Appetite For Destruction (China’s Trade In Illegal Timber- Part 3)

ဖျက်ဆီးခြင်း အာသာဆန္ဒ – Appetite For Destruction
(တရုတ်နိုင်ငံ၏ တရားမဝင်သစ်ကုန်သွယ်မှု-၃)

တရုတ်နိုင်ငံ၏ သစ်တရားဝင်အတည်ပြု စီစစ်ရေးစနစ်အတွက် အကြမ်းဖျင်းရေးဆွဲထားသော အစီအစဉ်တစ်ခုတွင် သစ်ထုတ်လုပ်သည့်နိုင်ငံများမှ အစိုးရအဆင့်နှစ်နိုင်ငံ သဘောတူညီချက်များနှင့် ပြည်ပမှ တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်ရေးဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းများ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းချက်များကို အခြေခံထားသည်။ အစီအစဉ်အတွက် အခြေခံထားသည့် အချက်နှစ်ချက်လုံးသည် ကောင်းမွန်သော်လည်း ထိုအစီအစဉ်အကောင်အထည်ဖော်ရာတွင် အဓိကလိုအပ်သောအချက်တစ်ခုဖြစ်သည့် တရားမဝင်သစ်ကုန်သွယ်မှုကိူ ဥပဒေအရ လက်တွေ့အရေးယူ ဆောင်ရွက်မည့်အချက်များမပါဝင်ပေ။
ထို့ပြင် တရုတ်နိုင်ငံ၏နိုင်ငံတော်သစ်တောဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းပိုင်းသည်လည်း နိုင်ငံတကာကုန်သွယ်ရေးမူဝါဒထက် ပြည်တွင်းသစ်တောကာကွယ်ရေးဆိုင်ရာများကိုသာ ဆောင်ရွက်ပေးလျှက်ရှိသည်။ ဆိုလိုသည်မှာ တရုတ်နိုင်ငံ၏နိုင်ငံတော်သစ်တောဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့ တစ်ဖွဲ့တည်းအနေဖြင့် တရုတ်နိုင်ငံ၏မူဝါဒကို တိုးတက်ဖြစ်ထွန်းလာသော ကမ္ဘာ့သစ်ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှုနှင့် အမှီလိုက်အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ထိုသို့ တစ်ဖွဲ့တည်းလုပ်မည့်အစား ကူးသန်းရောင်းဝယ်ရေးဌာနနှင့် နိုင်ငံခြားဝန်ကြီးဌာနတို့လည်း တက်ကြွစွာပါဝင်ဆောင်ရွက်ဖို့လိုအပ်သည်။ ယခုအချိန်မှာ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးအမားဆုံး တရားမဝင်သစ်ကုန်သွယ်သူဖြစ်နေသည်။ တရားမဝင်သစ်ခုတ်လှဲမှုကြောင့်ဖြစ်ပေါ်လာသော ထိခိုက်ပျက်ဆီးဆုံးရှုံးနေရမှုများကို ကုစားရန်မှာ နိုင်ငံတော်မှ ၎င်းတို့၏ တရားမဝင်ကုန်သွယ်ရေးဈေးကွက်ကို ပိတ်ပင်တားဆီးနိုင်မည့် လိုအပ်သောဥပဒေပြုဆောင်ရွက်နိုင်မှုများတွင် မူတည်နေသည်။

တရုတ်နိုင်ငံ – ကမ္ဘာ့အကြီးဆုံးသစ်ကုန်သည်
တရုတ်နိုင်ငံ၏ သစ်လိုအပ်မှု ##

လွန်ခဲ့သည့် ၁၅နှစ် အတွင်းတွင် တရုတ်နိုင်ငံ၏ ပြည်တွင်းသုံးစွဲရန် (သို့) ပြည်ပသို့ပြည်လည်တင်ပို့ရန်အချောကိုင် ပြင်ဆင်ထုတ်ပိုးထားသော သစ်နှင့် စက္ကူကဲ့သို့သော ထုတ်ကုန်ပစ္စည်းများ အတွက် သစ်နှင့် သစ်ထုတ်ကုန်ပစ္စည်းများ ဝယ်လိုအားတစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ယခုအချိန်တွင်တရုတ်နိုင်ငံသည် သစ်နှင့် သစ်ထုတ်ကုန်ပစ္စည်းများတွင် ကမ္ဘာ့အကြီးဆုံးဝယ်ယူတင်သွင်းသူ၊ တင်ပို့ရောင်းချသူနှင့် သုံးစွဲသူဖြစ်နေသည်။ တရုတ်နိုင်ငံသည် ဒေသတွင်း အဓိက သစ်အချောကိုင် သစ်ထုတ်လုပ်သူအဖြစ် တိုးတက်လာမှုမှာလည်း ၎င်း၏သစ်အချောကိုင် ကုန်ထုတ်လုပ်သူအဖြစ်တိုးတက်လာမှုမှာလည်း ၎င်း၏သစ်အချောထည်ပြင်ဆင်ထုတ်ပိုးသော စက်ရုံလုပ်ငန်းများကို လျင်မြန်စွာကျယ်ပြန့်လာစေခဲ့သည်။ ၂၀၀၂ခုနှစ်မှ စပြီး ပြည်တွင်း အသားတင်ထုတ်လုပ်မှု ခြောက်ဆလောက်မြင့်တက်လာခဲ့မှုမှာ တရုတ်နိုင်ငံကိုများစွာချမ်းသာကြွယ်ဝစေခဲ့ပြီး နိုင်ငံအတွင်းသစ်နှင့် စက္ကူကုန်ပစ္စည်းများ သုံးစွဲလိုအပ်မှုသည်လည်း မြှင့်တက်စေခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တစ်နှစ်တာ သစ်ထုတ်ကုန်ပစ္စည်းများ သုံးစွဲမှုပမာဏသည် သန်းပေါင်း ၃၁၇ ကုဗမီတာအထိ ရှိခဲ့ပြီး ယခုတိုးတက်မှု အတိုင်းအတာဆိုလျှင် ၂၀၂၀ခုနှစ် တွင် သန်းပေါင်း ၄၇၇ကုဗမီတာအထိ မြှင့်တက်လာနိုင်သည်။
၁၉၉၈ခုနှစ်တွင် ရေကြီးရေလျှံမှု ဒဏ်ခံရပြီးနောက် အစိုးရမှသစ်ခုတ်လှဲမှုများကို တင်းကျပ်စွာထိမ်းချုပ်လာခဲ့သော်လည်း တရုတ်နိုင်ငံ၏သစ်အချောထည်ပြင်ဆင်ထုတ်ပိုး သည့်လုပ်ငန်းပိုင်းတွင် တိုးတက်ဖြစ်ထွန်းမှုများစတင်ခဲ့သည်။ နိုင်ငံအတွင်းရှိသစ်တောများသည် ထိုသို့ဖွံ့ဖြိုးတိုးတက်လာသော လိုအပ်သည့် ကုန်ကြမ်းများကို ပြည့်မှီလာအောင် မဖြည့်ဆည်းနိုင်သည့်အခါ သစ်လိုအပ်မှုကိုကြီးထွားလာစေပြီး ကမ္ဘာတဝှမ်းရှိသစ်တောများကို တိုက်ရိုက်ခြိမ်းခြောက်လာခဲ့သည်။ နိုင်ငံတွင်းသစ်တောဖုံးလွှမ်းမှုများကို မြှင့်တက်စေခဲ့သည့် သစ်တောပြန်လည် စိုက်ပျိုးခြင်းများကို ကျိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း ပြည်တွင်းထုတ်လုပ်နိုင် ပမာဏသည် သစ်နှင့် စက္ကူထုတ်စက်ရုံများမှ လိုအပ်သည့်ကုန်ကြမ်းပစ္စည်း ၅၀ရာခိုင်နှုန်းလောက်ကိုသာထုတ်ပေးနိုင်သည်။ နှစ်စဉ်ကုန်ကြမ်းလိုအပ်မှုမှာ ၈ရာခိုင်နှုန်းလောက် ဆက်လက်မြှင့်တက်နေနိုင်ပြီး ဝယ်လိုအားနှင့် ပြည်တွင်းထုတ်လုပ်နိုင်မှုအကြား ကွာဟချက်မှာ ၂၀၂၀ခုနှစ်အထိ နှစ်စဉ် သန်း၁၅၀ ကုဗမီတာရှိသည်။
၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က သစ်လိုအပ်သည့် ကွာဟချက် သန်း၁၅၀ ကုဗမီတာအထိရှိလာခြင်းကို သတိပေးခဲ့ပြီး ထိုကွာဟချက်ကိုဖြည့်ဆည်းနိုင်ရန်အတွက် ပြည်တွင်းထုတ်လုပ်မှုကို တွန်းအားပေးခြင်းကဲ့သို့သော မူဝါဒများကိုလည်းချမှတ်ခဲ့သည်။ သို့ပါသော်လည်း ၎င်း၏တိုးတက်မှုမှာ ဆက်လက်မြှင့်တက်နေပြီး ၂၀၀၉ခုနှစ်တွင် ပြည်တွင်ထုတ်လုပ်နိုင်မှုမှာ သုံးစွဲမှု၏ ၃၈ ရာခိုင်နှုန်းကိုသာဖြည့်ဆည်းနိုင်ခဲ့သည်။
ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးသစ်ဝယ်ယူ တင်သွင်းသူဖြစ်လာခဲ့သည်။ ၁၉၉၇ခုနှစ်တွင် သစ်သန်းပေါင်း ၃၅ ကုဗမီတာတင်သွင်းခဲ့ပြီး ၂၀၀၉ခုနှစ်တွင် သန်း ၁၁၃ ကုဗမီတာအထိရှိခဲ့သည်။ တရုတ်နိုင်ငံ၏ သစ်လိုအပ်မှု မြင့်တက်လာခြင်းသည် တစ်ကမ္ဘာလုံးကို သက်ရောက်စေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်တော်များများမှ ၎င်းတို့၏ သစ်တောထွက်သယံဇာတပစ္စည်းများကို တရုတ်နိုင်ငံသို့တင်ပို့ရောင်းချကြသောကြောင့်ဖြစ်သည်။

တရုတ်နိုင်ငံ၏ သစ်ထုတ်ကုန်ပစ္စည်း ဝယ်ယူတင်သွင်းမှုများ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (Environmental Investigation Agency)၏ ၂၀၁၁ ကုန်သွယ်ရေးဆိုင်ရာ စာရင်းအချက်အလက်များ လေ့လာဆန်းစစ်မှုအရ တရုတ်နိုင်ငံသည် ဒေါ်လာ ၉ ဒသမ ၃ ဘီလီလျံ တန်ဖိုးရှိသည့် သစ်ထုတ်ကုန်ပစ္စည်းများ (သစ်လုံးအတိုင်းအတာ /Round Wood Equivalent) သန်းပေါင်း ၁၈၀ ကုဗမီတာကို တင်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။ ဤ ပမာဏ သည် ၂၀၁၀ခုနှစ် နှင့် ယှဉ်လျှင် ၂၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ၂၀၀ခုနှစ်ကာလများနှင့် ယှဉ်လျှင် ၃ဆမြင့်တက်လာသည်ဟုဆိုနိုင်သည်။ အထက်ပါ သစ်တင်သွင်းမှုများကို ကြည့်ခြင်းအားဖြင့် သစ်ခွဲသားပိုင်းများ၊ စက္ကူထုတ်လုပ်ရန် ပေါင်းထားသောသစ်များနှင့် သစ်လုံးမြောက်များစွာကိုအသုံးပြုရသည့် တရုတ်နိုင်ငံ၏ တရုတ်နိုင်ငံ၏ သစ်အချောထည်ပြင်ဆင်ထုတ်ပိုးသည့်လုပ်ငန်း အခန်းကဏ္ဍကို ဖော်ပြနေသည်။
တရုတ်နိုင်ငံသည် စက္ကူထုတ်သည့် သစ်များနှင့် သစ်ခွဲသားတင်သွင်းမှုသည် ၂၀၀၀ခုနှစ်တွင် ၃၇သန်း ကုဗမီတာ (သစ်လုံးအတိုင်းအတာ) ရှိခဲ့ပြီး ၂၀၁၁ခုနှစ်တွင် ၉၈သန်းကုဗမီတာ (သစ်လုံးအတိုင်းအတာ)အထိ တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။ ထိုပမာဏသည် စုစုပေါင်း သစ်တင်သွင်းမှုများ၏ ၅၃ရာခိုင်နှုန်းရှိသည်။
သစ်ထုတ်ပစ္စည်း တင်သွင်းမှုများ (သစ်လုံး၊ သစ်ခွဲသား၊ ပရိဘောဂ၊ အထပ်သားနှင့် အခြားသော ထုတ်ကုန်ပစ္စည်းများ)လည်း လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တန်ဖိုးမြှင့်ကုန်ချောများနှင့် ကုန်ချောတစ်ပိုင်း အထပ်သားကဲ့သို့ ကုန်ပစ္စည်းများအစား သစ်လုံးနှင့် သစ်ခွဲသားများ ကဲ့သို့သောကုန်ကြမ်းများ တင်သွင်းမှုကိုသာ မြှင့်တင်ရန်အားပေးသည့် တရုတ်နိုင်ငံ၏ မူဝါဒများကြောင့် သိသိသာသာတိုးတက်လာခဲ့သည်။
တရုတ်နိုင်ငံသည် အပူပိုင်းနှင့် သမပိုင်းသစ်တောနှစ်ခုစလုံးမှ သစ်မာနှင့် သစ်မာမဟုတ်သော သစ်များနှင့် ပျဉ်များတင်သွင်းမှုအပေါ်တွင် များစွာမှီခိုနေသည်။

သစ်လုံးဝယ်ယူတင်သွင်းမှုများ
တရုတ်နိုင်ငံ၏ သစ်လုံးအရိုင်းများ လိုအပ်မှုကြီးမားတိုးတက်လာခြင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်လျှောက်လုံးမှာ နိုင်ငံ၏သစ်ထုတ်ကုန်တင်သွင်းမှု တစ်ခုလုံးကို လွှမ်းမိုးခဲ့ပြီး ၂၀၀၀-၂၀၀၉ ခုနှစ်ကာလအတွင်းသုံးခဲ့သည့် သစ်လုံးအားလုံးအနက် ပျမ်းမျှအားဖြင့် ၃၃ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းခဲ့သည်။ ၂၀၀၀ခုနှစ်တွင် တင်သွင်းခဲ့သော ၁၃ ဒသမ ၆သန်းကုဗမီတာရှိသည့် သစ်လုံးတင်သွင်းမှုမှာ ဒေါ်လာ ၁ ဒသမ ၆ ဘီလီလျံအထိတန်ဖိုးရှိခဲ့ရာမှ ၂၀၁၁ခုနှစ်တွင် ၄၂သန်းကုဗမီတာအထိရှိလာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၈ ဒသမ၂ ဘီလီလျံအထိ အရှိန်မြှင့်တက်ခဲ့ကာ တင်သွင်းခဲ့သည့် ပမာဏသည် ၂၀၀၀ခုနှစ်ကထက် ၃ဆ ပိုများခဲ့သည်။ ၂၀၁၁ခုနှစ်တွင် တစ်ကမ္ဘာလုံး ကူးသန်းရောင်းဝယ်မှုအားလုံး၏ ၃၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့သည်။
ရုရှားနိုင်ငံသည် ၂၀၁၁ခုနှစ်တွင် တရုတ်နိုင်ငံအတွက် ထိပ်တန်း သစ်တင်ပို့သည့်နိုင်ငံဖြစ်ခဲ့ပြီး တင်ပို့သည့် သစ်ပမာဏမှာ ၁၄သန်း ကုဗမီတာရှိခဲ့သည်။ သို့ဖြစ်လင့်ကစား ယင်းပမာဏသည် ၂၀၀၉ခုနှစ်တွင် ရုရှား သစ်လုံးတင်ပို့ခွန်၏ တစ်စိတ်တစ်ပိုင်း သက်ရောက်မှုကြောင့် တရုတ်နိုင်ငံသို့တင်ပို့သည့် သစ်လုံးပမာဏကျဆင်းခဲ့သေးသည်။ ပါပးအာနယူးဂီနီသည် ၂၀၁၁ခုနှစ်တွင် သစ် ၂ ဒသမ ၇ သန်းတင်ပို့ပြီး တတိယနေရာလိုက်ခဲ့သည်။
တရုတ်နိုင်ငံသို့ သစ်တင်ပို့သည့် ထိပ်တန်း ၁၀ နိုင်ငံအနက်မှ အမေရိကန်ပြည်ထောင်စုကဲ့သို့သော တရားမဝင်သစ်ခုတ်လှဲမှုနည်းပါးသည့် နိုင်ငံများမှ ၂၀၁၀ခုနှစ်က တင်ပို့သည့်ပမာဏများနှင့် နှိုင်းယှဉ်လျှင် ၆၅ ရာခိုင်နှုန်းမြှင့်တက်လာခဲ့သည်။ သို့ပါသော်လည်း သစ်တင်ပို့သည့်ပမာဏ အလုံးအရင်းနှင့် မြင့်တက်လာခြင်းကြောင့် တရားမဝင်သစ်ခုတ်လှဲမှု အန္တရာယ်မြင့်မားမည်ဟုယူဆရသော နိုင်ငံများမှ သစ်တင်ပို့မှုများမှာလည်း ကျဆင်းမသွားပေ။ ၂၀၁၁ခုနှစ်တွင် ထိပ်တန်းသစ်တင်ပို့သည့် ၁၀နိုင်ငံမှ တရုတ်နိုင်ငံသို့တင်သွင်းခဲ့သော သန်း ၃၂.၈ ကုဗမီတာအနက်မှ သုံးပုံနှစ်ပုံသည် ဖြစ်နိုင်ချေများသည့် တရားမဝင် သစ်ခုတ်လှဲသည့် နေရာများမှ လာသည်ဟုခန့်မှန်းရသည်။ တရုတ်နိုင်ငံသို့ စုစုပေါင်း သစ်တင်ပို့မှု အားလုံးမှ ၅၂ ရာခိုင်နှုန်းသည် တရားမဝင်သစ်ခုတ်လှဲမှု အန္တရာယ်မြင့်မားသည်ဟု ယူဆရသော နိုင်ငံများမှ ဝယ်ယူတင်သွင်းမှုများဖြစ်သည်။

ဆက်လက်ရေးသားဖော်ပြပါမည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *