ရာသီဥတုပြောင်းလဲခြင်းနှင့် သင်၏ကျန်းမာရေး
ရာသီဥတုပြောင်းလဲခြင်းသည် ကျွန်ုပ်တို့၏ ကမ္ဘာကိုပို၍ပူနွေးလာစေရုံသာမက ပို၍မကျန်းမာသောနေရာတစ်ခုအဖြစ်လည်းဖန်တီးပေးနိုင်သည်။
အပူဒဏ်သင့်ရောဂါ (Heat Stroke)
အပူချိန်မြင့်တက်လာခြင်းကြောင့် အပူနှင့် ဆက်စပ်သည့်ရောဂါများဖြစ်သော ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်သင့်ခြင်းစသောရောဂါများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အာရုံကြောဆိုင်ရာရောဂါများဖြစ်ပွားမှုမြင့်တက်လာသည်။ အထူးသဖြင့်မြို့ကြီးများတွင် အပူလှိုင်းကြောင့် အသေအပျောက်များအထင်အရှားမြင့်တက်လာသည်။ အများအားဖြင့် ညအပူချိန်သည် နေ့အပူချိန်ထက်လျော့နည်းသဖြင့် သက်သာစရာဖြစ်သော်လည်းအပူလှိုင်းဖြတ်ချိန်ကာလအတွင်း ညအပူချိန်မြင့်တက်လာမှုသည် လူ့ကျန်းမာရေးအတွက် ဆိုးကျိုးကိုဖြစ်စေသည်။
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ (Respiratory Disease)
လေထုကိုအဓိကညစ်ညမ်းစေသော နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် ဆာလဖာဒိုင်အောက်ဆိုဒ်ကဲ့သို့သော ဓါတ်ငွေ့များသည် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်သော အဆုတ်နာရောဂါများနှင့် နှလုံသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားမှုကို မြင့်မားစေသည်။ ဖန်လုံအိမ်ဓါတ်ငွေ့ အဆက်မပြတ်ထုတ်လွှတ်မှုများကြောင့် လေထုညစ်ညမ်းမှုများ တစ်ဆထက်တစ်စ ပိုဆိုးလာမည်ဖြစ်သည်။
ရေကြောင့်ဖြစ်သောကူးစက်ရောဂါ (Waterborne Disease)
အပူချိန်မြင့်မားလာခြင်းသည် ရေကြီးမှုများကိုဖြစ်ပေါ်စေပြီး၊ တိုက်ဖွိုက်နှင့် ကာလဝမ်းရောဂါကဲ့သို့သော ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အခြားရေကြောင့်ဖြစ်သော ရောဂါများဖြစ်ပွားမှုကိုမြင့်တက်စေသည်။ ရေကြီးမှုကြောင့် အညစ်အကြေးနှင့် သောက်သုံးရေများ ရောထွေးမှုများဖြစ်ကာ ထိုရေများသောက်သုံးရာမှ တိုက်ဖွိုက်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်စေသည်။ ရေဆိုးနှုတ်စနစ်ညံ့ဖျင်းမှုသည်လည်း အခြေအနေကိုပို၍ ဆိုးရွားစေသည်။
အင်းဆက်ပိုးမွှားများကြောင့်ဖြစ်သော ကူးစက်ရောဂါ (Vector Borne Disease)
ရာသီဥတုပြောင်းလဲလာခြင်းကြောင့် အထူးသဖြင့်ပူနွေးသောနေရာများ၌ ခြင်၊ ယင် စသော အင်းဆက်များမှ သယ်ဆောင်လာသော ကူးစက်ရောဂါ အန္တရာယ်ကို မြင့်မားလာစေသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲခြင်းသည် ကြွက်၊ ခြင်၊ ယင် ကဲ့သို့သော ပိုးမွှားများကြီးထွားမှုကိုအားပေးသည်။ ငှက်ဖျား၊ တုတ်ကွေး၊ အသည်းရောင်အသားဝါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါစသည်တို့မှာ တိရိစ္ဆာန်ကြောင့်ဖြစ်သော ကူးစက်ရောဂါများဖြစ်ကြသည်။
အဟာရချို့တဲ့ခြင်း (Malnutrition)
အထူးသဖြင့် ကောက်ပဲသီးနှံကဲ့သို့သော အစာရေစာ ထုတ်လုပ်မှုများမှာ ရာသီဥတုကြောင့်ပြင်းထန်စွာ ထိခိုက်ပျက်ဆီးကြသည်။ ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ အပူချိန်၊ မိုးရွာသွန်းမှုပုံစံ၊ မြေဆီလွှာအစိုဓါတ်နှင့် မြေသြဇာဖြစ်ထွန်းမှုလည်းပြောင်းလဲလာသည်။ ထိုအခြေအနေမှာ သီးနှံဖျက်ပိုးမွှားများ ပေါများရန်အားပေးနေပြီး အစာရေစာထုတ်လုပ်မှုပြဿနာများသည် အာဟာရချို့တဲ့မှုကို ကျယ်ပြန့်စေသည်။ အာဟာရချို့တဲ့မှုနှင့် အစာရေစာ ငတ်ပြတ်မှုများသည် အရွယ်မရောက်သေးသော ကလေးများ၏ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေရုံသာမက အရွယ်ရောက်ပြီးသားလူကြီးများ၏ ကျန်းမာရေးကိုပါထိခိုက်စေသည်။
ထိခိုက်ဒဏ်ရာများ (Injuries)
အပူလှိုင်းဖြတ်ခြင်း၊ အအေးလှိုင်းဖြတ်ခြင်း၊ ဟာရီကိန်း၊ ဆိုင်ကလုန်း၊ ရေကြီးခြင်း စသော ရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်သော ဘေးအန္တရာယ်များသည် လူအသေအပျောက်နှင့် ဒဏ်ရာအနာတရဖြစ်မှုများကိုဖြစ်စေသည်။ ၂၀၀၇ ခုနှစ် နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင် အိန္ဒိယ တို့တွင် ရေကြီးမှုကြောင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်း ဆိုင်ဒါကြောင့်လည်းကောင်း၊ လူပေါင်း ၄,၀၀၀ ကျော် သေကြေပျက်ဆီးခဲ့ပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
လူမှုရေးဆိုင်ရာစိတ်ဖိစီးမှုများ (Psychological Stress)
သဘာဝဘေးအန္တရာယ်များသည် ပျက်ဆီးဆုံးရှုံးမှုများဖြစ်စေရုံသာမက လူများအားနေရာရွှေ့ပြောင်းမှုကိုပါဖြစ်ပေါ်စေသည်။ ထိုဘေးအန္တရာယ်များမှ အသက်ရှင်ကျန်ရစ်သူများသည် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ပြဿာနာများကိုသာမက မိသားစုဝင်များနှင့် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုများကြောင်းဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနာကျင်မှုဝေဒနာများကိုပါရင်ဆိုင်ကြရမည်ဖြစ်သည်။ ထိုကဲ့သို့သော ကြေကွဲဖွယ်ရာအဖြစ်အပျက်များကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူများမှာ တစ်ခါတစ်ရံ ၎င်းတို့၏ ကျန်ရှိနေသော ဘဝတစ်လျှောက်အထိ စိတ်ထိခိုက်ဒဏ်ရာရစေသည်။ ရာသီဥတုအပြောင်းအလဲများသည် ရေအရင်းအမြစ်ရှားပါးခြင်း၊ ပြင်းထန်သောမိုးလေဝသဆိုင်ရာ ဖြစ်စဉ်များနှင့် စိုက်ပျိုးရေးအပေါ်အကျိုးသက်ရောက်မှုဖြစ်စေကာ၊ ၎င်းတို့ကြောင့် လူမှုရေးဆိုင်ရာ ကသောင်းကနင်းဖြစ်မှုများ စီးပွားရေးကျဆင်းမှုများဖြစ်ပွားလာသည်။

0 Comments