မြန်မာနိုင်ငံ၏ FLEGT VPA အမျိုးသားအဆင့် သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့တွင် ပါဝင်သော အရပ်ဘက် လူမှုအဖွဲ့အစည်းများက မိမိတို့၏အခန်းကဏ္ဍကို ပီပြင်စွာ ပြည့်မီစေရန် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် နည်းပညာသတင်းအချက်အလက်များကို လက်လှမ်းမှီရေး ဆောင်ရွက်ရာတွင် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အထောက်အကူပြုဆောင်ရွက်ပေးမည်သာမက တရားမဝင် သစ်ထုတ်လုပ် ကုန်သွယ်နေမှုကို တားဆီးတိုက်ဖျက်ရာတွင်လည်းကောင်း၊ သစ်တောစီမံအုပ်ချုပ်မှု နှင့်စည်းမျဉ်းများ တိုးတက်ကောင်းမွန်စေရာ၌လည်းကောင်း၊ သစ်တောဥပဒေ စိုးမိုးစေရာ၌လည်းကောင်း၊ တာဝန်ခံမှုအပြည့်ရှိသော ရေရှည်သစ်တောစီမံမှုကို မြှင့်တင်ပေးရာ၌လည်းကောင်း အကျိုးရှိရှိ ပါဝင်နေသည်ကို လိုလားသောကြောင့် “မြန်မာနိုင်ငံ၏ FLEGT VPA လုပ်ငန်းစဉ်၌ အရပ်ဘက် လူမှုအဖွဲ့အစည်းများက မိမိတို့၏ အခန်းကဏ္ဍတွင် ထိရောက်စွာ ပါဝင်ခြင်း” စီမံကိန်းကို FAO ၏ အထောက်အပံ့ဖြင့် တစ်နှစ်တာ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း National Field Coordinator ဦးဇော်မင်းသန့်ကပြောသည်။

လုပ်ငန်းစဉ် (၁) ပတ်ဝန်းကျင်ရေးရာအရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ လမ်းညွှန်စာအုပ်ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ ဖော်ထုတ်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးနေရာများဖော်ထုတ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ Jubilee Hall ၌ ကျင်းပခဲ့ပါသည်။ယင်းဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၈)မြို့နယ်မှ ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားဆောင်ရွက်နေကြသော အရပ်ဘက်အဖွဲ့အစည်း (၄၅) ခု မှ ကိုယ်စားပြုအဖွဲ့ဝင် ကျား (၂၈) ဦး၊ မ (၉) ဦး စုစုပေါင်း(၃၇)ဦးတို့တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဒေသအတွင်းရှိ ပတ်ဝန်းကျင်ရေးရာနှင့်ပတ်သက်၍ အမှန်တကယ် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများအား ဖော်ထုတ်ရန်နှင့်ဒေသအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်လွယ်သော အရေးကြီးဧရိယာများ ( Environmental Sensitive Areas)ကို ဖော်ထုတ်နိုင်စေရန်ဖြစ်သည်။ ဆွေးနွေးပွဲအတွင်းတွင် ကချင်ပြည်နယ်အတွင်းရှိ ပတ်ဝန်းကျင်ေ ရးရာလှုပ်ရှား ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ ဖော်ထုတ်ခြင်း၊ ဒေသအတွင်းပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်လွယ်သော အရေးကြီးဧရိယာများ ဖော်ထုတ်တတ်ရန် ဖြည့်စွက်ပုံများနှင့် မြို့နယ်အလိုက် ကျေးရွာ အခြေခံ အချက်အလက်များ ညှိနှိုင်းဖော်ထုတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
ရလဒ်အနေဖြင့်ကချင်ပြည်နယ်အတွင်းရှိပတ် ဝန်းကျင်ရေးရာ လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများစာရင်းအား ခရိုင်အလိုက်ဖော်ထုတ်နိုင်ခဲ့ရာ စုစုပေါင်း (၆၉) ဖွဲ့ရှိကြောင်း သိရှိခဲ့ရပါသည်။ ဆွေးနွေးဖော်ထုတ်ခဲ့သော CSOs အဖွဲ့များ၏ အဖွဲ့အစည်းဆိုင်ရာ အခြေခံအချက်အလက်များကို ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လုပ်ငန်းစဉ် (၂) FLEGT-VPA လုပ်ငန်းစဉ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ယက်များ အားကောင်းလာစေခြင်း အလုပ်ရုံဆွေးနွေးပွဲ
ဆွေးနွေးပွဲကို မန္တလေးမြို့၊ ဟိုတယ်မန္တလေးရှိ စံပယ်ဖြူခန်းမ၌ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂ဝ)ရက်နေ့အထိ(၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်(၆)ခုမှ FLEGT တိုင်းနှင့်ပြည်နယ်အဆင့် အရပ် ဘက်လူမှုအဖွဲ့အစည်းများနှင့် မြန်မာ့သစ်လုပ်ငန်းမှ ကိုယ်စားလှယ် (၁) ဦး၊ သစ်တောဦးစီးဌာနမှ မန္တလေးတိုင်း ညွှန်ကြားရေးမှူး (၁) ဦး၊ ကျား (၃၅) ဦး၊ မ(၆)ဦး စုစုပေါင်း (၄၁)ဦး တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲကျင်းပရခြင်း ၏ ရည်ရွယ်ချက်မှာ တိုင်းနှင့် ပြည်နယ်အဆင့် FLEGT လုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများ အပေါ် ဆွေးနွေးနိုင်စေရန်၊ လက်ရှိလှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်း ကွန်ယက်များဖော်ထုတ်နိုင် စေရန်၊ တိုင်းနှင့်ပြည်နယ် အဆင့် FLEGT လုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ၏ လုပ်ငန်းအစီအစဉ် ထွက်ပေါ်လာစေ ရန်နှင့် FLEGT အသိပညာပေးစာအုပ်များအား ပြန်လည် ဆန်းစစ်နိုင်စေရန်တို့ဖြစ်သည်။
ဆွေးနွေးပွဲတွင် FLEGT-VPA လုပ်ငန်းစဉ်အား ပြန်လည်သုံးသပ်ခြင်း၊ VPA လုပ်ငန်းစဉ်တွင် အရပ်ဘက်အဖွဲ့ အစည်းများ၏ ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေအားဆွေးနွေးခြင်း၊ SNWG များ၏ TOR များအား ပြန်လည်သုံးသပ် ခြင်း၊ မြန်မာနိုင်ငံ၏ သစ်လွှဲပြောင်း ပိုင်ဆိုင်မှုကွင်းဆက် (Chain of Custody – COC) အကြောင်းနှင့် COC အဆင့် များတွင် ကျား/မရေးရာ တန်းတူညီမှုအကြောင်းရှင်းလင်းပြောကြားခြင်း၊ VPA လုပ်ငန်းစဉ်တွင် ကျား/မတန်းတူညီမှု၊ COC အဆင့်များနှင့် VPA ၏ အကျိုးသက်ရောက်မှုများအကြောင်းဆွေးနွေးခြင်း၊ FLEGT-VPA Quiz book နှင့် sourcebook များအား ပြန်လည်သုံးသပ်ခဲ့ကြပြီးနောက် TOT သင်တန်းကျင်းပမည့်နေ့ရက်နှင့် တက်ရောက်မည့်သူ များ၏ စံနှုန်းများကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများမှာ MSG အစည်းအဝေးများတွင်လည်းကောင်း၊ SNWG အစည်း အဝေးများတွင်လည်းကောင်း၊ ၎င်းတို့၏လုပ်ငန်းတာဝန်များအား ပြန်လည်ပြင်ဆင်ရန်၊ FLEGT TOT သင်တန်းတွင် တက်ရောက်မည့်သူများအား ရွေးချယ်ရန်၊ SNWG အဖွဲ့တွင် အဖွဲ့ဝင်အပြောင်းအလဲရှိသည့် ပြည်နယ်နှင့်တိုင်းများမှ ပြောင်းလဲသည့် အဖွဲ့ဝင်စာရင်းကို ALARM သို့ပေးပို့ရန်နှင့် ရရှိလာသည့် သတင်းအချက်အလက်များကို FLEGT-Sourcebook တွင် ပြန်လည်ပြင်ဆင်ထည့်သွင်းရန်တို့ဖြစ်ကြောင်း သတင်းရရှိသည်။
လုပ်ငန်းစဉ် (၃) သယံဇာတစီမံအုပ်ချုပ်မှုနှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ခြင်းဆိုင်ရာဆရာဖြစ်သင်တန်း
သယံဇာတစီမံအုပ်ချုပ်မှုနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း (TOT Training on Natural Resource Governance with Women Empowerment) ကို မန္တလေးမြို့၊ ဟိုတယ်မန္တလေးရှိ စံပယ်ဖြူ ခန်းမတွင် မတ်လ (၁၉) ရက်မှ (၂၃) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် ပတ်ဝန်းကျင်ရေးရာ လုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့များမှ ကျား (၁၈)ဦး၊ မ (၁၄)ဦး၊ စုစုပေါင်း (၃၂) ဦးတက်ရောက်ခဲ့သည်။
သင်တန်းအတွင်းတွင် FLEGT-VPA လုပ်ငန်းစဉ်၏ အခြေခံသဘောတရားများ၊ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်း၊ တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ် (TLAS) အကြောင်း၊ သယံဇာတ စီမံခန့်ခွဲအုပ်ချုပ်မှုတွင် ကျား-မရေးရာကဏ္ဍအရေးပါပုံအကြောင်း၊ သစ်လွှဲပြောင်းပိုင်ဆိုင်မှုကွင်းဆက် (COC) အကြောင်း၊ COC တွင် လွတ်လပ်စွာစောင့်ကြည့်စစ်ဆေးခြင်းများအကြောင်း ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ရလဒ်အနေဖြင့် သင်တန်းမှ ရရှိသော အကြောင်းအရာနှင့် နည်းပညာများကို အခြေခံ၍ မိမိတို့ဒေသအတွင်း သဘာဝသယံ ဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ သင်တန်းများနှင့် ဟောပြောပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းအစီအစဉ်များ ပေါ်ထွက်လာခြင်း၊ လွတ်လပ်သော စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်တွင် ကျား/မ အခန်းကဏ္ဍ ပိုမိုပီပြင်လာခြင်း၊ FLEGT-VPA လုပ်ငန်းစဉ်အကြောင်း ပိုမိုသိရှိနားလည်သွားခြင်း တို့ရရှိခဲ့ပါသည်။
ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများမှာ CSOs များမှ အဆိုပြုလွှာများပြင်ဆင်ခြင်း၊ ALARM မှ ပြင်ဆင် ရေးသားထားသော အဆိုပြုလွှာများကို စစ်ဆေး၍ အတည်ပြုခြင်း၊ အဆိုပြုလွှာအတိုင်းအမြင်ဖွင့်ဆွေးနွေးပွဲများ၊ စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခြင်း၊ FLEGT-VPA Sourcebook နှင့် သင်တန်းလက်စွဲစာအုပ်များတွင် အချို့သော အကြံပြုချက်များထည့်သွင်း၍ ပြန်လည်ပြင်ဆင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

0 Comments