လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့
ဟာ ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ (June 5) ရဲ့ တိုက်တွန်းနှိုးဆော်ချက်ပါ။ ကမ္ဘာ့ကျမ္မာရေး အဖွဲ့က ၂၀၁၆ ခုနှစ်မှာ လေထုညစ်ညမ်းမှုကြောင့် မြန်မာပြည်မှာ လူပေါင်း ၂၀၀၀၀ သေဆုံးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ စိမ်းလန်းအမိမြေအသင်းရဲ့ တိုင်းတာချက် နှစ်အလိုက်ရလဒ်ကို Air Quality Index (AQI) USA EPA အပေါ်အခြေခံပြီးတွက်ချက်ထားတာတွေ ပုံမှာဖော်ပြထားပါတယ်။ လေထုညစ်ညမ်းတဲ့ ဓာတ်ငွေ့နဲ့ ဒြပ်ပစ္စည်းလေးမျိုး ဖြစ်တဲ့ PM 10, PM2.5, SO2 ဆာလ်ဖာဒိုင်အောက်ဆိုဒ်နဲ့ နိုက်တြိုဂျင်ဒိုင်အောက်ဆိုဒ် NO2 တို့အတွက် တွက်ချက်ထားတဲ့ AQI ကို ကြည့်ရင် SO2 က Very unhealthy အလွန်အမင်းကျမ္မာရေးအတွက်ဆိုးတဲ့အဆင့်မှာရှိပြီး အလားတူ NO2 က ကျမ္မာရေးအတွက်မသင့်တော်တဲ့ အခြေအနေမှာရှိနေပါတယ်။ PM10 အမှုန်က သာမန်အနေအထားမှာရှိပြီး သေးငယ်ပြီးလူ့ရဲ့အဆုတ်ထဲဝင်နိုင်တဲ့အမွှား PM2.5 က ခံနိုင်ရည်အားနဲသူတွေနဲ့ ကလေးနဲ့ လူကြီးတွေအတွက် ကျမ္မာရေး အရမသင့်တော်တဲ့ အခြေအနေမှာရှိနေပါတယ်။ ဒါက ရန်ကုန်မှာ ၂၀၁၆ ခုနှစ်ကတည်းက ဒီကနေ့ ၂၀၁၉ အထိ လေးနှစ်စာတိုင်းထားတဲ့ ရလဒ်ကို အခြေပြုပြီး ယေဘူယျကောက်ချက်ချတာပါ။ ၂၀၁၆ မှာ ညစ်ညမ်းတဲ့လေထုအခြေအနေဟာ ၂၀၁၇ မှာ အတန်ငယ် ကျဆင်းခဲ့ပေမဲ့ အဲ့ဒီကနေတောက်လျှောက် ၂၀၁၉ အထိ နှစ်အလိုက် လေထုညစ်ညမ်းမှုပြန်တက်လာတာတွေ့ရပါတယ်။ ဒီအပေါ်သုံးသပ်ရရင်တော့ ဒီချုပ်အစိုးရတက်လာခါစမှာ လေထုညစ်ညမ်းစေတဲ့စက်ရုံအလုပ်ရုံတွေက အစိုးရသစ်ရဲ့ အနေအထားကို မသိရသေးတော့ ညစ်ညမ်းမှုတွေကို ဆင်ခြင်ပြီး ပရမ်းပတာ လုပ်မှုတွေလျှော့လိုက်တဲ့အတွက် ၂၀၁၇ မှာ လေထုညစ်ညမ်းမှုဟာ အတန်ငယ်လျော့ကျသွားတယ်လို့ ယူဆပါတယ်။ ၂၀၁၇ လွန်လာတဲ့အခါ အစိုးရရဲ့ ဥပဒေစိုးမိုးရေး လုပ်ဆောင်နိုင်မှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး အရင်ကလိုပိုနေမြဲ ကြားနေမြဲ ပတ်ဝန်းကျင်ကိုဂရုမစိုက်ပဲ ဆက်လုပ်ကြတဲ့အတွက် လေထုညစ်ညမ်းမှု ပြန်လည်မြင့်တက်လာတာလို့ သုံးသပ်ပါတယ်။
လအလိုက်လေထုညစ်ညမ်းမှုကိုကြည့်ရင့်ခြောက်သွေ့ကာလတွေမှာ ညစ်ညမ်းမှုက မြင့်မားပြီး စိုစွတ်တဲ့ မိုးတွင်းမှာ နိမ့်ကျပါတယ်။ ဇွန်လမှာ ညစ်ညမ်းမှုအနည်းဆုံးဖြစ်ပေမဲ့ ဇူလိုင်လမှာ မိုးပြတ်ပြီး ပိုပြင်းတဲ့ မိုးလေဝသအခြေအနေကြောင့် ညစ်ညမ်းမှု နိမ့်ရာကနေ ရုတ်တရက် ပြန်ပြီး မြင့်တက်လာတတ်ပါတယ်၊ဒီအခါ ကလေးတွေ၊လူကြီးတွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေ ချွဲသလိပ်ကပ်၊ အသက်ရှုလမ်းကြောင်းရောင်၊ မျက်စိနာ၊ တုတ်ကွေးတွေ အဖြစ်များပါတယ်။ လေထုညစ်ညမ်းမှု ဆက်တိုက်ခံစားရတဲ့သူတွေဟာ နာတာရှည်ရောဂါတွေဖြစ်တဲ့ အဆုတ်ရောဂါ၊ နှစ်လုံးရောဂါတွေရနိုင်ပါတယ်။
ရန်ကုန်မှာ လေထုညစ်ညမ်းရတဲ့အကြောင်းရင်းကတော့ ဒီဇယ်ကားတွေ အသုံးများလာတာရယ်၊ ကျောက်မီးသွေးလောင်စာသုံး စက်ရုံ အလုပ်ရုံတွေ၁၀၀ ကျော်လောက်အထိ တိုးပွားလာတာကြောင့် လို့ သုံးသပ်ပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုကိုတိုက်ဖျက်မယ်ဆိုရင်တော့
(၁) ဒီဇယ်ရဲ့အရည်အသွေးသတ်မှတ်ချက်ကို မြှင့်တင်ပြီး တိတိကျကျ လိုက်နာမှုရှိအောင် စစ်ဆေးအရေးယူ အပစ်ပေးရပါမယ်။ တရားမဝင် တင်သွင်းလာတဲ့ ဒီဇယ်တွေ ပပျောက်အောင် မှောင်ခိုလုပ်ငန်းကို အင်နဲ့ အားနဲ့တိုက်ဖျက်ရပါမယ်။ မှောင်ခိုလှေတွေကို အဝင်မခံဖို့ တပ်မတော်ရေ က အထူးပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်။ ဒါမှမဟုတ်လည်း ကမ်းခြေစောင့် အထူးတပ်ဖွဲ့ ကို ဌာနပေါင်းစုံနဲ့ ဖွဲ့စည်းပြီး ထိထိရောက်ရောက်စီမံချက် ချဆောင်ရွက်သင့်ပါတယ်။ ဘယ်စက်လှေ၊ ဘယ်သူတွေက ဒီလို လုပ်တယ်ဆိုတာ သိဖို့ မခက်ပါ၊ ဒီ့အတွက်ဥပဒေစိုးမိုးရေးကို အပြည့်အဝဆောင်ရွက်ဖို့လိုပါတယ်။ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ခွင့်ပေးဖို့လိုပါတယ်။
(၂) နှစ်စဉ် မော်တော်ကားလိုင်စင်ဝင်တဲ့အခါ ကားရဲ့ကြံ့ခိုင်မှုကို တိတိကျကျ စစ်ဆေးဖို့လိုပါတယ်။ လိုင်စင်နဲ့ပိုင်ရှင်မှန်ကန်ရေးကိုလည်း အလေးထားဆောင်ရွက်စေလိုပါတယ်။ ခိုးကား ပပျောက်ရေးကို ထိရောက်စွာ ဆောင်ရွက်သင့်ပါတယ်။ ကညန မှာ အဂတိလိုက်စားမှု ပပျောက်အောင်ဆောင်ရွက်ဖို့ဟာ လိုအပ်ချက်တခုပါ။
(၃) မော်တော်ကား တင်သွင်းခွင့်မူကို ပြန်လည်စီစစ်ပြီး ညစ်ညမ်းမှုဖြစ်စေမဲ့ ကားဟောင်းတင်သွင်းမှုမျိုးကို တင်းကြပ်သင့်ပါတယ်။ ကားတိုင်း Catalytic converter ပါမပါ စီစစ်သင့်ပါတယ်။ ပြည်တွင်း လုပ်ငန်းသုံးကားတွေ ထုတ်လုပ်နိုင်ရေးအတွက် အခွန်မူဝါဒကို ပြင်ဆင်ပြီးအားပေးလုပ်ဆောင်သင့်ပါတယ်။
(၄) စက်ရုံတွေကြောင့်ဖြစ်တဲ့ ညစ်ညမ်းမှုကိုလျှော့ချနိုင်ဖို့ စက်ရုံတွေ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်EMP ရေးဆွဲရေးကို တွန်းအားပေးသင့်ပါတယ်။ နည်းပညာအကူအညီနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆောင်ရွက်ရပါမယ်။
(၅) စက်ရုံတွေ လေထုသန့်စင်တဲ့စက်တွေသုံးနိုင်အောင် ပတ်ဝန်းကျင်ဆိုင်ရာချေးငွေရံပုံငွေတည်ထောင်ပြီး အတိုးနှုန်းသက်သာစွာနဲ့ ထုတ်ချေးပေးသင့်ပါတယ်။
(၆) စက်ရုံသုံးလောင်စာ ကို ပိုမို ထိရောက်စွာ သုံးစွဲနိုင်တဲ့ နည်းပညာနဲ့ညစ်ညမ်းမှု လျှော့ချနိုင်တဲ့ ရောနှော သုံးလောင်စာ တွေ ရရှိအောင် စက်ရုံတွေရဲ့ မီးထိုးစနစ် furnace ကောင်းမွန်အောင် အကူအညီပေးသင့်ပါတယ်။
(၇) စက်ရုံတွေမှာ ညစ်ညမ်းမှုတိုင်းတဲ့ အာရုံခံစက်တွေ တတ်ဆင်ပြီး ညစ်ညမ်းမှုအခြေအနေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ cloud မှာ ၂၄/၇ ဖော်ပြနိုင်အောင်ဆောင်ရွက်ရပါမယ်။ မလိုက်နာတဲ့ စက်ရုံတွေကို ထိရောက်စွာအရေးယူသင့်ပါတယ်။
(၈) တယ်လီဖုန်း service provider တွေနဲ့ ညှိုနှိုင်းပြီး ဆက်သွယ်ရေးတာဝါတိုင်တွေမှာ sensor တွေတတ်ဆင်ပြီး လေထုညစ်ညမ်းမှုကို ပုံမှန်တိုင်းတာပြီး ထုတ်ပြန်ကြေငြာသင့်ပါတယ်။ မြန်မာနိုင်ငံ လေထုအရည်အသွေးညွှန်းကိန်းနဲ့ သတ်မှတ်ချက်ကိုပြဌာန်းရပါမယ်။
(၉) ကြိုတင်သတိပေးစနစ် Early warning system ကို တည်ထောင်ပြီး ပြည်သူကိုအချိန်နဲ့တပြေးညီ အသိပေးရပါမယ်။ ပြီးခဲ့တဲ့နှစ် ကလို အမှိုက်ပုံမီးလောင်လို့ လေထုညစ်ညမ်းမှု ဘေးအန္တရာယ်အဆင့်ကျရောက်တဲ့အခါ အရေးပေါ်အခြေအနေကြေငြာပြီး ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို အရေးပေါ်ရွှေ့ပြောင်းကုသပေးနိုင်ဖို့ emergency plan ရေးဆွဲရပါမယ်။ ဘတ်ဂျက် ချထားပေး လေ့ကျင့်ထားရပါမယ်။ အထူးကျမ္မာရေး စောင့်ရှောက်မှုခံနိုင်မဲ့ အခြေခံအဆောက်အအုံနဲ့ facility တွေ လုံလောက်စွာရှိဖို့ပြင်ဆင်ထားရပါမယ်။ ကျမ္မာရေးဝန်ထမ်းတွေကို လေ့ကျင့်ပေးထားရပါမယ်။
(၁၀) ရန်ကုန်မြို့မှာ လေကာတန်းတွေစိုက်နိုင်ဖို့ မြေနေရာတွေ ဖန်တီးပေးရပါမယ်။ သစ်ပင်တွေစိုက်နိုင်ဖို့ အစိမ်းရောင် ဇုံနယ်မြေသတ်မှတ်ချက်တွေ အတွက် ဥပဒေနဲ့ စံသတ်မှတ်ချက်တွေ ပြဌာန်းရပါမယ်။ ခရိုင်တခုခြင်းစီအလိုက် အစိမ်းရောင်နယ်မြေ ၂၀% မှ ၃၀% လောက်အထိ ထားနိုင်ရေးကို လျာထားချက်ချ စီမံဆောင်ရွက်သင့်ပါတယ်။





0 Comments