Appetite for Destruction (China’s Trade in Illegal Timber – 5)

ဖျက်ဆီးခြင်း အာသာဆန္ဒ
Appetite for Destruction
(တရုတ်နိုင်ငံ၏ တရားမဝင်သစ်ကုန်သွယ်မှု-5)
China’s Trade in Illegal Timber – 5

## တရုတ်နိုင်ငံ၏ တရားမဝင်သစ် ဝယ်ယူတင်သွင်းမှုများ
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး သစ်အဝယ်ဒိုင်ဖြစ်လာပြီးနောက်ဖြစ်လာသကဲ့သို့ တရားမဝင်သစ်များ အထူးသဖြင့် သစ်လုံးသားနှင့် သစ်ခွဲသားများ အဓိကအရောင်းအဝယ်လုပ်သည့်နေရာဖြစ်လာသည်။ တရားမဝင်သစ်ခုတ်လှဲခြင်းနှင့် သစ်မှောင်ခိုကူးခြင်းသည် သဘောသဘာဝအားဖြင့် လျှိုဝှက်ပြီး ဥပဒေမလွတ်ကင်းသည့် အလုပ်ဖြစ်သောကြောင့် တရုတ်နိုင်ငံအတွင်း တရားမဝင်သစ်များ ဘယ်လောက်ဝင်ရောက်လသည်ကို အတိအကျသိရှိရန်မလွယ်ကူပေ။ သို့ပသော်လည်း တရားမဝင် သစ်ခုတ်လှဲသည့် နိုင်ငံများမှ စာရင်းနှုန်းထားများနှင့်ပေါင်းစပ်နှိုင်းယှဉ်ကြည့်လျှင် ယုံကြည်နိုင်လောက်သော ခန့်မှန်းတွက်ချက်မှုများပြုလုပ်နိုင်သည်။
၂၀၀၉ ခုနှစ်လေ့လာမှုတစ်ခုတွင် တရုတ်နိုင်ငံသည် ကမ္ဘာတစ်လွှား တရားမဝင်သစ်ခုတ်လှဲမှုများမှ တရားအဝင်သစ်များကို ထောက်ပံ့ခြင်းနှင့် သုံးစွဲခြင်းတွင် အမြင့်ဆုံးအဆင့်ရှိနေပြီး ၂၀၀၈ခုနှစ်တွင် ၃၉သန်းမှ ၃၆သန်း ကုဗမီတာ အကြားရှိတရားမဝင်သစ်များကို သုံးစွဲခဲ့သည်။ ဤခန့်မှန်းချက်များအရ တရုတ်နိုင်ငံမှ ၂၀၀၈ခုနှစ်တွင် တင်သွင်းခဲ့သော တရားမဝင်သစ်များမှာ ၁၀၄သန်း ကုဗမီတာ (REW)ရှိပြီး ၃၇မှ ၆၆ ရာခိုင်နှုန်းရှိသည်။ ထိုရာခိုင်နှုန်းများကိုအခြေခံပြီး ၂၀၁၁ခုနှစ်တွင် ၁၈၀သန်း ကုဗမီတာ (REW) ရှိသည်ဆိုလျှင် တင်သွင်းခဲ့သည့် ၆၀မှ ၁၂၀သန်း ကုဗမီတာအကြားသည် တရားမဝင်သစ်များသာဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။
အခြားသော ၂၀၁၀ လေ့လာမှုတစ်ခုတွင်လည်း ၂၀၀၈ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်းခဲ့သောသစ်များ၏ ၂၀ရာခိုင်နှုန်းသည် တရားမဝင်သစ်များသာဖြစ်သည်ဟုဆိုပြန်သည်။ ဤရာခိုင်နှုန်းထားကိုမူတည်ပြီး ၂၀၁၁ခုနှစ်သစ်တင်သွင်းမှု တွက်ချက်ကြည့်လျှင် တရုတ်နိုင်ငံသည် ယမန်နှစ်က တရားမဝင်သစ် ထုတ်ကုန်များ ၃၆သန်းကုဗမီတာခန့်တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၆.၉ ဘီလီလျံအထိရှိကြောင်း သိရသည်။

## ၂၀၁၁ခုနှစ် တရားမဝင်သစ်လုံးများနှင့် သစ်ခွဲသားများ
EIA သည် ၂၀၁၁ခုနှစ် သစ်ခွဲသားများနှင့် သစ်လုံးများကူးသန်းရောင်းဝယ်မှု သတင်းအချက်အလက်များကို စေစပ်ရှာဖွေ စစ်ဆေးခြင်းနှင့် တရားမဝင်သစ်ခုတ်လှဲ တင်ပို့မှုဖြစ်နိုင်ခြေများသည့် ၃၆ နိုင်ငံမှတရားမဝင်သစ်ခုတ်လှဲမှု နှုန်းထားများကို ယခင်က သုံးသပ်လေ့လာထားချက်များနှင့် မကြာသေးမီကာလများက လေ့လာစီစစ်သုံးသပ်ထားသော သတင်းအချက်အလက်များကို ဇောင်းပေးအခြေပြုထားသည်။
ဤခွဲခြမ်းလေ့လာသုံးသပ်ချက်များမှ တရုတ်နိုင်ငံသည် ၂၀၁၁ခုနှစ်တွင် ၁၈,၅သန်း ကုဗမီတာရှိသော တရားမဝင်သစ်လုံးများနှင့် သစ်ခွဲသားများတင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၃.၇ ဘီလီလျံရှိသည်။ တရားမဝင်သစ်များ၏ ပမာဏသည် ဘေဂျင်းအိုလံပစီ အားကစားရုံခန်းမကြီးထက် ၆ဆမက ကြီးမားသောအဆောက်အဦးကြီးကို တည်ဆောက်နိုင်သည်။ သို့တည်းမဟုတ် ပေ ၂၀ အရှည် သင်္ဘာ ကွန်တိန်နာ ၉ သိန်းခန့်ဆောက်လုပ်ရန်လုံလောက်သည်။
ထိုပမာဏသည် အခြားသော ခန့်မှန်းတွက်ချက်မှုများအားလုံးထက် နည်းပါးနေခြင်းမှာ EIA အနေဖြင့်တရုတ်နိုင်ငံ၏ သစ်ထုတ်ကုန်တင်သွင်းမှု စုစုပေါင်းမှ ၄၅ ရာခိုင်နှုန်းသာရှိသော သစ်ခွဲသားများနှင့် သစ်လုံးများကိုသာ အခြေခံလေ့လာထားသောကြောင့်ဖြစ်သည်။ သစ်ကုန်ကြမ်းများကိုသာ အဓိကထားရသည်မှာလည်း တရုတ်နိုင်ငံအတွင်းသို့ တရားမဝင်သစ်များ စီးဆင်းဝင်ရောက်လာခြင်းကို လက်တွေ့ကွင်းဆင်းစုံစမ်းမှုများ ပြုလုပ်ရာတွင် EIA အနေဖြင့် ထိုသစ်ကုန်ကြမ်းများကိုသာ အဓိကထားလေ့လာသောကြောင့်ဖြစ်သည်။
EIA ၏လေ့လာသုံးသပ်ချက်အရ တရားမဝင် သစ်လုံးတင်သွင်းမှု တစ်မျိုးတည်းနှင့်ပင် ၁၁.၈သန်းကုဗမီတာအထိရှိခဲ့ပြီး တန်ဖိုးအားဖြင့်ဒေါ်လာ ၂.၇ ဘီလီလျံအထိရှိသည်။ တရားမဝင်သစ်လုံးများသည် မေးခွန်းထုတ်စရာဖြစ်နေသော တရားမဝင်သစ်တင်ပို့သည့် ၃၆ နိုင်ငံမှ တင်ပို့သည့်စုစုပေါင်းတန်ဖိုး၏ ၅၈ ရာခိုင်နှုန်းခန့်ရှိပြီး ပမာဏအားဖြင့် ၅၄ ရာခိုင်နှုန်းရှိသည်။
တရားမဝင်သစ်လုံးများ တင်သွင်းလာမှုတွင် အဓိကပါဝင်သောနိုင်ငံများမှာ ရုရှားနိုင်ငံမှ ၅.၆ သန်းကုဗမီတာ၊ ပါပူအာနယူးဂီနီမှ ၂.၅သန်း ကုဗမီတာ၊ ဆော်လမွန်ကျွန်းစုမှ ၁.၅သန်းကုဗမီတာ၊ မြန်မာနိုင်ငံနှင့် ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံတို့မှ ၅သိန်းကုဗမီတာစီ၊ အီကွေတိုရီယရန်ဂီနီနိုင်ငံမှ ၂.၇ သိန်းကုဗမီတာနှင့် မိုဇမ်ဘစ်နိုင်ငံမှ ၁,၈၃ သိန်း ကုဗမီတာတို့ဖြစ်သည်။
လေ့လာစီစစ်သုံးသပ်မှု တွေ့ရှိချက်တွင် တရုတ်နိုင်ငံ၏ ၂၀၁၁ခုနှစ်တွင် တင်သွင်းထားသော တရားမဝင်သစ်ခွဲသားများသည် ၆.၇သန်းကုဗမီတာအထိရှိခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁.၀၅ဘီလီလျံရှိကာ သက်ဆိုင်ရာ နိုင်ငံများအားလုံးမှ တင်ပို့ခဲ့သည့် စုစုပေါင်းတန်ဖိုးနှင့် ပမာဏ၏ ၃၉ ရာခိုင်နှုန်းနှင့်ညီမျှသည်။ တရားမဝင်သစ်ခွဲသားများ တင်သွင်းလာမှုတွင် ပါဝင်သောနိုင်ငံများမှာ ရုရှားနိုင်ငံမှ ၄.၃သန်း ကုဗမီတာ၊ အင်ဒိုနီးရှှားနိုင်ငံမှ ၁.၃သန်း ကုဗမီတာ၊ မြန်မာနိုင်ငံမှ ၁.၄၁သိန်းကုဗမီတာ၊ ပီရူးထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ၀.၈၅သိန်းကုဗမီတာခန့်စီ အသီးသီးတင်ပို့ခဲ့ကြသည်။

## ကုန်ပစ္စည်းများ ဖြန့်ဖြူခြင်း
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး တရားမဝင်သစ်တင်သွင်းသူ အဝယ်ဒိုင်ဖြစ်လာရခြင်းမှာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသော ပြည်တွင်းဈေးကွက်နှင့် အဓိကသစ်ပြင်ဆင်ထုတ်ပိုးသူဖြစ်လာခြင်းကြောင့်အပြင် အစိုးရမူဝါဒ များ၏ အကျိုးသက်ရောက်မှုများကြောင်း ဖြစ်သည်။ ၁၉၉၈ခုနှစ် ဖြစ်ပေါ်ခဲ့သော ဆိုးရွားသည့် ရေကြီးရေလျှံမှုကြောင့် တရုတ်နိုင်ငံသည် ၄၁.၈သန်း ဟက်တာခန့်ရှိသော သဘာဝသစ်တောများတွင် သစ်ခုတ်လှဲခြင်းကို တားမြစ်ပိတ်ပင်သည့် သဘာဝသစ်တောကာကွယ်ထိန်းသိမ်းစောင့်ရှောက် ရေးအစီအမံများကိုချမှတ်ခဲ့သည်။ ထို့ပြင် လွန်ခဲ့သည့် အစောပိုင်း လေးနှစ်ခန့်ကာလက တိုးတက်မှု ၁၈.၅ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် ၂၀၀၈ခုနှစ်တွင် သစ်တောဖုန်းလွှမ်းဒေသများ ၂၀.၆ ရာခိုင်နှုန်းအထိ မြင့်မားတိုးတက်စေခဲ့သော သစ်တောများပြန်လည်စိုက်ပျိုးခြင်းကို အလုံးအရင်းဖြင့်ဆောင်ရွက်ခဲ့သည်။ ၁၉၉၆ခုနှစ်နှင့် ၂၀၀၉ခုနှစ် အကြားတရုတ်အစိုးရသည် သစ်ပင်စိုက်ပျိုးခြင်းတွင် ဒေါ်လာ ၃၁ ဘီလီလျံ အသုံးပြုခဲ့သည်။
တရုတ်အစိုးရ၏ ပြည်တွင်းသစ်တော ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး မူဝါဒများသည် ချီးကျူးဖွယ်ဖြစ်သော်လည်း စိုက်ပျိုးသည့် သစ်တောများမှာ အဆင့်နိမ့် ထင်းရှူးပင်မျိုးနွယ်ဝင်များသာဖြစ်ပြီး၊ စဉ်ဆက်မပြတ်မြင့်တက်လျက်ရှိသည့် နိုင်ငံတော်၏ သစ်ပြင်ဆင်ထုတ်ပိုးရေး စက်မှုလုပ်ငန်းများမှ အထူးသဖြင့် ကြီးထွားမှုနှုန်းနှေးကွေးသည့် သစ်မာအမျိုးအစားများအတွက် လိုအပ်သည့် ကုန်ကြမ်းများကိုပင် ပြည့်မှီအောင် မဖြည့်စွမ်းနိုင်ပေ။
တရုတ်နိုင်ငံ၏ ပြည်တွင်းသစ်ထုတ်ယူနိုင်စွမ်းနှင့် စက်ရုံများမှသုံးစွဲသည့် သစ်ပမာဏအကြား ကွာဟမှုသည် ကမ္ဘာတစ်လွှားမှ တိုင်းပြည်များကို သစ်တောပြုန်းတီးမှုများဖြစ်ပေါ်စေခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်းတို့၏ စက်ရုံများအတွက်လိုအပ်သည့် သစ်ကုန်ကြမ်းများတောင့်တရရှိလိုမှုကြောင့် တောင်အမေရိက၊ အာဖရိကနှင့် တစ်ခြားနိုင်ငံများအား ၎င်းတို့ရေရှည်လိုအပ်သည့် သစ်ကုန်ကြမ်းများကိုဖြည့်ဆည်းပေးသော ဒေသများအဖြစ်ဖန်တီးပေးခဲ့ပြီး ပြင်ဆင်ထုတ်ပိုးရန်အတွက် တရုတ်နိုင်ငံမှ လိုအပ်သည့် သစ်လုံးများကို တင်သွင်းပေးသူများဖြစ်လာခဲ့သည်။ တရုတ်အစိုးရ၏ သစ်ကုန်ကြမ်းတင်သွင်းပြီး သစ်ချောကုန်ပြန်လည်တင်ပိုးခြင်းကို အားပေးသည့်မူဝါဒ ကျင့်သုံးမှုကိုလည်း ယုံမှားသံသယ ဖြစ်ဖွယ်မရှိပါ။ ဉပမာအားဖြင့် ၂၀၀၁ခုနှစ်တွင် သစ်လုနှင့် သစ်ခွဲသားတင်သွင်းမှုကို စည်းကြပ်ကောက်ခံသည့် အခွန်ဆောင်ခများကို ရုတ်သိမ်းပေးခဲ့သည်။ အခွန်စည်းကြပ်ကောက်ခံမှုနှုန်းထားသည် ဤမူဝါဒကို အားကောင်းလာအောင်လုပ်ဆောင်ပေးနေသည့် ကဏ္ဍတစ်ခုဖြစ်သည်။ ၂၀၀၇ခုနှစ်တွင် တရုတ်နိုင်ငံသည် ကြမ်းခင်းသစ်သားတင်ပို့မှုကို ၁၀ရာခိုင်နှုန်းအခွန်ပေးဆောင်ရမည်ဟု သတ်မှတ်ခဲ့သော်လည်း အခြားတစ်ဖက်တွင် တင်သွင်းလာသည့် သစ်ကုန်ကြမ်းများကို အသုံးပြုသည့် ကုမ္ပဏီများကိုမူ အခွန်ကင်းလွတ်ခွင့် ပေးခဲ့သည်။
ထို့အပြင်နိုင်ငံခြားမှ သစ်သောသယံဇာတပစ္စည်းများကို ဝယ်ယူသုံးစွဲသည့်နေရာတွင်လည်း တရုတ်အစိုးရပိုင် ကုမ္ပဏီများမှာ အဓိကအခန်းကဏ္ဍအဖြစ်ပါဝင်နေသည်။ ၂၀၀၇ခုနှစ် တရုတ်နိုင်ငံ၏ကုန်သွယ်ရေးအချက်အလက်များကို လေ့လာထားသည့် EIA လေ့လာဆန်းစစ်သုံးသပ်မှုတွင် အစိုးရပိုင်ကုမ္ပဏီများသည် ၄.၇သန်းကုဗမီတာရှိ အပူပိုင်းဒေသများမှ သစ်လုံးများ ဝယ်ယူတင်သွင်းခဲပြီး တင်သွင်းခဲ့သည့် စုစုပေါင်းပမာဏ၏ ၄၆ ရာခိုင်နှုန်းနှင့် ညီမျှသည်။ အားလုံးခြုံလိုက်ရင် ၂၀၀၇ခုနှစ်တွင် အစိုးရပိုင် ကုမ္ပဏီများသည် သစ်တောစီမံအုပ်ချုပ်ရေးတွင် အားနည်းသော တိုင်းပြည်များမှ သစ်များအပါအဝင် တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းဝယ်ယူခဲ့သော သစ်များအားလုံး၏ ၁၂ရာခိုင်နှုန်းကိုဝယ်ယူခဲ့သည်။ ဥပမာအားဖြင့်မိုဇမ်ဘစ်နိုင်ငံမှ တနိုင်ငံလုံးတင်ပို့သော သစ်များအနက်မှ ၄၄ရာခိုင်နှုန်းနှင့် ပါပူအာနယူးဂီနီတစ်နိုင်ငံလုံး တင်ပို့သည့် သစ်များ၏ ၄၅ရာခိုင်နှုန်းသည် တရုတ်အစိုးရပိုင်ကုမ္ပဏီများထံသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတော်တော်များများကို ဒေသခံအစိုးရများက ပိုင်ဆိုင်ကြပြီး ၎င်းတို့၏လုပ်ပိုင်ခွင့် အာဏာအတွင်းမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်။ ၂၀၀၇ခုနှစ်တွင် အပူပိုင်းဒေသများမှ သစ်လုံးများကို ဝယ်ယူတင်သွင်းခဲ့သော အကြီးဆုံးအစိုးရပိုင် ကုမ္ပဏီမှာ ရှန့်ဟဲနိုင်ငံတကာ ကုန်သွယ်ရေးအုပ်စု (Shanghai International Trade Group)ဖြစ်ပြီး၊ ၎င်းတစ်ခုတည်းမှ ၈.၄၇ သိန်းကုဗမီတာရှိသော အပူပိုင်းဒေသသစ်လုံးများကိုဝယ်ယူတင်သွင်းခဲ့သည်။ ထိုပမာဏသည် တစ်ရုတ်တစ်နိုင်ငံလုံး စုစုပေါင်း တင်သွင်းခဲ့သောပမာဏ၏ ၈ရာခိုင်နှုန်းရှိပြီး အကြီးဆုံးပုဂ္ဂလိကပိုင် ကုမ္ပဏီက တင်သွင်းခဲ့သည်ထက် နှစ်ဆ ပိုသည်။
EIA သုတေသနလေ့လာတွေ့ရှိချက်တွင်လည်း တရုတ်အစိုးရပိုင်ကုမ္ပဏီများသည် အင်ဒိုနီးရှားနှင့် မိုဇမ်ဘစ်ကဲ့သို့သော သစ်တင်ပို့မှုကို တားမြစ်ထားသည့်နိုင်ငံများမှ သစ်ဝယ်ယူတင်သွင်းမှုများရှိခဲ့ပြီး တရားမဝင်သစ်ခုတ်လှဲမှုအဖြစ်များသည့် မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများနှင့်လည်း သစ်ထုတ်လုပ်သည့်လုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ပတ်သတ်လျက်ရှိသည်။
ဆက်လက်ရေးသားဖော်ပြပါမည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *