နည်းပညာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး 4.0

ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်နှစ်ဆောင်ပုဒ်က Beat air pollution လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့ ဖြစ်ပါတယ်။ National Panasonic က သူတို့ရဲ့ Nanone Technology product အရောင်းမြှင့်တင်ပွဲ မှာ လေထုညစ်ညမ်းခြင်း ပြည်သူ့ပညာပေး စကားဝိုင်းမှာ ပါဝင်ပြောဆိုပေးပါဆိုလို့ ဒီနေ့ ပြောဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုကို ဘယ်လို ထိန်းချုပ်တိုက်ဖျက်မလဲဆိုတဲ့ ကိစ္စဝိုင်းဆွေးနွေးတဲ့အခါ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးမို့ ပြည်သူတဦးချင်းစီက တနေ့တခြားဆိုးဝါးလာတဲ့ လေထုညစ်ညမ်းမှု ကို နားလည်သိရှိပြီး ဆင်ခြင် ရှောင်ကျင် ကာကွယ်ခြင်းအားဖြင့် အကောင်းဆုံးဆောင်ရွက်ဖို့ အကြံပြုမိပါတယ်။ ဒီလို လုပ်မယ်ဆိုရင်တော့ အချက် လေးချက် ထည့်စဉ်းစားရပါမယ်။
(၁) တဦးချင်း လေထုညစ်ညမ်းမှု အခြေခံသိသင့်တဲ့ အကြောင်းအရာတွေ လူအများသိရှိအောင် ဘယ်လို လုပ်မလဲ
(၂) နေ့စဉ်ဓူဝ စက္ကန့်မခြားဖြစ်နေတဲ့ လေထု ညစ်ညမ်းမှုကို ဘယ်လို သိရှိနိုင်မလဲ
(၃) လေထုညစ်ညမ်းမှုကို သိရှိသည့်အလျောက် တဦးချင်း တယောက်ခြင်း ဘယ်လို ကာကွယ်ဆောင်ရွက်နိုင်မလည်း
(၄) ကာလံ၊ ဒေသံ ကွဲပြားမှု အပေါ်မူတည်ပြီး ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှု ကို လူအများသိရှိပြီး အားလုံး အတူတကွ ကြိုတင် ကာကွယ်ဆောင်ရွက်မှုကို ဘယ်လို ပူးပေါင်းပါဝင် လုပ်ဆောင်မလည်း
အစရှိသည်တို့ဖြစ်ပါတယ်။ ဒီအချက်တွေကို ခြုံငုံစဉ်းစားပြီး ထိရောက်စွာလုပ်ဆောင်နိုင်မဲ့ နည်းလမ်းတခု ကိုတော့ စကားဝိုင်းမှာ မျှဝေမိပါတယ်။ ဒါက အကြောင်းအရာ အသစ်တော့မဟုတ်ပါ၊ လွန်ခဲ့တဲ့ တနှစ် Ooredo ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ စည်းဝေးစဉ်မှာ ဆွေးနွေးဖြစ်တဲ့ business model တခုပါ။ မိုဘိုင်းဖုန်းတွေ တောရော မြို့ပါ သုံးစွဲ လာနိုင်တာမို့ Augmented Reality AR အသုံးပြုပြီး mobile app တခုရေးဆွဲအသုံးပြုဖို့ပါ။ မိုဘိုင်းဖုန်းသုံးစွဲသူကိုယ်တိုင် ကိုယ်ရောက်ရှိနေတဲ့ နေရာ မိမိဖုန်းကို ထုတ်ပြီး မိမိ ပတ်ဝန်းကျင်ရဲ့ လေထုညစ်ညမ်းမှုကို တိုင်းဖို့ပါ။
အမှန်ကတော့ ဖုန်းမှာ လေထုတိုင်းအာရုံခံ ကရိယာ sensor မပါပါဘူး၊ သို့သော် မိမိဖုန်းထဲက မိုဘိုင်း app ကို အသုံးပြုတာနဲ့ ဖုန်းနဲ့ အနီးစပ်ဆုံးရှိနေတဲ့ တယ်လီကွန်း တာဝါတိုင်မှာ တတ်ဆင်ထားတဲ့ sensor က တိုင်းတာရရှိတဲ့ လေထုညစ်ညမ်းမှု ပမာဏကို မိမိဖုန်းမှာ လာပေါ်ပါလိမ့်မယ်။ (တချိန်မှာ ဖုန်းတွေကိုယ်တိုင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ကို တိုင်းတာနိုင်တဲ့ sensor တွေပါလာမှာပါ)
ညစ်ညမ်းမှု ကိန်းဂဏန်းပမာဏ အပေါ်မူတည်ပြီး လူ့ ကျမ္မာရေးအတွက် စိုးရိမ်ရတဲ့ အဆင့်level လား သာမန် အဆင့်ပဲလားကို ထပ်မံ သိရှိနိုင်ပါတယ်။ စိုးရိမ်ရတဲ့ အဆင့်ပေါ်မူတည်ပြီး မိမိအနေနဲ့ ဘယ်လို ကာကွယ်ဆောင်ရွက်သင့်သလဲ ဆိုတဲ့ ကြိုတင်ကာကွယ်နည်းကို အကြံပြုပါလိမ့်မယ်။ စိုးရိမ်ရသည့်အလျှောက် မိမိခံစားနေတာတွေ sign and symptoms ကို သတိပြုနှိုင်းယှဉ်နိုင်အောင်လည်း မိုဘိုင်း app က သတင်းအချက်အလက်ပေးပါမယ်။ အဆင့်မြင့်ဖုန်းတွေဆိုရင် မိမိရဲ့ သွေးခုန်နှုန်းတွေ၊ သွေးထဲက အောက်စီဂျင်ပမာဏ တွေ သွေးတိုးနှုန်းတွေ အစရှိသဖြင့်တိုင်းတာပေးပြီး သတိပေးပါလိမ့်မယ်။ ဒီအကြံဉာဏ်တွေအတိုင်း မိမိက လိုက်လုပ်နိုင်ပါတယ်။
လေထုညစ်ညမ်းမှု တွေ ကာကွယ်ဆောင်ရွက်နည်းတွေက ကျွမ်းကျင်သူ တဦးက လက်ချာပေးသလို ဟောပြော ပို့ချလို့ရပါတယ်။ အတွေ့အကြုံ အရ ဒီလို ပြောတာဟာ လူတွေရဲ့ နားထဲကို ၁၀% လောက်ပဲရပါတယ်။ လူတိုင်းသိအောင်လည်း လိုက်ဟောပြောနေလို့မရပါဘူး။ အကောင်းဆုံး လူအများကိုလည်း ရောက်မယ် သိရှိနားလည်မှုလည်း ကောင်းကောင်း ဖြစ်စေမဲ့ နည်းက doing by learning လုပ်ကိုင်ဆောင်ရွက်ရင်းက မိမိကိုယ်တိုင် နားလည်သိရှိမှု ပိုလာစေဖို့ပါ။ mobile app က ဒီ process ကို အထောက်အကူ ပြုပါမယ်။ ကိုယ်က ကိုယ်ရောက်နေတဲ့နေရာရဲ့ လေထု ညစ်ညမ်းမှုကို ဖုန်းထုတ်ပြီး မတိုင်းတောင် ညစ်ညမ်းမှု က စိုးရိမ်တဲ့ အဆင့်ရောက်ရင် ဖုန်းက အလိုလို အချက်ပေးလာပါလိမ့်မယ်။ လူအကျင့်က လည်း အရေးပေါ်လာမှ ဖုတ်ပူမီးတိုက် လုပ်စရာရှိတာကို လုပ်လေ့ရှိတာမို့ အဲ့ဒီ့အချိန်မှာ လုပ်ရင်းသင်၊ လုပ်ရင်းနားလည် ဖြစ်လာမှပါ။ ဆရာတွေ ပါးစပ်က တဖွဖွ ဟောပြောနေတာထက် အများကြီး ထိရောက်ပါတယ်။ ဒါကြောင့် Augmented reality သုံးခြင်းအားဖြင့် လေထုညစ်ညမ်းမှု ပြည်သူ့ကျမ္မာရေး အခြေခံအသိနဲ့ အလေ့အထ ကို ပြုစုလေ့ကျင့်ပျိုးထောင်ပြီးသား ဖြစ်ပါလိမ့်မယ်။
မိမိကိုယ်တိုင် က သိရှိသွားပြီဆိုရင် ကျန်တဲ့ သူတွေကိုလည်း ကူညီ ဆောင်ရွက်ပေးမယ်ဆိုရင် လေထုညစ်ညမ်းတိုက်ဖျက်မှု ကြိုးပမ်းချက်က တဦးတယောက်ကနေ အဖွဲ့ လိုက်ဆောင်ရွက်တာ၊ အဖွဲ့တွေပေါင်းလိုက်ရင် လူထု တရပ်လုံးက လိုက်ပါဆောင်ရွက်တာတွေ ဖြစ်နိုင်ပါတယ်။
ဒီအတွက် လေထုညစ်ညမ်းမှုကို မိမိဖုန်းက တိုင်းတာပြီးရင် social media ကနေ မျှဝေဖို့ပါ။ စိုးရိမ်ရတဲ့ အခြေအနေကို ရှယ်တဲ့သူတထောင်ရှိရင် မြန်မာ အိုင်ဒေါ မှာလိုပဲ စပြီးရှယ်တဲ့သူကို အမှတ်ပေးလို့ရပါတယ်။ ဆိုကြပါစို့ လူတထောင် ရှယ်ရင် တမှတ်ရမယ်။ နေ့တိုင်းရှယ်လို့ ရမှတ် ၁၀၀ ရသွားရင် သူ့ကို ဖုန်းအော်ပရေတာက ဖုန်းကဒ် ၅၀၀၀ ကျပ်ဖိုးအခမဲ့ပေးမယ်။ ဒီအတိုင်းပဲ ရမှတ်အပေါ်မူတည်ပြီး ဆုကြေး ခံစားခွင့်တွေ၊ you tube မှာလို ရှယ်တာများတဲ့ account မှာ ကြော်ငြာခွင့်ပြုရင် ကြော်ငြာကြေးပေးမယ် အစရှိသဖြင့် မက်လုံးတွေပေးမယ်ဆိုရင်ဖြင့် လေထုညစ်ညမ်းမှုဟာ နေ့စဉ်သတိပြု လိုက်နာ လုပ်ဆောင် နိုင်တဲ့ အခြေအနေတခု ဖြစ်သွားနိုင်ပါတယ်။
ဒီလို လူတိုင်းက ပေးပို့တဲ့ လေထုညစ်ညမ်းမှု အခြေအနေအပေါ်မူတည်ပြီး နေရာဒေသအလိုက် အချိန်လိုက်ဖြစ်နေတဲ့ လေထုညစ်ညမ်းမှုတွေ ကိုမှတ်တမ်းတင်နိုင်ပါလိမ့်မယ်။ ဒီမှတ်တမ်းကို စုပေါင်းပြီးနှစ်အလိုက် လေထုညစ်ညမ်းမှု အခြေပြမြေပုံတွေ ရေးဆွဲနိုင်ပြီး သက်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပြန်ရောင်းချခြင်းဖြင့်လည်း ဝင်ငွေရနိုင်ပါတယ်။ အစိုးရ တာဝန်ရှိ ဌာန တွေအနေနဲ့လည်း လေထုညစ်ညမ်းမှု အဆိုးဆုံးနေရာတွေကို သိရှိနိုင်ပြီး လိုအပ်တဲ့ လေထုညစ်ညမ်းမှု ထိန်းသိမ်းနိုင်တဲ့ သစ်ပင်စိုက်တာတွေ၊ ထပ်မံ ညစ်ညမ်းမဲ့ လုပ်ငန်းလိုင်စင်တွေ ထိန်းချုပ်တာတွေ၊ မြို့ပြမြေယာ စီမံခန့်ခွဲတာတွေ လုပ်နိုင်ပါတယ်။ လူနေထိုင်တဲ့ အိမ်ယာမြေ စျေးကွက် ကလည်း လေထု ညစ်ညမ်းမှု နဲ့ ချိတ်ဆက်လာပါမယ်။ လေသန့်ရင် အိမ်စျေးကောင်းနိုင်တာမို့ ညစ်ညမ်းရပ်ကွက်မှာ နေထိုင်တဲ့ သူတွေ စုပေါင်းပြီး လေထုသန့်ရှင်းအောင် ဆောင်ရွက်ဖို့ ကြိုးပမ်းလာကြမှာပါ။ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ပိုမို အလေးထားဆောင်ရွက် နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တနည်းအားဖြင့် bottom up ပြည်သူ့ အခြေပြု မူဝါဒ ပြောင်းလဲရေး အလေ့အကျင့် ကောင်း တွေ ရလာနိုင်ပါတယ်။
အထက်ကရေးတာတွေကလည်း augmented reality ကို အသုံးပြုပြီး ဘယ်လို နည်းပညာအကူအညီနဲ့ ပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်အောင်လုပ်မလဲ brain storming လုပ်တာပါ။ နည်းပညာ လိုအပ်ချက်တွေ၊ ပို ကောင်းအောင် လုပ်နိုင်မဲ့ နည်းတွေ ရှိသလို အခက်အခဲတွေ လည်း အများအပြားရှိမှာဖြစ်ပါတယ်။ တချိန်တည်းမှာလည်း စီးပွားရေးတွက်ချေကိုက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေလည်း စဉ်းစားတွက်ချက်ရမှာတွေအများအပြားရှိပါတယ်။ ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ လူငယ်တွေ က ပိုစိတ်ဝင်စားပြီး လုပ်ကြမယ်ဆိုရင်ဖြင့် ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်မှာ ထိုင်းနိုင်ငံက environment 4.0 ဆိုပြီး ထိုင်းနိုင်ငံက မျှော်မှန်း လုပ်ဆောင်နေတာတွေ ပြောသွားပါတယ်။ အထက်မှာဆွေးနွေးတာတွေက အမှန်တကယ်တော့ လက်တွေ့လုပ်နိုင်ရင် မြန်မာပြည်အတွက် Environment 4.0 ပါပဲ။ စင်္ကာပူမှာ မိုဘိုင်းကနေ ဒီအချက်အလက်တွေ သိရှိနိုင်ပါတယ်။ သို့သော် ကျွန်တော်ဆွေးနွေးတဲ့ AR concept မဟုတ်ပါ။ Top down အစိုးရက တိုင်းတာတဲ့ လေထုညစ်ညမ်းမှု ဖုန်းမှာ သိအောင်လုပ်ပေးတဲ့ အဆင့်ပဲရှိပါသေးတယ်။ အမှန်တော့ ဒီအကြံဉာဏ်ကိုပေးတာ ကျွန်တော့် သားကြီးပါ။ ဒီအတိုင်းအချက်အလက်ပေးတာက ပျင်းစရာကြီး ဘယ်လူငယ်မှ စိတ်ဝင်စားမှာမဟုတ်ဘူး၊ သူ့ဖုန်း ဖွင့်ပြပြီး သူကစားနေတဲ့ Pokémon game ကို ရှင်းပြပြီး လူတိုင်း ကိုယ်တိုင် လိုက်လုပ်နိုင် မျှဝေအကျိုးရှိနိုင်တဲ့ AR Game မျိုး လုပ်မှ ထိရောက်မှာ ဆိုပြီး သူက အဖေကို ဆရာလုပ်ပါတယ်။ ကျွန်တော်လည်း သူပေးတဲ့ အကြံဉာဏ်ကို ကျွန်တော်တို့ အတွေ့အကြုံရှိတဲ့ လူထုပညာပေးရေး လုပ်ငန်းစဉ်နဲ့ ယှဉ်စဉ်းစားတဲ့အခါ ဟုတ်သားပဲ လူအများ အမူအကျင့် ပြောင်းသွား အောင် အမြှုပ်တစီစီထွက် လိုက်ဟောပြော တီဗီထဲ ကလွှင့်နေတာထက် သူ့နည်းက လုပ်နိုင်ရင် ပိုအကျိုးရှိမယ်လို့ ယုံပါတယ်။ ဒါကြောင့် ဒီနေ့ Panasonic ရဲ့ စကားဝိုင်းမှာ ဆွေးနွေးဖြစ်ပြီး fb ကနေ ထပ်ဆင့်မျှဝေပါတယ်။ ဒီထက်ကောင်းတဲ့ အကြံဉာဉ်တွေရနိုင်အောင်လို့ပါ။ ဘယ်သူက လုပ်လုပ် လုပ်နိုင်ခဲ့ရင် အားလုံး အကျိုးရှိမှာမို့ ရင်ဘတ် တူသူတိုင်း မျှဝေဆွေးနွေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

By Win Myo Thu