Air Pollution AT a Glance

လေထုညစ်ညမ်းမှုအကြောင်း တစေ့တစောင်း

မြန်မာနိုင်ငံ၏ လေထုအရည်အသွေးညစ်ညမ်းမှုသည် မြို့ပြ နှင့် ကျေးလက် နှစ်မျိုး လုံးတွင်ဖြစ်ပေါ်နိုင်ပြီး လေထုညစ်ညမ်းမှုဖြစ်ပါက လူနှင့် သဘာဝပတ်ဝန်းကျင် ၊ အပင်၊ သတ္တဝါများအားလုံး ထိခိုက်ပျက်စီး စေနိုင်သော ပတ်ဝန်းကျင်ရေးရာပြဿနာတစ်ရပ်ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချူပ် (WHO) World Health Organization အဖွဲ့ထုတ်ပြန်ချက်များအရလူ (၁၀)ယောက်တွင် (၉)ယောက်သည် မသန့်ရှင်းသောလေကိုရှူရှိုက်နေရပြီးတစ်ကမ္ဘာလုံးတွင် လူဉီးရေ (၇) သန်းခန့်သည် လေထုညစ်ညမ်း မှုနောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် ရောဂါများ ခံစားရပြီးသေဆုံး နေရသည်ကို ထုတ်ပြန်ချက်များဖေါ်ပြခဲ့ပါသည်။ အလားတူပင် မြန်မာနိုင်ငံသည်လည်း နိုင်ငံတစ်ဝန်းတွင် လေထုညစ်ညမ်းမှုပြဿနာကြောင့် နှစ်စဉ်လူဉီးရေ ၂၂၀၀၀ခန့် သေဆုံး လျှက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အစီရင်ခံစာအရသိရပါသည်။

ထို့ကြောင့် လေထုညစ်ညမ်းမှု ပြဿနာသည် မြန်မာနိုင်ငံအတွက် အလေးထားစဉ်းစားရတော့မည့်အခြေအနေ တစ်ခုဖြစ်နေသည်ကို သတိပြုသင့်သည်ကိုတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နိုင်သော လေထုညစ်ညမ်းမှုအကြောင်းအရင်းများမှာ ဒီဇယ် ၊ ဓာတ်ဆီ ၊ ဂက်(စ်)စသည့်လောင်စာဆီများ အသုံးပြုသည့်စက်ပစ္စည်းများ အသုံးပြုမှုများပြားလာခြင်း၊ စက်ရုံအလုပ်ရုံစက်မှုဇုန်များ တိုးချဲ့လာခြင်း၊ ကျောက်မီးသွေးလောင်စာသုံး စက်ရုံအရေအတွက် များပြားလာခြင်း၊ မြို့ပြကျေးရွာများချဲ့ထွင်လာခြင်း ကြောင့်လေထုသန့်ရှင်းရေးအားကူညီပေးနေသည့် အစိမ်းရောင်လွမ်း သောဧရိယာများ တဖြည်းဖြည်းလျှော့နည်းလာခြင်း၊ သစ်တောပြုန်းတီးခြင်း၊ တောမီးရှို့ခြင်း၊ တောမီးလောင်ခြင်း၊ အမှိုက်များမီးလောင်ခြင်း၊ မီးရှို့ခြင်း စသည့်အချက်များနိုင်ငံအနှံ့ဖြစ်ပေါ်နေသောကြောင့် လေထုညစ်ညမ်းမှုသည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုပြဿနာတစ်ရပ်အဖြစ်ရပ်တည်လာနေပြီဖြစ်ပါသည်။

လေထုညစ်ညမ်းဓာတ်ငွေ့များနှင့်ကျန်းမာရေးထိခိုက်နိုင်မှု
လေထုညစ်ညမ်းမှုသည် လူလုပ်အရင်းအမြစ်များ နှင့် သဘာဝအရင်းအမြစ်အချို့မှလည်း ထွက်ပေါ်နိုင်သောညစ်ညမ်းမှုဖြစ်ပြီး အန္တရာယ်ရှိသောဓာတ်ငွေ့များနှင့် ညစ်ညမ်းအမှုန်အမွှား များလေထုထဲပျံ့နှံ့နေခြင်းသည်လေထုညစ်ညမ်းမှုဖြစ်ပါသည်။ လေထုညစ်ညမ်း ဓာတ်ငွေ့များတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုကာဗွန်၊အိုဇုန်း၊ ခဲဓာတ်၊ မီသိန်းဓာတ်ငွေ့၊ ဘော်လတိုင်းအော်ဂဲနစ်ကွန်ပေါင်း (Volatile Organic Compound)၊ Suspended Particulate Matter)၊ (Photochemical Oxidants)၊ Atomic Radiationနှင့် ကျန်းမာရေးထိခိုက်စေနိုင်သောဓာတ်ငွေ့ (Hazard Air Pollutants) ဖြစ်ပြီး လေထုညစ်ညမ်းမှုသည်ကျန်းမာရေးပေါ်တွင်ရေတို ၊ ရေရှည်ထိခိုက်မှုများဖြစ်ပေါ်စေသည်။ ညစ်ညမ်းလေထုရှူရှိုက်မိပါက မျက်စိကြိမ်းစပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းနာခြင်း၊ ဓာတ်မတည့်သော ဝေဒနာခံစားရခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားခြင်း၊ လေပြွန်ရောင်ရမ်းခြင်း၊ အဆုတ်နှင့်ဆိုင်သောရောဂါများဖြစ်ပေါ်ခြင်း၊ ဉီးနှောက်နှင့်ဆိုင်သောရောဂါများ၊ နှင့် နှလုံး၊ အဆုတ်ကင်ဆာရောဂါများသည် မသန့်ရှင်းသောလေများအားနေ့စဉ်ရှူရျိူမှုများကြောင့်ဖြစ် ပါသည်။ လေထုညစ်ညမ်းမှုကြောင့်ထိခိုက်ခံစားရမှုအများဆုံး သူများမှာ သက်ကြီးရွယ်အိုများ နှင့်ကလေး သူငယ်များဖြစ်ပါသည်။

လောင်စာဆီအသုံးပြုမှုကြောင့်လေထုညစ်ညမ်းမှု
ရန်ကုန်မြို့သည် စက်ရုံများ ၊ကား ၊ရထား၊ ဆိုင်ကယ်၊ သင်္ဘော၊ စက်တပ်ယာဉ်ကြီးများနှင့် မီးစက်များကြောင့် လေထုညစ်ညမ်းမှုအများဆုံနှင့် အမြင့်ဆုံး ဖြစ်ပေါ်နိုင်သည့်မြို့ကြီး တစ်မြို့အ ဖြစ် မျက်မှောက် ကာလတွင်တည်ရှိနေသော ပြိုင်ဘက်ကင်းမြို့အဖြစ်တင်စားပြောရလောက်သည့် မြို့ကြီးဖြစ်နေပါသည်။ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုဖြစ်နေရသည့် အကြောင်းအရင်းများစွာအနက် ထင်ရှားမှု သိသာနေသည်မှာ လမ်းမများ ပေါ်တွင်ကြပ်တည်းနေသည့် ကားများ၊ လေထုညစ်ညမ်းဓာတ်ငွေ့ ထုတ်လွတ်နေသည့်စက်ရုံများ ကြောင့်ဟုအများ ကထင်သာမြင်သာရှိသော ဥပမာအဖြစ်တွေ့နေရပြီး ၎င်း အကြောင်းအရင်း (၂) ရပ်မှာလောင်စာဆီသုံး သောအရင်း အမြစ်များ ဖြစ်နေပါသည်။ ကျန်အကြောင်းအရင်းများမှာ လည်းရန်ကုန်မြို့လေထုညစ်ညမ်း စေသည့် အရင်းမြစ်များ အဖြစ်ရှိနေသော လောင်စာဆီသုံးစက်ပစ္စည်း များသည်အဓိက အကြောင်းအရင်း များဖြစ်ပါသည်။

စက်ရုံများကြောင့် လေထုညစ်ညမ်းခြင်း
စက်ရုံတွေများလာတာကြောင့်လေထုညစ်ညမ်းမှုများလာနိုင်သည်မှာ မှန်သော်လည်းလူထုအားထိုခိုက်မှု အနည်းဆုံးဖြစ်စေရန် အစီအမံများအားစက်မှုဇုန်များစတင် တည်ဆောက်စဉ်ကပင်ထည့်သွင်း စဉ်းစားရမှာဖြစ်ပါသည်။ စက်ရုံများတည်နေရွာရွေးချယ်ရာတွင် မြို့နေလူထုအား စက်ရုံများမှ ထွက်ရှိနိုင်သော ညစ်ညမ်းဓာတ်ငွေ့အနည်းဆုံးဖြစ်အောင်သန့်စင်ပြီးမှ ထုတ်လွတ်သင့်ပါသည်။ ထို့အပြင် စက်မှုဇုန်နှင့်စက်ရုံတည်နေရာသည် နွေ၊ မိုး ၊ဆောင်း ရာသီဥတုသုံးခုလုံးတွင် တိုက်ခတ်နိုင်သည့် လေတိုက်ရာအရပ်၊လေလာရာလမ်းကြောင်းသည် ညစ်ညမ်းလေထုအားတိုက်ရိုက် စက်ရုံများမှ သယ်ဆောင်လာကာ လူနေအိမ်နှင့်မြို့နေလူထုအား ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ထိုသို့စနစ်တကျ ထည့်သွင်းလုပ်ဆောင်တည်ဆောက်မထားသောစက်ရုံများ၊ စက်မှုဇုန်များ ပတ်လည်ဝိုင်းနေသော ရန်ကုန်မြို့ကဲ့သို့သော မြို့ကြီးများမှထွက်ရှိသော လေထုညစ်ညမ်းဓာတ်ငွေ့များ အားမြို့နေလူထုသည် နေ့စဉ်ရှူရှိူက်နေရပြီး အသံတိတ်လူ သတ်သမားဟု တင်စားပြောဆိုနေသည့် လေထုညစ်ညမ်းမှုနောက် ဆက်တွဲရောဂါဆိုးများ ခံစားရပြီး သေဆုံးမှုများ မြင့်တက်လာနိုင်ပါသည်။ ၎င်း အန္တရာယ်မှကာကွယ်ရန် လေထုညစ်ညမ်းမှု လျှော့ချရေးအစီအစဉ်များအား စက်ရုံများမှ အလေးထားလုပ်ဆောင်ရန်လိုအပ်လာပြီဖြစ်ပါသည်။

မီးခိုးငွေ့များကြောင့်လေထုညစ်ညမ်းခြင်း
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးရေး လုပ်ငန်းများမှ သီးနှံပင်များမစိုက်ပျိူးမှီတွင် ခုတ်ထွင်ရှင်းလင်းရသည့် မြက်နှင့်အမှိုက်သရှိုက်များ အားနှစ်စဉ်ရှင်းလင်းပြီးမီးရှို့နေသည်မှာနိုင်ငံ၏နေရာအနှံ့အပြားတွင် သီးနှံမျိုးစုံစိုက်ပျိုး သည့်ဒေသ အလိုက်ဖြစ်ပေါ်နေသောမီးရှို့ခြင်းများဖြစ်ပေါ်သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တစ်နိုင်ငံလုံး စိုက်ပျိုး နိုင်သည့် စိုက်ဧက သန်း (၂၀) ကျော်ရှိသော နိုင်ငံဖြစ်သောကြောင့် ၎င်းစိုက်ခင်းများမှအမှိုက်များ မီးရှို့ခြင်း သည်မြန်မာနိုင်ငံ၏လေထုညစ်ညမ်းမှုကိုအနည်းနှင့်အများဖြစ်ပေါ်လျက်ရှိပါသည်။

ထို့ပြင် တောမီးရှို့ခြင်း သစ်တောများမီး လောင်ခြင်းဖြစ်ပေါ်နေခြင်း များလည်းရှိနေသောကြောင့်လေထုညစ်ညမ်းစေသောမီးခိုးများဖြစ်ပေါ်လျှက်ရှိပါသည်။ ဆောင်း ရာသီနှင့်နွေရာသီတို့တွင် မြန်မာနိုင်ငံအတွင်းရှိမြို့ကြီးများနှင့် ကျေးရွာများတွင် မိမိပတ်ဝန်းကျင်ရှိ သစ်ရွက်ခြောက်များ ပလပ်စတစ်အမှိုက်များအား မနက်အစောပိုင်း နှင့်ညနေပိုင်း တွင်းမီးပုံရှို့သော အလေ့အထတစ်ခုသည်လည်းညစ်ညမ်းမီးခိုးငွေ့များရှုရှိူက်နေသောပတ်ဝန်းကျင်တွင်နေနေရသကဲ့သို့ဖြစ်နေပါသည်။ ရန်ကုန်မြို့ရှိစွန့်ပစ်အမှိုက်ပုံကြီး တစ်ခုဖြစ်သည့်ထိန်ပင်အမှိုက်ပုံ မီးလောင်မှုသည် ရန်ကုန်လေထုညစ်ညမ်းမှုကို လူအများသတိထားမိသော မီးလောင်မှုတစ်ခုဖြစ်ပြီး လေထုညစ်ညမ်းမှု သည်ကျန်းမာရေး ထိခိုက်နိုင်ကြောင်း လူသိများထင်ရှားသောဖြစ်စဉ်တစ်ခုဖြစ်ပြီး အဆိုးထဲမှအကောင်း ဟုဆိုရမည်ဖြစ်ပါသည်။သို့သော်မြို့ကြီးများရှိအမှိုက်ပုံများသည်ထိုကဲ့သို့မီးလောင်မှုများမဖြစ်စေရန်စနစ်တကျစီမံမှုများလိုအပ်လျှက်ရှိပါသည်။

ပတ်ဝန်းကျင်ပြင်ပလေထုညစ်ညမ်းမှု (Ambient Air Pollution) မရှိစေရေး
ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုအားအလေးထားကာကွယ်ရာတွင် အလေးပေး သတိထားရမည့်အခြေခံအချက်အချို့မှာ-

(၁)ကားအသုံးပြုမှုအား လိုအပ်မှသာကားအသုံးပြုခြင်း သည်လည်း ပြင်ပလေထုညစ်ညမ်းမှု အားမဖြစ်ပေါ်စေသည့်အရေးပါသောအချက်တစ်ချက်ဖြစ်ပါသည်။
(၂)လက်ရှိကိုဗစ် (၁၉) ကပ်ရောဂါကာလတွင်မူ လမ်းလျှောက်ခြင်း ၊စက်ဘီးစီးခြင်းကိုဉီးစားပေးခြင်း နှင့် ပုံမှန်အခြေအနေများတွင်မူ အများပြည်သူသုံးသယ်ယူပို့ဆောင်းရေး ဘတ်(စ်)ကား နှင့် ရထားကိုသာဉီးစားပေးရွေးချယ်ခြင်းသည် ပြင်ပလေထုညစ်ညမ်း မှုကိုပူးပေါင်း ကာကွယ်ပေး နေခြင်းတစ်မျိုးဖြစ်သည်။
(၃)လျှပ်စစ်စွမ်းအင်လျှော့ချအသုံးပြုခြင်းသည်လည်းပြင်ပလေထုညစ်ညမ်းမှုအား သွယ်ဝိုက်သောနည်း ဖြင့်ကာကွယ်နေခြင်းဖြစ်ပါသည်။
(၄) လျှပ်စစ်မီးဖို ၊ လျှပ်စစ်ဒယ်အိုး၊ ပေါင်းအိုးစသည့် တို့အားလျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲမှုမဖြစ်စေရန် ပုံမှန်ထိန်းသိမ်းပြုပြင်အသုံးပြုခြင်း
(၅) ပြန်လည်အသုံးပြုနိုင်သောအသုံးအဆောင်ပစ္စည်းများအားဉီးစားပေးရွှေးချယ်အသုံးပြုခြင်း
(၆) ရေရည်အသုံးခံပြီးစွမ်းအင်အသုံးပြုမှုနည်းသောပစ္စည်းများသာအသုံးပြုခြင်း
(၇) ဒေသထွက်ပစ္စည်းများ၊ အော်ဂဲနစ်အစားစာများသာဉီးစားပေး စားသုံးခြင်း
(၈) နေ့စဉ်အစားအသောက်များအားတတ်နိုင်သမျှကိုယ်တိုင်စိုက်ပျိုးဖန်တီးစားသောက်နေထိုင်ခြင်း
(၉) သစ်ပင်များစိုက်ပျိုးခြင်း အလေ့အထများဖြစ်လာစေရန် ဖေါ်ဆောင်စိုက်ပျိုးခြင်း
(၁၀) မိမိနှင့်မိမိပတ်ဝန်းကျင်အားလေထုညစ်ညမ်းမှုလျှော့ချနိုင်သောအသိပညာပေးလုပ်ဆောင်ခြင်း
၎င်းအချက်များအလိုက်တတ်နိုင်သည့်အချက်များအားနေ့စဉ်လိုက်နာလုပ်ဆောင်နေသူများဖြစ်ပါကသင်သည်မိမိပတ်ဝန်းကျင်လေထုညစ်ညမ်းမှုဖြစ်စဉ်အားတိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက်သောနည်းဖြင့်ကာကွယ်နေသူများဖြစ်နေသည်ကိုတွေ့ရပါသည်။

အိမ်တွင်းလေထုညစ်ညမ်းမှု ( Indoor Air Pollution) မရှိစေရေး
အိမ်တွင်းလေထုညစ်ညမ်းမှုသည်လည်းလူတိုင်း၊မိသားစုတိုင်းအလေးထားရမည့်ကျန်းမာရေးနှင့်ဆိုင် သောအကြောင်းအရာတစ်ခုဖြစ်သည့် အလျှောက်တစ်ဦး ချင်းလိုက်နာလိုပါကအောက်ပါအချက် များ ကိုသတိပြု နေရမည်ဖြစ်သည်-
(၁) အခန်းတွင်းလေထုညစ်ညမ်းမှုအားသန့်စင်ပေးနိုင်သောအပင်များစိုက်ခြင်း
(၂) လေဝင်လေထွက်စနစ်ကောင်းရန် ပိတ်နိုင်ဖွင့်နိုင်သောပြတင်းပေါက်လုံလောက်စွာထားခြင်း
(၃)အိမ်တွင်းနေ့စဉ်ချက်ပြုပ်စားသောက်ရန်အသုံးပြုရာမှထွက်လာသောမီးခိုးအမှုန်များအားအပြင်သို့ထုတ်လွတ်နိုင်သော စနစ်တပ်ဆင်ထားခြင်း
(၃)အိမ်တွင်းသုံးပစ္စည်းများအား သဘာဝထုတ်ကုန်များကိုသာ အိမ်အတွင်းအသုံးပြုခြင်း
(၄)အိမ်နံရံသုတ်ဆေးမှထွက်ရှိသောပစ္စည်းများကြောင့်အိမ်တွင်းလေထုညစ်ညမ်းမှုရှိမရှိတိုင်းတာပြီးမှနေထိုင်ခြင်း
(၅)အိမ်တွင်းဆေးလိပ်သောက်ခြင်း၊ ခြင်ဆေးခွေထွန်းခြင်း နှင့်ဓာတုပစ္စည်းများထားသိုမှုရှောင်ကျဉ်ခြင်း
(၆)အခန်းတွင်းလေထုစိုထိုင်းဆအနိမ့်ဆုံးနှင့်ခြောက်သွေ့အောင်လုပ်ဆောင်ထားခြင်း
(၇)ညစ်ညမ်းသောပတ်ဝန်းကျင်လေမဝင်ရောက်ရန်ဖုန်အမှုန်အမွှားများဖမ်းယူနိုင်သောလေသန့်စင်စက်အား အခန်းတွင်း တပ်ဆင်ထားခြင်း
(၈)အခန်းတွင်းဖုန်မှုန့်များအားနေ့စဉ်သန့်ရှင်းပေးခြင်း
(၉)အပင်များမှထုတ်ယူထားသော Essential oil အားအခန်းတွင်းလေသန့်ရှင်းရန်အသုံးပြုခြင်း
အထက်ပါအချက်(၁၀)ချက်မျှ လုပ်ဆောင်ထားခြင်းဖြင့် အိမ်တွင်းလေထုညစ်ညမ်းမှုမှဖြစ် ပေါ်နိုင်သောကျန်းမာရေးပြသနာများအားကြိုတင်ကာကွယ်ခြင်းအားဖြင့်နေထိုင်နိုင်သောအခြေခံ အချက်များဖြစ်ပါသည်။

လေထုညစ်ညမ်းမှုလျှော့ချရေးရေရှည်လိုအပ်ချက်
လေထုညစ်ညမ်းမှုအားထိန်းချုပ်ရန် ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်များ၊ အာဆီယံဒေသတွင်း သဘောတူညီချက်များ လေထုညစ်ညမ်းမှုထိန်းသိမ်းရေးဥပဒေများ ရှိနေပြီဖြစ်သော်လည်း လေထုညစ်ညမ်းမှုများ အားထိရောက်စွာထိန်း ချုပ်နိုင်သောအခြေအနေများ မှာအားရစရာကောင်း လောက်အောင်ထိရောက်မှုမရှိနေသည်ကိုတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင်လည်း စက်မှုဇုန်စက်ရုံများမှ ထုတ်လွှတ်အခိုးငွေ့များ ကြောင့်ပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေပတ်ဝန်း ကျင်ထိန်းသိမ်းရေး အစီအစဉ်များရေးဆွဲရာတွင်လေထုအရည်အသွေးတိုင်းတာမှုများလုပ်ဆောင်လာပါသည်။သို့သော်ညစ်ညမ်းမှုများ ရှိလာပါကလေထုညစ်ညမ်း မှုအားသန့်စင်နိုင်သောစနစ်များ စက်ရုံများတွင်ထည့်သွင်း တပ်ဆင်ထင်မှုများမရှိသောကြောင့် လေထုညစ်ညမ်းမှပမာဏသာတိုင်း တာနိုင်သည့် အခြေအနေတွင်သာရှိနေပြီး အစိုးရများ အနေဖြင့်ဆက်လက်အကောင်အထည်ဖေါ်ရန် လိုအပ်နေဆဲ ဖြစ်ပါသည်။ထို့အပြင် အမှိုက်မီးရှို့ရာမှမီးခိုး ငွေ့ကြောင့်လေထုညစ်ညမ်မှုပြဿနာအားထိန်းချုပ်ရန်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ၂၀၁၈ခုနှစ်အပိုဒ်(ခ)ဖေါ်ပြထားသည်မှာ ‘’မည်သည့်စွန့် ပစ်အမှိုက်အမျိုးအစားကိုမဆိုကော်မတီမှသတ်မှတ်ထားသောနေရာမှအပ စုပုံခြင်း၊မီးရှို့ခြင်း” ဆောင်ရွက်ပါကဥပဒေအရအရေးယူဆောင်ရွက် နိုင်ကြောင်းသတ်မှတ်ပါရှိထား သောကြောင့် စည်ပင်သာယာမှဖုန်း ခေါ်ဆိုခြင်း စနစ်ဖြင့်သယ်ယူသော ဝန်ဆောင်မှုရှိနေသော်လည်း ရန်ကုန်မြို့၏နေရာအနှံ့ပြား တွင်အမှိုက်များမီးရှို့နေသည် ကိုနေ့စဉ် တွေ့နေရဆဲဖြစ်ပါသည်။ ထို့ကြောင့်လေထုညစ်ညမ်းမှုပြဿနာများလျှော့နည်းလာစေရန်မှာလိုအပ်သောဥပဒေများအားကဏ္ဍအလိုက်ပြဌာန်းရမည်ဖြစ်ပြီး ပြည်အများနား လည်လိုက်နာရန် လွယ်ကူသောနည်းများဉီးစားပေး ချမှတ်ဆောင်ရွက်နိုင်မှသာ အမှန်တစ်ကယ်သန့်ရှင်းသောပတ်ဝန်း ကျင်လေထုညစ်ညမ်း မှုအနည်းဆုံး ပတ်ဝန်းကျင်အဖြစ်မြင်တွေ့ရမည်ဖြစ်ပါသည်။

စအောင်သက်ဦး (စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း)

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *