Azolla and Future Agriculture

အေဇိုလာနှင့် အနာဂတ်စိုက်ပျိုးရေး

ယနေ့ခေတ်၏စိုက်ပျိုးရေးအခြေအနေမှာ ဓာတုသွင်းအားစုများကို အသုံးပြုမှုများလာသောကြာင့် စိုက်ပျိုးမြေပျက်ဆီးလာရခြင်းများကို တွေ့မြင်ရပါသည်။ စိုက်ပျိုးမြေပျက်စီးခြင်းကြောင့် သီးနှံအထွက် လျော့နည်းလာခြင်း၊ သီးနှံများတွင်ဓာတုဓာတ်ကြွင်းအာနိသင်များ ကျန်ရှိနေခြင်းတို့ဖြစ်ပေါ်လာပြီး အကျိုးဆက်အနေနှင့်ယနေ့ကဲ့သို့ကမ္ဘာကြီးပူနွေးလာမှုနှင့်ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတို့ကို အများဆုံး ဖြစ်ပေါ်လာစေပါသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် သဘာဝစိုက်ပျိုးရေးနည်းစနစ်များ၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များအစရှိသည့် သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးနည်းစနစ် များကို ကျင့်သုံးလာနေကြပြီဖြစ်သည်။ထိုကဲ့သို့ စိုက်ပျိုရေးနည်းစနစ်များ ကျင့်သုံးခြင်းဖြင့် မြေဆီလွှာထဲရှိ အာဟာရဓာတ်များတိုးများလာစေရန် အေဇိုလာသည် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီပေးပါသည်။

အေဇိုလာဆိုသည်မှာ အစိမ်းရောင်ရေကျောက်ခတ်ပင်တစ်မျိုးပင်ဖြစ်ပါသည်။ ပွားနှုန်းအင်မတန်မြန်ပြီး အဝေးမှကြည့်လျှင် အစိမ်းရောင်ဖျာခင်းထားသကဲ့သို့ တွေ့မြင်နိုင်ပါသည်။ အေဇိုလာတွင် မျိုးစိတ်ပေါင်း (၆)မျိုးလောက်ရှိပါသည်(Lumpkin and Plucknett,198) အာရှတွင် တွေ့ရများသော အေဇိုလာမျိုးစိတ်များမှာ-Azolla.carokiniana,A.microphylla,A.pinnataတို့ဖြစ်ကြပါသည်။
အေဇိုလာသည်သမပိုင်းဇုံ၊အပူပိုင်းဇုံနှင့် အအေးပိုင်းဇုံအထိမွေးမြူဖြစ်ထွန်းနိုင်ပါသည်။ အေဇိုလာ၏ အရွယ်အစားသည်မျိုးစိတ်ပေါ်မူတည်၍ ၁-၁၅ စင်တီမီတာအထိ ရှိပါသည်။ မျိုးစိတ်တစ်မျိုးဖြစ်သည့် A.pinnata သည် ၁-၂.၅ စင်တီမီတာ ထိရှိပြီး A.nilotica ၏အရွယ်အစားသည် ၁၅စင်တီမီတာထိရှိပါသည်။ (Raja etal.2012). အေဇိုလာအရွက်၏အရောင်သည် အစိမ်းရောင်မှ နီညိုရောင်ထိ ရှိပါသည်။ သာမန်အခြေအနေတွင် အစိမ်းရောင်ရှိတတ်ပြီး အလွန်ပူပြင်းသော ရာသီဥတုတွင် နီညိုရောင်ရှိတတ်ပါသည်။ အေဇိုလာကို ရေကန်၊ချောင်း မြောင်းများနှင့် စပါးခင်းများတွင် စိုက်ပျိုးမွေးမြူနိုင်ပါသည်။ အေဇိုလာပင်များ ပွားနှုန်းမြန်ဆန်စေရန် ရေသည် အဓိက လိုအပ်သောအရာတစ်ခုဖြစ်ပါသည်။ အေဇိုလာသည် ရေ၏ pH ၃.၅ မှ ၁၀ ထိရှင်သန်ပွားများနိုင်ပါသည်။

အေဇိုလာပင်များကို ရှေးယခင်ကတည်းကပင် စိုက်ပျိုးရေးကဏ္ဌတွင် အသုံးပြုကြပါသည်။ တရုတ်နိုင်ငံနှင့် ဗီယက်နမ်မြောက်ပိုင်းဒေသများတွင် အေဇိုလာကို စပါးပင်စိုက်ပျိုးရာတွင် ဇီဝမြေဩဇာအဖြစ်အသုံးပြုခဲ့ ကြပါသည်။(Van Hove etal., 1996). ထို့အပြင် အေဇိုလာကို ၁၈ရာစုတွင် ပီရူးနိုင်ငံတွင် တိရာစ္ဆာအစာအဖြစ် စတင်သုံးစွဲခဲ့ကြပါသည်။(Feuillee,1725). ၁၉၇၀ တွင် တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသည် စိုက်ပျိုးရေးတွင် မြေဩဇာအဖြစ်အသုံးပြုသည့် နိုက်ထရိုဂျင် ကို ထုတ်လုပ်ဖို့ရန် fossil-fuel ဈေးနှုန်းမြင့်တက်လာသော ကြောင့် အေဇိုလာကို ပမာဏများများ မွေးမြူထုတ်လုပ်လာကြသည်။
အေဇိုလာကို ယခုနောက်ပိုင်းတွင် တိရစ္ဆာန်အစာအဖြစ်လည်းများစွာ အသုံးပြုလာကြပါသည်။ အဘယ့်ကြောင့်ဆိုသော် အေဇိုလာသည် တခြားသော စားကျက်သီးနှံထက် ပရိုတိန်းဓာတ်ပါဝင်မှုပိုမြင့်သော ကြောင့်ဖြစ်ပါသည်။ ကြက်၊ဝက်မွေးမြူရေး၊ ငါးမွေးမြူရေးနှင့် စားမြုံပြန်တိရစ္ဆာန်များအတွက် အဓိက လိုအပ်သော amino acid composition ကို ပြုလုပ်ပေးနိုင်သည်။(Hansan etal.2009). အေဇိုလာကို တိရစ္ဆာန်အစာအဖြစ်အသုံးပြုရာတွင် ရိတ်သိမ်းပြီးနောက် ချက်ခြင်း အသုံးပြုနိုင်သကဲ့သို့ အခြောက်ခံ၍ အမှုန့်ချေပြီးလည်းကျွေးနိုင်ပါသည်။

အေဇိုလာကို စိုက်ပျိုးရေးကဏ္ဌတွင် ဇီဝဓာတ်မြေဩဇာအဖြစ်လည်းကောင်း၊ သစ်ရွက်စိမ်းမြေဩဇာအဖြစ် လည်းကောင်း၊မြေဆွေးပြုလုပ်၍သော်လည်းကောင်း စိုက်ခင်းများတွင် အသုံးပြုနိုင်ပါသည်။ အေဇိုလာကို သဘာဝ ဝန်းကျင်မပျက်စိုက်ပျိုးရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး အစရှိသည့် သဘာဝပတ်ဝန်းကျင် နှင့်လိုက်လျောညီထွေမှုရှိသော စိုက်ပျိုးရေးတွင် အသုံးပြုရခြင်းသည် လေထဲရှိသော နိုက်ထရိုဂျင်ကို ဖမ်းယူ ပေးနိုင်ပြီး အပင်မှ စားသုံးနို်ငသော နိုက်ထရိုဂျင်များပြုလုပ်ပေးနိုင်သောကြောင့်ဖြစ်သည်။( Nitrogen fixation). အေဇိုလာကို စပါးစိုက်ခင်းများတွင်ရောနှောစိုက်ပျိုးထားခြင်းဖြင့် မြေဆီလွှာ၏ အာဟာရတန်ဖိုး ကို မြင့်တက်လာစေပါသည်။ ထို့အပြင် ရေလွှမ်း၍စိုက်ပျိုးထားသော စပါးခင်းများတွင် N-fixation ပြုလုပ်ပေးနိုင်သောပဲမျိုးရင်းဝင် အပင်များ မစိုက်ပျိုးနိုင်သောအခြေအနေတွင် အသုံးပြုပေးခြင်းဖြင့် N-fixation ကို ပြုလုပ်ပေးနိုင်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော အိန္ဒိယ၊တရုတ်၊ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် အေဇိုလာကို အဓိကအားဖြင့် စပါးခင်းတွင်ဇီဝမြေဩဇာအဖြစ်စိုက်ပျိုးအသုံးပြု ကြပါသည်။အေဇိုလာကို စပါးခင်းတွင် ဇီဝမြေဩဇာအဖြစ်အသုံးပြုပေးခြင်းဖြင့် သာမန်သမပိုင်းဒေသများ တွင်တစ်နှစ်ကို 300 ton(green-bio hectar) ကိုထုတ်လုပ်ပေးနိုင်ပါသည်။၎င်းသည် စပါးခင်းထဲသို့ 800kg N (1800kg of urea)ကို အသုံးပြုခြင်းဖြင့်ညီမျှပါသည်။(Wagner 1997).အေဇိုလာဟာ မြေဆီလွှာတွင် ဆွေးမြေ့မှုနှုန်း (decomposition rate) မြန်သဖြင့် စပါးပင်မှ နိုက်ထရိုဂျင်စားသောက်နှုန်းသည် လျှင်မြန်ပါသည်။ စပါးခင်းတွင် အေဇိုလာကို ရောနှောစိုက်ပျိုးမွေးမြူထားခြင်းဖြင့် မြေဆီလွှာထဲရှိ နိုက်ထရိုဂျင်ဓာတ်ကို 50-60kg/ha ထိ တိုးလာစေပြီး ပြင်ပမှ နိုက်ထရိုဂျင်ဓာတ်ထည့်သွင်းမှု 30-35kg ထိလျော့ချပေးနိုင်ပါသည်။ ထိုအပြင်စပါး၏အထွက်နှုန်းကိုလည်း၂၀မှ ၃၀ ရာခိုင်နှုန်းအထိတိုးတက်ကောင်း မွန်လာစေပါသည်။( Raja etal.,2012) ထိုပြင်အေဇိုလာသည် ညစ်ညမ်းနေသောရေများတွင် ပါဝင်သည့် heavy metal irons and copper များကို ဖယ်ထုတ်ပေးနိုင်ပါသည်။(Jain etal.1989). ထို့ကြောင့် အေဇိုလာကို bioremediation process များတွင်လည်းအသုံးပြုနိုင်ပါသည်။ဆားပေါက်နေသောမြေများကို ပြန်လည်သန့်စင်ခြင်းနှင့် ဇီဝဓာတ်ငွေ့နှင့် ဇီဝစွမ်းအင် (biogas and bioenergy) ထုတ်လုပ်ခြင်းတို့တွင်လည်း အသုံးဝင်ပါသည်။(Raja etal.,2012)

အနာဂတ်ကာလတွင်ဓာတုသွင်းအားစုများကိုဒီထက်မကပိုမိုအသုံးပြုလာပါကဂေဟစနစ်များပျက်စီးချို့ယွင်းလာပြီးနောင်မျိုးဆက်သစ်များအတွက်အဆိပ်သင့်သောမြေကြီး၊အဆိပ်သင့်သောကမ္ဘာကြီးကိုသာအမွေအဖြစ်သာပေးခဲ့ကြရလိမ့်မည်။ နောင်ကာလတွင် ကမ္ဘာကြီးကျန်းမာစေဖို့အတွက်လူသားများသည် သဘာဝတရားကြီးကိုပြန်လည်ပြုပြင်ပေးသောနည်းစနစ်ကောင်းများကိုကျင့်သုံးရမည်သာဖြစ်သည်။ ယနေ့ ခေတ်တွင် ဖြစ်ပေါ်နေသော သစ်တောပြုန်းတီးမှုများ၊ ရာသီဥတုပြောင်းလဲဖောက်ပြန်နေမှုများနှင့် ရေ၊လေ၊မြေ အရင်းအမြစ်များနှင့် ဇီဝအရင်းအမြစ်များပျက်စီးဖြုန်းတီးမှုများကို လျော့ချနိုင်ပြီး ကမ္ဘာကြီး ပြန်လည်ကောင်းမွန်လာစေရန် ရာသီဥတုနှင့်လိုက်လျောညီထွေသောစိုက်ပျိုးရေးစနစ်များတွင် သဘာဝ သွင်းအားစုများဖြစ်သည့်(ဥပမာ-အေဇိုလာ၊ အသီးအချဉ်ဖောက်ရည်၊ ငါးအမိုင်နိုအက်စစ် အစရှိသည်)တို့ကို ပြောင်းလဲသုံးစွဲမှသာလျှင် အန္တာရာယ်ကင်းသောစိုက်ပျိုးရေးထုတ်ကုန်များကို စားသောက်သုံးစွဲလာနိုင်မည် ဖြစ်သည်။ထို့ကြောင့် အေဇိုလာသည် အနာဂတ်စိုက်ပျိုးထုတ်လုပ်မှုကဏ္ဌတွင် အရေးပါလာနိုင်ပါတော့သည်။
Theint Theint Swe (ALARM’s Agronomist)
Second Prize Winner (ALARM’s Environmental Content Creation Event)

ကျမ်းကိုးစာရင်း
1. Feuillée, 1725. A Paris: chez Pierre Giffart, 1714-1725.
2. Hasan et al., 2009. FAO Fisheries and Aquaculture technical paper, 531. FAO, Rome, Italy.
3. Jain, S.K.; Vasudevan, P. and Jha, N.K. 1989. Removal of some heavy metals from polluted water by aquatic plants: studies on duckweed and water valvet. Biol. Wastes, 28:115-126.
4. Lumpkin, T. A. and Plucknett, D. L. 1980. Azolla: Botany, physiology and use as a green manure. Econ. Bot. 34:111-153.
5. Raja W.; Rathaur P.; John, S. A. and Ramteke, R.W. 2012. Azolla: an aquatic Pteridophyte with great potential International Journal of Research in Biological Sciences2 (2): 68-72.
6. Van Hove, C. 1989. Azolla and its multip le use with emphasis on Africa, Food and Agriculture Organization, Rome, 21:112-116.
7. Wagner, G.M. 1997. Azolla: A Review of Its Biology andUtilization. The Botanical Review 63(1): 1-26.

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *