#အဆဲခံပြီးပြောဦးမယ်
ကိုဗစ်နဲ့ယှဉ်တွဲပြီး ဘယ်လိုနေထိုင်သွားလာလုပ်ကိုင်မလဲ လို့ post တခုတင်တော့ ဝိုင်းဆဲကြတယ်။
ကျန်းမာရေးဝန်ကြီးက ကိုဗစ်က ဆေးပေါ်တာတောင်မှ နောက် ၂ နှစ် ၃ နှစ် လောက် ဆက်ကြာရှည်စွာရှိနေနိုင်သေးတယ်လို့ ပြောတဲ့အခါ adaptation to COVID19 က မဖြစ်မနေစဉ်းစားရမဲ့ကိစ္စတရပ်ဖြစ်လာပါတယ်။ တချိန်လုံးပိတ်ဆို့ထားဖို့ဆိုတာက ဖြစ်မှမဖြစ်နိုင်တာ။
ကျန်းမာရေးဝန်ကြီးက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးကို အထူးပြုလေ့လာထားသူမို့ ဒီကိစ္စသူမသိ မရှိပါဘူးလို့ထင်မိတယ်။ သို့သော်ငြားလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ကွဲကွဲပြားပြား ထုတ်ပြန်ကြေငြာထားတာမတွေ့ရသေးတော့ brainstorming လုပ်တဲ့သဘောနဲ့ post တင်ဖြစ်တယ်။ အဓိက မိတ်ဆွေ အသိုင်းအဝိုင်းထဲမှာလည်း adaptation ဆိုတာကို စဉ်းစားဆင်ခြင်တာ ဆွေးနွေးတာတွေ တိုးပွားရင် အကျိုးများမယ်ထင်မိလို့ပါ။ ဒါကြောင့် ဆဲကာမှဆဲရော ဒီအကြောင်းကတော့ ပြောနေရမဲ့ သဘောပါပဲ။ ဆေးမျှော်ပြီး လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်မိမှာစိုးလို့ပါ။
(၁) နေ့စဉ်ကုသ နိုင်မဲ့ အရေအတွက်အတွင်းထိန်းချုပ်ခြင်း
ကိုဗစ် ကတနေ့ကို ၁၅၀၀ ပတ်လည်လောက်ဆေးစစ်တွေ့ရှိနေပြီး ၁၀၀၀ လောက်ကဆေးရုံက ဆင်းခွင့်ပြုတာသတိပြုမိတယ်။ ဒါကြောင့် ဆေးရုံတင်နိုင်တဲ့ လူနာပမာဏ အောက် ပိုးတွေ့လူနာ နည်းသွားမှ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ်ကို ဖိအားမသက်ရောက်မှာလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါကြောင့်လက်ရှိ ပိုးတွေ့နှုန်းကို တနေ့ ၂၀၀ နဲ့ ၃၀၀ ကြားလောက်ထိကြသွားအောင် ဖိဖိစီးစီး lockdown ကို တပြေးညီ နေရာအနှံလုပ်မှ ဖြစ်မယ်လို့ယူဆမိပါတယ်။ လက်ရှိမှာက homestay လိုလို selected semi lockdown လိုလိုနဲ့ သဲသဲကွဲကွဲမရှိသလို လူတွေ လိုက်နာဆောင်ရွက်ခြင်းကလည်း အတော်အားနည်းနေတာ တွေ့ရပါတယ်။ ဒါကို တင်းကြပ်ပြီး အထက်ကဆိုခဲ့သလို Positivity rate 3% လောက်ထိကျသွားအောင်ချစေခြင်တာပါ။ ဆေးရုံဆေးခန်းမရောက်တဲ့ ပြင်ပ လူနာတွေလည်းရှိနိုင်တာမို့ အဲ့ဒီလောက်ချထားမှ ဆေးရုံတင်နိုင်တဲ့ လူနာ အရေအတွက်အတွင်းမှာပဲရှိနိုင်ပြီး နိုင်နိုင်နင်းနင်း စီမံအုပ်ချုပ်နိုင်မယ်ထင်ပါတယ်။ လူထုကိုလည်း တခါတည်းပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုပါတယ်။ ၃% ရောက်မှ ပြန်ဖွင့်မှာပါလို့။
(၂) Point of care testing platform development ဖြစ်ပွားရာနေရာမှာတင် တထိုင်တည်းရောဂါပိုးကို အမြန်ဆန်းစစ်နိင်တဲ့ စနစ် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း
ပိုးတွေ့ လူနာ ၃% အောက်ရောက်လို့ ပြန်ဖွင့်ရင် ရောဂါတွေ့နှုန်းက ပြန်တက်လာနိုင်ပါတယ်။ ကျောင်း၊ဈေး၊ အလုပ်ရုံတွေပြန်ဖွင့်တဲ့အခါ medical screening ကို အလျှင်အမြန်လုပ်နိုင်ရင် ပိုးတွေ့သူတွေကို သီးခြားခွဲထားပြီး လုပ်ငန်းခွင်မပျက်ခရီးဆက်နိုင်အောင် စီမံခန့်ခွဲမှုတွေလုပ်နိုင်ပါလိမ့်မယ်။ ဒီအတွက် လက်ခံအသုံးပြုနိုင်မဲ့ screening technique တို့ procedure တို့ပါရေးဆွဲဖို့လိုသလို medical supply and logistics ဆေးဝါးထောက်ပို့ လုပ်ငန်းကိုပါ ကွင်းဆက်မိမိ လိုက်ပါနိုင်အောင် လုပ်ရပါမယ်။ ပုဂ္ဂလိက ကဏ္ဍ ကပါဝန်ဆောင်မှုပေးနိုင်အောင် စီစစ်ပြီးခွင့်ပြုပေးနိုင်ရင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ဆောင်မှုငှားရမ်းအသုံးပြုနိုင်ပြီး အရေးပေါ်လုပ်ဆောင်ရန်ရှိသည်များ ချက်ခြင်း ဆောင်ရွက်နိုင်တဲ့အတွက်အကျိုးများပါတယ်။ အစ္စရေး၊ ထိုင်းနိုင်ငံတွေမှာ ကျင့်သုံးနေသလို ၅ရက်လုပ် သံသယရှိရင် ၁၀ ရက်နား အလှည့်ကျ အလုပ်ဆင်းတဲ့ပုံစံကို နမူနာယူနိုင်ပါတယ်။
ဈေးနဲ့ကျောင်းတွေမှာ အစိုးရက ဦးစီးပြီး အရပ်ဖက်အဖွဲ့စည်းများနဲ့ပူးပေါင်းကာ တလတခါ screening လုပ်နိုင်ရင် ရောဂါတွေ့တွေ့ခြင်းလိုအပ်တဲ့ ကာကွယ်ကုသမှုကို ဆောင်ရွက်နိုင်ပါလိမ့်မယ်။
လက်ရှိဖတ်ရသလောက်တော့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပူးပေါင်းလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ပြောသလို တဖက်မှာလည်း ကိုဗစ်စမ်းသပ်ရင် ဖမ်းမယ်ပြောတဲ့အတွက် စိတ်ရှုတ်ထွေးမှုတွေဖြစ်စေတာအမှန်ပါပဲ။ ရောဂါကို ခံစစ်နဲ့ မတိုက်ပဲ ထိုးစစ်နဲ့ ပြန်တိုက်မှ လူမှုစီးပွားမကျပဲ ရှေ့ခရီးဆက်နိုင်ပါလိမ့်မယ်။ စဉ်းစားဆင်ခြင်ဖို့ပါ။ နိုင်ငံတကာ ကူညီထားလို့ ကျည်ရှိတုံး ထွက်တိုက်ပါ။ နောက်မိို့ ခံစစ်က ထိလည်းမထိရောက်၊ တဖြေးဖြေးကျည်ကုန်းပြီး ဘုန်းဘုန်းလဲပါမယ်။ ခံစစ်လုံအောင် အရင်လုပ်ပြီး စစ်ကူရှိတုန်း အားရှိသမျှနဲ့ ရန်သူထောက်ပို့လမ်းကြောင်းဖြတ်နိုင်ဖို့ တန်ပြန်ကြိုးပမ်းရမယ်ထင်ပါတယ်။ အထူးသဖြင့် ရန်ကုန်၊ မှာပါ။
(၃) Agressive monitoring, targeted lock down and social security
ရောဂါကို အထိုင်ဆေးစစ်ပေးနေတာထက် ရှာဖွေ ဆန်းစစ်တာကော screening ၊ ဆေးစစ် တာရော diagnosis testing ကိုပါ လုပ်သင့်ပြီလို့ထင်ပါတယ်။ ပိုးတွေ့များနိုင်တဲ့ risk Township ဥပမာ လှိုင်သာယာ လို industrial zone လို နေရာမျိုးတွေမှာ ပုန်းကွယ်ပိုးရှိ လူနာတွေ နဲ့ ကူးစက်မှုကို ခန့်မှန်းသိနိုင်ဖို့ ကြပမ်းကောက်ပြီး စစ်ဆေးဖို့လိုပါတယ်။ တွေ့ရှိချက်အပေါ်မူတည်ပြီး ကူးစက်မှု မြင့်မားလာနိုင်တဲ့ အန္တရာယ်ရှိရင် ရပ်ကွက်အလိုက်သော်၎င်း မြို့နယ်အလိုက်သော်၎င်း lockdown ဖိဖိစီးစီးလုပ်ဖို့ပါပဲ။ အဲ့ဒီနေရာက နေထိုင်သူတွေထဲက လိုအပ်သူတွေကို စားနပ်ရိက္ခာ ထောက်ပံပေးသင့်ပါတယ်။ ဆွမ်းကြီးလောင်းပွဲလုပ်ဖို့မလိုပါ။
ဒါကတော့ ရန်ကုန်တမြို့လုံး ပိုးတွေ့နှုန်းကို ထိန်းချုပ်ပြီးတဲ့ အချိန်မှာ ခေါင်းထောင်ထလာနိုင်မဲ့ နေရာတွေ ကြိုတင်ရှာဖွေပြီး နှိမ်နင်းခြင်းပါပဲ။ Monitoring ရဲ့ အသက်ဟာ data management ပါပဲ ဒီအတွက်လည်း အချိန်နဲ့တပြေးညီ data ကောက်တာ စာရင်းသွင်းပြုစုတာ လေ့လာသုံးသပ်ချက်တွေကို policy maker တွေဆီ အချိန်မှီပေးပို့ နိုင်ဖို့အတွက်အားစိုက်ရပါမယ်။
(၄) ဒစ်ဂျစ်တယ် online ကျန်းမာရေးစောင့်ရှောက်မှု
ကျန်းမာရေးဝန်ကြီးက ဒါရဲ့အရေးပါမှုကို ပြောသွားတဲ့အတွက်ဝမ်းသာရပါတယ်။ ဖုန်းနဲ့ မေးနိုင်တဲ့ call center တခုတည်းနဲ့ တပြည်လုံးက လူတွေ အတွက် အဆင်ပြေမနေပါ။ ကျန်းမာရေးစောင့်ရှောက်မှု ဆွေးနွေးတိုင်ပင်ပြီး သက်ဆိုင်ရာ ရောဂါအလိုက် ကုသရေးစင်တာတွေ ဆက်လက်လွှဲပြောင်းပေးကာ ထိရောက်စွာ ကုသနိုင်ဖို့ ဒီစနစ်ပေါ်ထွန်းရေးက အရေးကြီးပါတယ်။ လက်ရှိလည်း ကနဦးအစပျိုးလုပ်နေသူတွေရှိနေပြီ ဖြစ်တဲ့ အတွက် အလျှင်အမြန် စနိုင်မယ်ထင်ပါတယ်။ ဒါနဲ့အတူ online health care mobile service ပါ ဖွံ့ဖြိုးလာနိုင်တဲ့ အလားအလာရှိပါတယ်။ အစိုးရက ကမကထ လုပ်ပေးဖို့ပါပဲ။
(၅) ကာကွယ်ကုသဆေး
ဒါကတော့ အထူးပြောစရာ မလိုပါဘူး၊ အလား အလာကောင်းတဲ့ ဆေးတွေ ကမ္ဘာမှာတွေ့ နေပြီဖြစ်သလို မြန်မာပြည်ကိုလည်း ထောက်ပံမှု တချို့ ရမယ်လို့ ဆိုတဲ့အတွက် အစိုးရက ဘယ်လို ဦးစားပေးသုံးစွဲမလည်းကို စီစဉ်ပြီးဖြစ်မှာပါ။ သို့သော် ရှိသမျှ လူအကုန်လုံးအတွက် မရနိင်လို့ ကျန်လူတွေအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်ပေါင်းပြီး ဘယ်လိုဖြည့်ဆီးပေးမယ်ဆိုတာကို ကြိုတင်စီမံချက် ချဖို့လိုပါလိမ့်မယ်။ တကမ္ဘာလုံး အလုအယက်ဝယ်ကြမှာမို့ သူများတွေမဝယ်တော့မှ ကိုယ် ကရ ရမဲ့ အဖြစ်မျိုး မရောက်ရဖို့ရယ်၊ ခွင့်ထူးခံ ဆေးထိုးလူတန်းစားနှင့် အဂတိတွေ မဖြစ်ပွားဖို့ရယ်၊ အတုအပတွေ ဘေးမှ ကင်းဝေးဘို့ရယ် ပြင်ဆင်ဆောင်ရွက်မှုတွေလိုကြောင်း နိုင်ငံသားတယောက်အနေနဲ့ စီမံခန့်ခွဲမှု အတွေ့အကြုံအပေါ်မူတည်ပြီး common sense နဲ့တင်ပြရပါတယ်။ တတ်ကျွမ်းသူ ဆရာဝန်အထူးကုများကို ဆရာလုပ်တာမဟုတ်ပဲ အသုံးဝင်မဲ့ အတွေးလေးတွေရတယ်ဆိုရင်ဖြင့် ရေးရကြိုးနပ်ပါတယ်။ ဆေးပညာနီးစပ်ကျွမ်းဝင်သူ မဟုတ်တဲ့ အတွက်အမှားပါလဲ ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်အပ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဆေးတွေ့ ဆေးထိုးရုံမျှနဲ့ ကိုဗစ် မကင်းစင်နိုင်သေးပဲ adaptation ဘယ်လိုလိုက်လျောညီထွေ ပြုပြင် ပြောင်းလဲ မလဲ မပါပဲနဲ့ ဒီကပ်ရောဂါဘေးက မလွတ်ကင်းနိုင်သေးကြောင်းကို ထပ်လောင်းတင်ပြ လိုက်ရ ပါတယ် ။ Mask တပ် ခပ်ခွာခွာလည်း နေကြပါ။
Sayar Win Myo Thu (02.12.2020)

0 Comments