#ရပ်ကျေးအရေးပေါ်စီမံခန့်ခွဲရေးစီမံချက်
ALARM’s Community emergency response action for COVID_19
ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါ ဖြစ်ပွားမှုများသောအခါ အနောက်နိုင်ငံများတွင်တွေ့နေရသလို ဆေးရုံ၊ဆေးခန်းများ တွင် ကုသနိုင်ရန် မဖြစ်နိုင်တော့သည့်အခြေအနေများဖြစ်ပေါ်နိုင်ပါသည်။ မိမိနေအိမ်တွင် သီးခြားခွဲခြား ကုသရန်ဆိုသော်လည်း လက်ရှိတွင် ဆင်းရဲနွမ်းပါးသည့်အိမ်ထောင်စုများ၌ နေထိုင်ရန်ပင်အခက်အခဲများ ရှိသည့်အလျှောက် အဆိုပါညွှန်ကြားချက်ကို လိုက်နာရန်အခက်အခဲရှိပေမည်။ ဆေးရုံတွင်လည်း ကုသခွင့်မရ၊ မိမိနေအိမ်တွင်လည်း အနားယူ ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်နိုင်သော အခြေအနေမရှိသောအခါ ကူးစက်ရောဂါအနေနှင့် အုံလိုက်ကျင်းလိုက် ကူးစက်မှု ဖြစ်ပွားသွားနိုင်သောကြောင့် ရပ်ကျေး အခြေစိုက် ကူးစက်ရောဂါ အရေးပေါ်တုန့်ပြန်မှု စီမံချက်ကို အဆိုပြုအပ်ပါသည်။
ရည်ရွယ်ချက်အနေဖြင့် အခြေခံအိမ်ထောင်စုများ ဆေးရုံဆေးခန်းများ တွင် ကုသမှု မရခင်စပ်ကြား (၁) ဝေဒနာရှင်များ ပိုမို သင့်တော်သော ကျမ္မာရေး စောင့်ရှောက်မှု အကူအညီများရရှိစေရန် (၂) ကူးစက်ရောဂါ ပြန်ပွားကူးစက်မှုကို အတိုင်းအတာ တခုအနေဖြင့် လျှော့ချနိုင်ရန် – ဖြစ်သည်။
လုပ်ဆောင်ရန်
(၁) ရပ်ကျေး ကျန်းမာစောင့်ရှောက်မှုကူညီရေးအဖွဲ့ကို ရပ်ကျေးများတွင်ရှိသော နာရေးကူညီမှုအသင်း၊ သွေးလှူရှင်အဖွဲ့၊ ကြက်ခြေနီ၊ ဆွမ်းလောင်းအသင်း၊ လူငယ်စာကြည့်တိုက် အစရှိသည့် လူမှုရေး အသင်းအဖွဲ့များနှင့် အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းဖွဲ့ စည်းရန်
(၂) လုပ်အားပေးလူငယ်အဖွဲ၊ လုပ်အားပေး ကျန်းမာရေး ကူညီအဖွဲ့ (ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံရှိသူများ) များ ထပ်ဆင့်ဖွဲ့ကာ မြို့နယ်ကျန်းမာရေးအဖွဲ့များနှင့်ချိတ်ဆက်မှု ပြုထားရန်
(၃) ကျွမ်းကျင်သူများဖိတ်ခေါ်၍ လိုအပ်သော သင်တန်းများပို့ချထားရန်
(၄) ရပ်ကွက်အတွင်း ကူးစက်ရောဂါ လူနာများ ယာယီထားရှိနိုင်မည့် အဆောက်အဦး( ဘာသာရေး၊ အဆောက်အအုံ၊ ကစားကွင်း၊ စာသင်ကျောင်း၊ ဇရပ်၊ ပုဂ္ဂလိက တည်းခိုခန်းများ) ရှာဖွေ၍ အသုံးပြုနိုင်ရန် ကြိုတင်စီစဉ်ညှိုနှိုင်းထားရန်
(၅) ရပ်ကွက်အတွင်း ပုံမှန် လှည့်လည်၍ ကူးစက်ရောဂါနှင့်ပတ်သက်သော သတင်းအချက်အလက်များ ဖြန့်ဝေပေးရန်၊ သံသယရှိလူနာ စာရင်းကောက်ယူထားရန်
(၆) လိုအပ်သည့် အခြေခံ အရင်းအမြစ်များ ဥပမာ PPE, လူနာတင်ကား၊ အစရှိသည်များ ကြိုတင်စုဆောင်းထားရန်
(၇) အုပ်ချုပ်သူတာဝန်ရှိသူများနှင့်ပူးပေါင်း၍ လူစုလူဝေး ဖြစ်နိုင်သည်များကို ကြိုတင်သတိပေး ရှောင်ရှားနိုင်ရန်ကူညီဆောင်ရွက်ရန်
(၈) ရပ်ကွက်တွင်း ကူးစက်လူနာရှိလာပါက ဆေးရုံ တွင်စောင့်ရှောက်မှုမရနိုင်ပါက ရပ်ကွက်အတွင်း ကူညီစောင့်ရှောက်ရေး ရိပ်မြုံတွင် ထားရှိရန်၊ (မိမိအစီအစဉ်ဖြင့် အိမ်တွင်း ခွဲခြားနေထိုင်နိုင်သူ များမပါ)
(၉) ရပ်ကျေး ကျန်းမာရေးကူညီစောင့်ရှောက်ရေး ရိပ်မြုံ တွင် ထားရှိသော လူနာများအား သက်ဆိုင်ရာ နေအိမ်များမှ လိုအပ်သော အစားအစာ ဆေးဝါးများ ပံ့ပိုးနိုင်ရန် ကြားခံဆောင်ရွက်ပေးရန်၊ လူနာရှင်အိမ်မှ မပံပိုးနိုင်သည့် အခြေအနေတွင် အလှူရှင်ရှာ၍ ကျွေးမွေးစောင့်ရှောက်ပေးရန်
(၁၀) သက်ဆိုင်ရာကျန်းမာရေး ဌာနများနှင့်ဆက်သွယ်၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန် ပေါင်းကူးစောင့်ရှောက်ပေးရန်၊ ရပ်ကျေးအတွင်း ကူးစက်ရောဂါအခြေအနေ ပုံမှန် သက်ဆိုင်ရာသို့ သတင်းပို့ရန်၊ သေဆုံးလူနာများအတွက်နာရေး ကူညီဆောင်ရွက်ပေးရန် တို့ဖြစ်သည်။
လက်ရှိ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် အဆိုပါစီမံချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် လုပ်ဆောင်နေပါသည်။ လက်ရှိတွင် စိမ်းလန်းအမိမြေ၏ Volunteer ရုံးဝန်ထမ်းများနှင့် နယ်ဝန်ထမ်းများနှင့် အကောင်အထည်ဖော်ရန်ကြိုးစားနေသော်လည်း၊ နောင်အခါ လူအင်အား မလုံလောက်တော့သည့်အချိန်၊ စေတန ဝန်ထမ်းများအား ဖိတ်ခေါ်သွားမည်ဖြစ်သည်။
ALARM’s Community emergency response action for COVID_19
0 Comments