ဖျက်ဆီးခြင်း အာသာဆန္ဒ
(တရုတ်နိုင်ငံ၏ တရားမဝင်သစ်ကုန်သွယ်မှု-၂)
ကမ္ဘာတစ်ဝန်း တရားမဝင်သစ် ကူးသန်းရောင်းဝယ်မှု
တရားမဝင် သစ်ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းသည် ယနေ့ကြုံတွေ့ရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများထဲမှ အဆိုးဝါးဆုံးဖြစ်ပြီး ကမ္ဘာ့အရေးပါဆုံးသော သစ်တောနှင့် ဇီဝလောင်စာဂေဟစနစ်များကိုလည်း တိုက်ရိုက်ခြိမ်းခြောက်နေသည်
တရားမဝင်သစ်ခုတ်လှဲခြင်းမှ ကုဗမီတာ သန်းပေါင်းမြောက်များစွာသော တရားမဝင်သစ်များသည် ဒေါ်လာဘီလီယံပေါင်း မြောက်များစွာတန်သော ကမ္ဘာ့ကုန်သွယ်ရေးကိုကျားကန်ပေးနေသည်။ ကမ္ဘာ့ကုလသမ္မဂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်နှင့် နိုင်ငံတကာရာဇဝတ်မှုစုံစမ်းရေး ရဲတပ်ဖွဲ့ (Interpol)တို့မှ လေ့လာထားသည့် အစီအရင်ခံစာတွင် နှစ်စဉ်သစ်ထုတ်လုပ်ခြင်းမှ ၃၀ ရာခိုင်နှုန်းအထိနှင့် အပူပိုင်းအမြဲစိမ်း မုတ်သုံနိုင်ငံများမှ ထုတ်လုပ်သော ၅၀-၉၀ ရာခိုင်နှုန်းပမာဏရှိသည့် သစ်များသည် တရားမဝင်ဖြစ်ပြီး ကမ္ဘာ့တရားမဝင် သစ်ကုန်သွယ်ရေးတွင် ဒေါ်လာဘီလီယမ်ပေါင်း ၃၀ မှ ၁၀၀ ကြားရှိသည်ဟုဆိုသည်။
(၁) ၂၀၁၀ခုနှစ် လေ့လာမှုတစ်ခုတွင် ကုဗသန်းပေါင်း ၁၀၀ထက်မကသော သစ်များ တရားမဝင် နှစ်စဉ်ခုတ်လှဲခြင်းခံရသည်ဟုဆိုသည်။
(၂) တရားမဝင်သစ်ခုတ်လှဲခြင်းသည် ပွင့်လင်းမြင်သာမှုနှင့် ဥပဒေပြဌာန်းအရေးယူမှုများအားနည်းပြီး အဂတိလိုက်စားမှုများရှိသည့် ညံ့ဖျင်းသောသစ်တောဆိုင်ရာအုပ်ချုပ်ရေးရှိသော ဒေသများတွင်ဖြစ်လေ့ရှိသည်။ သဘာဝသယံဇာတ အခြေပြုစီးပွားရေးနှင့် ထိုကဲ့သို့ပြဿနာများ အများဆုံးဖြစ်လေ့ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် တရားမဝင်သစ်ခုတ်လှဲမှု ဆိုးကျိုးသက်ရောက်မှုကို အဆိုးရွားဆုံးခံစားရပြီး အနာဂါတ်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်စေသည်။ တရားမဝင်သစ်ခုတ်လှဲခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘဏ္ဍနှင့် အခွန်ဝင်ငွေများကို တစ်နှစ်လျင်ဒေါ်လာ ၁၅ဘီလီလျံဖိုးခန်းဆုံးရှုံးနစ်နာစေသည်။
(၃) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်ဆီးဆုံးရှုံးခြင်းသည် သိသာမြင်သာသည့် ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံခြင်းထက်မပိုလျှင်တောင် တန်းတူရှိသည်။ မိနစ်၊ စက္ကန့်တိုင်းမှာ ဥပဒေမဲ့သစ်ခုတ်လှဲသူများကြောင့် ဘောလုံးကွင်းတစ်ကွင်းစာ အကျယ်အဝန်းလောက်ရှိသည့် သစ်တောများပြုန်းတီးနေသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ထားသည်။ အခြားလေ့လာမှုတစ်ခုအရ ၂၀၀၈ခုနှစ်တွင် တရားမဝင်သစ်ခုတ်လှဲခြင်းမှ ဟက်တာဧက ၅သန်းလောက်ရှိသော သစ်တောများကို ပြုန်းတီးစေခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့်ဆယ်စုနှစ်ကျော်လောက်က တရားမဝင်သစ်ခုတ်လှဲခြင်းကို ၂၂ရာခိုင်နှုန်းလောက် လျှော့ချနိုင်ခဲ့မှုသည်လည်း တန်သန်းပေါင်း ၁၀၀၀ထက်မကသော ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို ကာကွယ်နိုင်ခဲ့သည်ဟု ဆိုထားသည်။
(၄) တရားမဝင်သစ်ခုတ်လှဲခြင်းသည် သစ်တောများ ပျောက်ကွယ်ပြုန်းတီးမှုဖြစ်စေရန်အတွက် ရှေ့ပြေးနိမိတ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဥပဒေမဲ့သစ်ခုတ်လှဲသူများကြောင့် မူလသစ်တောများပျက်စီးခြင်းခံရပြီး သစ်ပင်များ၏ ရှင်သန်ဖွံ့ဖြိုးမှုသည်လည်း အလုံးအရင်းနှင့်ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။ တရားမဝင်သစ်ခုတ်လှဲခြင်းမှ မြောက်များလှစွာသောဘဏ္ဍာငွေကြေး စီးဆင်းလည်ပတ်မှုသည်လည်း မြန်မာ၊ ကမ္ဘောဒီးယား၊ လိုင်ဘေးရီးယားနှင့် ဆီယာလီယွန်း စသော နိုင်ငံများအပါအဝင် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသော နိုင်ငံတော်တော်များများတွင် ပြဿနာကို ပိုမိုဆိုးရွားစေခဲ့သည်။ အကြမ်းဖက်မှုနှင့် လူသတ်မှုတို့သည်လည်း မကြာခဏဆိုသလို တရားမဝင်သစ်ကုန်သွယ်ကူးသန်းရေးနှင့် ဆက်စပ်ပတ်သတ်နေပြီး အထူးသဖြင့် သစ်ခုတ်လှဲနေသူများ၊ သတင်းသမားများနှင့် ဒေသခံတက်ကြွလှုပ်ရှားသူများ ပစ်မှတ်ထားခံနေရသည်။
တရားမဝင်သစ်ခုတ်လှဲခြင်းကို နှိမ်နင်းရာမှ ဖြစ်ပေါ်တိုးတက်မှုများ
(၅)လွန်ခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ တရားမဝင်သစ်ခုတ်လှဲခြင်းကြောင့်ဖြစ်သည့် အန္တရာယ်ခြိမ်းခြောက်မှုများကို အတူတကွပူးပေါင်းနှိမ်နင်းခဲ့ကြသည်။ ထိုနှိမ်နင်းမှုများကြောင့် အကျိုးသက်ရောက်မှုများလည်းရှိခဲ့သည်။ ၂၀၁၀ခုနှစ် လေ့လာသုံးသပ်မှုတစ်ခုအရ ၂၀၀၂ခုနှစ်မှစပြီး ကမ္ဘာတစ်ဝန်းလုံးတွင် တရားမဝင်သစ်ထုတ်လုပ်မှုကို ၂၂ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ဟုဆိုထားသည်။
(၆) ဤသို့လျှော့ချနိုင်ခဲ့မှုမှာ အဓိကသစ်ထုတ်လုပ်သည့်နိုင်ငံများတွင် ဥပဒေပြဌာန်းချက်များ တိုးတက်လာခဲ့သလို တင်သွင်းဝယ်ယူသည့်နိုင်ငံများ အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမ္မဂနိုင်ငံများတွင် တရားမဝင် သစ်ကုန်သွယ်မှုကို တားမြစ်ပိတ်ပင်ခြင်းနှင့် တရားဝင်သစ်ကုန်သွယ်မှုကို အားပေးခြင်းတို့အပြင် ၎င်းတို့၏ ဈေးကွက် ပြန်လည်ပြုပြင်ပြောင်းလဲ လာခြင်းနှင့် ဥပဒေစည်းကြပ်မှုများ တိုးတက်လာခြင်းကြောင့်ဖြစ်သည်။
ဥရောပသမဂ္ဂ၏ ၂၀၀၃ သစ်တောစီမံခန့်ခွဲ အုပ်ချုပ်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်း လုပ်ငန်းအစီအစဉ်တွင် အဓိကအချက်နှစ်ချက်ပါဝင်သည်။ ထိုအချက်နှစ်ချက်မှာ ဥရောပသမဂ္ဂ ကုန်သွယ်ဘက်နိုင်ငံများမှ ဥရောပသမဂ္ဂနိုင်ငံများသို့ တရားဝင်သော သစ်များသာ တင်သွင်းခြင်းကို စီစစ်အတည်ပြုနိုင်ရန်အတွက် လုပ်ငန်းလိုင်စင်များ သတ်မှတ်ပေးသောစနစ်များ ဖန်တီးပေးသည့် နှစ်ဦးပူးပေါင်း သဘောတူညီချက်များနှင့် မတ်လ ၂၀၀၃ခုနှစ်မှစ၍ တရားမဝင်သစ်များတင်ပို့ခြင်းကို တားမြစ်သည့် ဥရောပသမဂ္ဂ သစ်ကုန်သွယ်ရေးဥပဒေတို့ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသို့ တရားမဝင် သစ်များတင်သွင်းခြင်းကို တားမြစ်သည့် ၂၀၀၈ Lacey အက်ဥပဒေပြင်ဆင်မှုတွင်လိုအပ်သည့် စဉ်းစားတွေးခေါ်မှုတစ်ခုဖြစ်သည့် အဓိကထိခိုက်ဆုံးရှုံးမှု အန္တရာယ်လျော့ပါးစေမည့် မက်လုံးနှင့် သစ်တင်သွင်းသူများအား တင်သွင်းသည့် သစ်များ၏ မူလနောက်ကြောင်းကို ကြေညာရန်ကိုအခြေခံထားသည်။
သြစတြေးလျ နိုင်ငံကလည်း ထိုကဲ့သို့သော ဥပဒေများကို ၁၉ရက် နိုဝင်ဘာလ ၂၀၁၂ တွင်ပြဌာန်းခဲ့ပြီး အလားတူဥပဒေမျိုးကို ဂျပန်နိုင်ငံအပါအဝင် အခြားသောဈေးကွက်တွေမှာလည်း သတ်မှတ်ပြဌာန်းနိုင်ရန်အတွက် ဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။
တရုတ်နိုင်ငံ၏ တာဝန်မဲ့ပျက်ကွက်မှုများ
တရားမဝင် သစ်ခုတ်လှဲခြင်းများ တားမြစ်ရာတွင် ရှေ့ဆက်တိုးတက်ဖြစ်ထွန်းလာစေရန်မှာ ကမ္ဘာ့အကြီးဆုံး သစ်ကုန်သွယ်ကူးသန်းရောင်းဝယ်သူဖြစ်သည့် တရုတ်နိုင်ငံ၏ အခန်း ကဏ္ဍသည် ၎င်းတို့၏ ဈေးကွက်အတွင်းမှ တရားမဝင်သစ်များ တားမြစ်အရေးယူခြင်းကို နိုင်ငံတော်အဆင့် အရေးယူဆောင်ရွက်မှုအပေါ်တွင်မူတည်သည်။ သို့ပါသော်လည်း အခြားသောအဓိကသစ်ဝယ်ယူတင်သွင်းသူများ၏ ဈေးကွက်များတွင် အရေးယူဆောင်ရွက်မှုများပြုလုပ်နေချိန်တွင် တရုတ်နိုင်ငံ၏ အထူးအရေးယူဆောင်ရွက်မှုကို မတွေ့ရပေ။
ယနေ့အချိန်ထိ တရုတ်နိုင်ငံ၏ တုန့်ပြန်ဆောင်ရွက်ချက်များသည် ၂၀၀၂ခုနှစ် အင်ဒိုနီးရှားနိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ၊ ၂၀၀၆ခုနှစ်တွင်ချုပ်ဆိုခဲ့သော မြန်မာနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ၊ ၂၀၀၈ခုနှစ်ကချုပ်ဆိုခဲ့သော အမေရိကန်ပြည်ထောင်စုနှင့် နားလည်မှုစာချွန်လွှာ၊ ၂၀၀၉ခုနှစ်တွင်ချုပ်ဆိုခဲ့သော ဥရောပသမဂ္ဂနှင့် တရုတ်သစ်တောဆိုင်ရာ ဥပဒေပြုပြဌာန်းချက်နှင့် အုပ်ချုပ်ရေးများကို ပူးတွဲဆောင်ရွက်မည့် နှစ်နိုင်ငံသဘောတူညီချက်များအပါအဝင် ထုတ်ယူသူနှင့်ဝယ်ယူသူ နိုင်ငံများပါဝင်သည့် နှစ်နိုင်ငံ ပူးတွဲသဘောတူသည့် သဘောတူညီချက်များသာဖြစ်သည်။
ဤသဘောတူညီချက်များအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကန့်သတ်ချက်အချို့ရှိနေသည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင် နယ်စပ်ဖြတ်ကျော် သစ်ကုန်ကူးမှုကဲ့သို့သောကိစ္စတွင်ဖြစ်သည်။ ယေဘုယျအားဖြင့် ထိုသဘောတူညီချက်များသည် လက်တွေ့အရေးယူ ဆောက်ရွက်မှုများထက် ဆွေးနွေးပွဲများကိုသာ အလေးပေးနေပြီး အရှိန်မြှင့်တက်လာနေသည့် တရုတ်နိုင်ငံ၏ တရားမဝင်သစ်တင်ပို့မှုကို အရေးယူဆောင်ရွက်နိုင်ခြင်းမရှိပေ။ အင်ဒိုနီးရှားနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့သည့် အချိန်မှစပြီး၂၀၁၂ ခုနှစ်အထိ တရုတ်နိုင်ငံသည်ဒေါ်လာ ၁ဘီလီလျံတန်ဖိုးရှိသည့် တရားမဝင်သစ်များကို အင်ဒိုနီးရှားနိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့ပြီးဖြစ်သည်။
တရုတ်နိုင်င့၏ တရားမဝင်သစ်ခုတ်လှဲခြင်းကို တားမြစ်ဆန့်ကျင်ရာတွင် အဓိကအခက်အခဲတစ်ခုမှာ တရားမဝင်သစ်ကုန်သွယ်မှုကို ထိထိမိမိကာကွယ်တားဆီးလိုသည့် ဆန္ဒမရှိခြင်းပင်ဖြစ်သည်။ မကြာသေးသောနှစ်များအတွင်းက တရားမဝင်သစ်ခုတ်လှဲခြင်းနှင့် ပတ်သတ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတော်သစ်တောဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့သည်နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သော်လည်းနိုင်ငံအတွင်းနှင့် ပြင်ပမှ တင်သွင်းသည့် တရားမဝင်သစ်ကုန်သွယ်မှုကို ထိထိမိမိတားမြစ်သည့် ဥပဒေရေးဆွဲမှုများပြုလုပ်ခြင်းမရှိသေးပေ။
(ဆက်လက်ရေးသားဖော်ပြပါမည်။)
Appetite of Destruction (China’s Trade in Illegal Timber – Part 2)
0 Comments