At the Same Time

တပြေးညီ
မနေ့က အမေရိကားက ပါမောက္ခတယောက်က အလုပ်ကိစ္စနဲ့ ဖုန်းဆက်ပါတယ်။ သူတို့လုပ်နေတဲ့သုတေသနတခုနဲ့ပတ်သက်လို့ပါ။ သူဆီမှာ Ph.D ရပြီး post doctoral fellow လုပ်နေတဲ့သူတယောက်နဲ့ သူနဲ့ပေါင်းပြီးသုတေသနတခုပြုလုပ်တယ်။ အဲဒီရလဒ်ရပြီး NASA ကို ပြမှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ သုတေသန ရံပုံငွေ နာဆာက ချပေးမှာမို့ မိတ်ဆွေပါမောက္ခနဲ့ သူ့တပည့် fellow က ကိုဗစ်၁၉ ဖြစ်နေတုံးကာလမှာ အသဲအသန် အိမ်ကနေ အလုပ်တွေလုပ်ကြတယ်။ ပြဿနာက အိမ်မှာ လုပ်ရုံတင်မလုံလောက်ပဲ တက္ကသိုလ်ထဲက ဓာတ်ခွဲခန်းထဲအထိသွားပြီး တချို့ လုပ်ငန်းတွေ လုပ်မှ အဆင်ပြေမှာ ဖြစ်လာတယ်။ ကျွန်တော့်မိတ်ဆွေက သူ့တက္ကသိုလ်မှာ တော်တော်လေး အရေးပါပြီး သူတို့ လုပ်တဲ့ သုတေသနကလည်း တက္ကသိုလ်အတွက်အတော် နာမည်ရ ဂုဏ်ဆောင်နိုင်မဲ့ကိစ္စပါ။ဒါနဲ့ တက္ကသိုလ် ပါချုပ်အထိ လှမ်းဆက်သွယ်ပြီး တက္ကသိုလ်ထဲက သူတို့ ဓာတ်ခွဲခန်းကို သွားခွင့်တောင်းတယ်။ ပါချုပ်က ပြန်ပြောတယ် no ပါပဲတဲ့ ။ ကိုဗစ်ကာလ lock down လုပ်ထားတဲ့ အတွက် ဘယ်သူ့ကိုမှ ဘာအကြောင်းပြချက်အတွက် ချထားတဲ့ စည်းကမ်း ဖောက်ဖျက်ခွင့်မပြုနိုင်ဘူးလို့ပြောပါတယ်။ ကျောသားရင်သား မခွဲခြား တပြေးညီ ဥပဒေစိုးမိုးရေးကို ကျင့်သုံးတာ မှတ်သားရပါတယ်။
ကျွန်တော်တို့ဆီမှာတော့ လူခင်ရင် မူပြင်တယ်ဆိုသလိုပါပဲ ကိုယ့်နဲ့ မတဲ့တဲ့သူ၊ ကြည့်မရတဲ့သူဆိုရင် စည်းကမ်းအတိုင်းမလိုက်နာလို့ဆိုပြီး နာနာ ဖိထောင်းတယ်။ ကိုယ်နဲ့ များခင်လို့၊ သိလို့ ကိုယ့်လူဖြစ်နေရင် ဖုံးဖိပြီး ဆင်ခြေဆင်လက်ပေးပါတယ်။ လူညီရင် ဤ ကို ကျွဲလို့ ဖတ်ဖို့လည်း ဝန်မလေးပါ။ ဒီမိုကရေစီစနစ်ဆိုတာ Rule based society စည်းကမ်းနဲ့ ထိန်းကျောင်းတဲ့ လူ့အဖွဲ့စည်းကို တည်ဆောက်ဖို့ကြိုးပမ်းတာပါ။
လူတွေဟာတဦးတည်းနေမရလို့ စုဖွဲ့ပြီးနေကြတယ်။ ဒီလိုနေတဲ့အခါ တဦးချင်းဆီရဲ့ အတ္တတွေကိုအနှိုင်းအဆမရှိကျင့်သုံးရင် ပိုပြီး တဦးနဲ့တဦးထိုက်တိုက်တွေ့ပြီး ပဋိပက္ခတွေများမှာမို့လို့ တဦးချင်းအကျိုးစီးပွားနဲ့ ဘုံအကျိုးစီးပွားဆိုပြီးခွဲခြားတယ်။ ဘုံအကျိုးစီးပွားမထိသမျှကာလပတ်လုံး တဦးချင်းရဲ့အကျိုးစီးပွားကို လွတ်လပ်စွာ ရှာဖွေအသုံးချ နိုင်ပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အကာအကွယ်ပေးပါတယ်။ ဘုံအကျိုးစီးပွားဆိုပြီးတော့လည်း တဦးချင်းစီရဲ့ အကျိုးစီးပွားတွေမထိပါးအောင် စည်းကမ်းကလနားသတ်မှတ်တယ်။
ဒီလို လူတွေဟာ အတူမနေခင် ဒီအရေးတွေကို တိုင်ပင်ပြီး စည်းချတာဟာ ဒီကနေ့ အခြေခံဥပဒေစည်းမျဉ်းconstitution ကို ရေးဆွဲတာပါပဲ။ ဒီ အခြေခံဥပဒေကို အခြေပြုပြီး အခြားသက်ဆိုင်ရာ ဆက်စပ်ဥပဒေတွေ ရေးဆွဲပြဌာန်းပြီးလိုက်နာရပါတယ်။ ဒါဟာ လူ့အဖွဲ့စည်းတခုထဲမှာ အတူနေမယ် လို့ စိတ်ပိုင်းဖြတ်ထားတဲ့ လူတိုင်းက လိုက်နာပါမယ့် ကတိကဝတ်ပြုထားတဲ့ social contract လူမှုရေးပဋိဉာဉ် ပါပဲ။ ချမှတ်ထားတာကို လိုက်နာအောင် အင်အားသုံး လုပ်ဆောင်ခြင်း coercion က တရားဥပဒေစိုးမိုးရေးပါပဲ။
တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရေးဟာ လူ့ဘောင်ကို ထိန်းသိမ်းပြီး အားလုံးမျှော်မှန်းထားတဲ့ ဘုံအကျိုးစီးပွား ဖော်ဆောင်ရေးအတွက်အသက်ပါပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေစိုးမိုးရေးကို အလေးထားဖို့ တဖွဖွ ပြောနေတာပါ။
တရားဥပဒေစိုးမိုးရင် ဤကို ကျွဲလို့ ပြောင်းဖတ်တဲ့သူတွေကို ဖမ်းဆီးအပြစ်ပေးရပါမယ်။ ချွင်းချက်မရှိပါ၊ အားလုံး တမိုးအောက်မှာ တပြေးညီ ဥပဒေရဲ့ အဆုံးအမကိုခံယူရပါမယ်။ တကယ်လို့ ချမှတ်ထားတဲ့ စည်းကမ်းဥပဒေဟာ ခေတ်စနစ်နဲ့ မကိုက်ညီဘူးဆိုရင်တောင်မှ ဥပဒေပြင်တာ နောက်ထား တည်ထားတဲ့ ဥပဒေအတိုင်း အရင် ဆုံးအရေးယူခံရမှာက​တော့အသေအချာပါပဲ။
ကျွန်တော်တို့အားလုံးမှာ ဒီခံယူချက်တွေ ကိုယ်စီရှိမှ လိုက်နာကျင့်သုံးမှ ကျွန်တော် တို့ပြောပြောနေတဲ့ ဒီမိုကရေစီ လူ့ဘောင် ကို အကောင်ထည်ဖော်နိုင်မှာပါ။
ခင်ဗျားမှာ ဟိုလူ​တော့ ချွင်းချက်ပေး သင့်ပါတယ် လို့ မှတ်ယူနေရင်တော့ ဒီမိုကရေစီတန်ဖိုး မကိန်းဝတ်သေးပါဘူး။ ကိုယ်တိုင်က ကြီးနိုင်ငယ်ညှင်း အခံဓာတ်ရှိပြီး ခွင့်ထူးခံ လူတန်းစား စိတ်ကဲနေတယ်လို့ပဲ ဆိုပါရစေ။ ဒါဆိုရင်တော့ တန်ရာတန်ရာပဲ ရကြစမြဲပါ။
Sayar Win

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *