုံးအရေအတွက်ပေါ်တွင် မူတည်ပါသည်။
ဝါးစိုက်ပျိုးပါက ရေလိုသည့်ဝါးလည်းရှိသလို ရေမလိုသည့်ဝါးလည်းရှိသည်။
အကယ်၍ မိမိခြံအတွင်း ၌ ဝါးများကို ခုတ်သိမ်းသောအခါ စနစ်ကျဖို့လိုအပ်သည်။ အရင်ပေါက်သောဝါးကို အရင်ခုတ်သိမ်းပြီး မြင်းခွာပုံသဏ္ဍာန် ဝါးပင်များချန်ထားရမည်။ သို့မှသာ သက်တမ်းမှီသောဝါးကောင်းများကို ခုတ်သိမ်းနိုင်ပါမည်။ ခုတ်သိမ်းပြီးသော ဝါးငုတ်များကို အရင်းမှဖြတ်တောက်ပြီး မိုးရေမဝင်နိုင်အောင် အဆစ်နေရာမှ ချန်ထားရမည်။ ဝါးဆစ်အခေါင်းအတွင်း မိုးရေဝင်ပါက ဝါးငုတ်ဆွေးမှ အပင်ကိုထိခိုက်နိုင်ပါသည်။ ဆွေးသွားသော ဝါးငုတ်အား ဖယ်ရှားပြစ်ရပါမည်။
မျှင်ဝါးကဲ့သို့ အစုလိုက်ပေါက်သောဝါးပင်ကို တစ်ဖက်မှတူးပြီး အခြားတစ်ဖက်တွင် ဝါးရွက်နှင့် မြေများဖို့ပေးပါက ဝါးပင်ကျဲကျဲပေါက်ပြီး ဝါးအလုံးပိုလှကြောင်း ဒေါက်တာစန်းဝင်း၏ သုသေတနပြုချက်အရသိရသည်။ ဝါးစိုက်ပျိုးမည်ဆိုပါက ဝါးနှင့်ပတ်သက်သည့် အဆောက်အအုံဆောက်လုပ်ခြင်း၊ ဝါးပရိဘောဂပြုလုပ်ခြင်း၊ နှီးယက်လုပ်ခြင်း အတတ်ပညာများ မဖြစ်မနေတတ်မြောက်ထားပါက ဝါးရောင်းချခြင်းထက် ၁၀ဆ မက ငွေဝင်နိုင်ပါသည်။ ဝါးခြံကို တစ်ခါစိုက်ပျိုးပြီးပါက သားစဉ်မြေးဆက် အကျိုးခံစားနိုင်ပါသည်။ တစ်နှစ်တစ်ခါ စိုက်ပျိုးနေစရာမလိုပါ။
ဝါးစိုက်ပျိုးသူများသည် ဝါးကိုရေရှည်ခံအောင် ပြုလုပ်သော ရိုးရာနည်းလမ်းများ၊ ဆေးသွင်းနည်း။ ဆေးစိမ်နည်း၊ ဝါးပေါင်းနည်းများကို သိထားရန်လိုအပ်ပါသည်။ ရေရှည်ခံအောင်ပြုလုပ်ပြီး ရောင်းချပါက သစ်နေရာတွင် ဝါးသည်နေရာယူလာပြီး စေျးကွက်ကောင်းတစ်ခု ဖြစ်ပေါ်လာနိုင်ပါသည်။
ဝါးစိုက်ပျိုးသူများသည် ဝါးပင်မျိုးပွားနည်းသိထားရမည်။ သို့မှသာ ဝါးမျိုးရောင်းချခြင်းဖြင့် ဝင်ငွေရရှိနိုင်ပါသည်။ ဝါးစိုက်ပျိုးခြင်းသည် ဝင်ငွေအရ ရာသီပေါ်သီးနှံများထက် ဝင်ငွေပိုမိုရရှိနိုင်ပါသည်။ မြေဆီလွှာဆုံးရှုံးမှုကို ကာကွယ်နိုင်သည့်အပြင် မြေဆီလွှာကိုဖြစ်ထွန်းစေသည်။ မြေအောက်ရေကိုထိန်းသိမ်းနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည်။ ရာသီဥတု ဒဏ်အမျိုးမျိုးကိုကြောက်စရာမလိုသည့်အပြင် ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများဖျန်းပေးစရာမလိုပါ။ ထို့ကြောင့် ဝါးစိုက်ခြင်းသည် ကုသိုလ်လည်းရ ဝမ်းလည်းဝသောကြောင့် စိုက်ပျိုးသင့်ကြောင်းတိုက်တွန်းအပ်ပါသည်။
ဝင်းကျော်ဦး၏ လေးစားရမည့်ဝါးပင်တို့၏ သဘာဝနှင့် စီးပွားဖြစ်ဝါးစိုက်ပျိုးရေး စာအုပ်မှ ထုတ်နှုတ်တင်ပြထားပါသည်။
Commercial Bamboo Agriculture
0 Comments