A young leader from ALARM study at the United States through YESEALI Program

အမေရိကန်ပြည်ထောင်စု ပညာရေးနှင့် ယဉ်ကျေးမှုရေးရာမှ Young Southeast Asian Leaders Initiative (YSEALI) Program ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့နှင့် အခြားပြည်နယ်များအတွင်းရှိ မြို့နယ်များတွင် အာဆီယံနိုင်ငံများမှ ပတ်ဝန်းကျင်ရေးရာ ဆောင်ရွက်နေသည့် လူငယ်ခေါင်းဆောင်များ ရွေးချယ်ဖိတ်ခေါ်သည့် Professional Fellowship Program ကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ လူနှင့် ပတ်ဝန်းကျင်ရေးရာ အစီအစဉ် (People and Environmental Integrity Program) တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်မြတ်သန္တာဦး ရွေးချယ်ခံရကြောင်း သတင်းရရှိသည်။

အဆိုပါ ပရိုဂရမ်တွင် အာဆီယံနိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်းဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံနှင့် ဗီယမ်နမ်နိုင်ငံများမှ ပတ်ဝန်းကျင်ရေးရာ ဆောင်ရွက်နေသည့် လူငယ်ခေါင်းဆောင် ၁၅ ဦး သွားရောက်လေ့လာခွင့် ရရှိခဲ့သည်။ “၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ၃၈ ရက်ကြာ ကာလအတွင်းမှာ ပတ်ဝန်းကျင်ရေရှည်တည့်တံစေရေးခေါင်းစဉ်အောက်ကနေ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့  ပြည်နယ်တွေက ဆောင်ရွက်နေတဲ့ ပတ်ဝန်းကျင်ရေးရာ  ရေရှည် တည်တံ့စေရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေအပေါ် လက်တွေ့ တာဝန်ယူဆောင်ရွက်နေပုံတွေ၊ အလေ့အကျင့်တွေနဲ့၊ လက်တွေ့ဖြစ်ပေါ်နေတဲ့  အခြေအနေတွေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်နေမှုတွေ၊ ရာသီဥတု ပြောင်းလဲလာမှု အခြေအနေတွေ၊ စွမ်းအင်ရေရှည်တည်တံ့စေရေး ဆောင်ရွက်နေမှု အခြေအနေ စတာတွေကို လေ့လာခဲ့ရပါတယ်။ ဒါ့အပြင် အစိုးရနဲ့   ပြည်သူလူထုကြား ပွင့်လင်းမြင်သာမှုရှိရှိနဲ့  ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေနဲ့၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အခြေအနေတွေကိုပါ  လေ့လာသင်ကြားခွင့်ရခဲ့တယ်” ဟုပြောပါသည်။ အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲခြင်းလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ (စွန့်ပစ်အမှိုက် စီမံခန့်ခွဲခြင်း၊ ရေဆိုးသန့်စင်ခြင်း အစရှိသည်)ကို  အစိုးရမှတစ်ဆင့် ပြင်ပကုမ္ပဏီများခေါ်ယူကာ လည်ပတ်ဆောင်ရွက်စေပြီး အိမ်ထောင်စုနှင့် လုပ်ငန်းရှင်များမှ ကုန်ကျစရိတ်များ ကျခံကြရကြောင်း အစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့သူ ဒေါ်မြတ်သန္တာဦးက ပြောပြပါသည်။


ထို့အပြင် အဆိုပါ ပတ်ဝန်းကျင်ရေးရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သို့ အခြား အာဆီယံ နိုင်ငံများမှ ပါဝင်တက်ရောက်လာကြသူများနှင့်လည်း မိမိတို့နိုင်ငံအလိုက် ကျင့်သုံးနေကြသည့် ပတ်ဝန်းကျင်ရေးရာ အလေ့အကျင့်များ၊ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲနေမှု၊ အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို  ဆွေးနွေးခဲ့ကြပြီး၊ အမြင်ဖလှယ်မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဒေါ်မြတ်သန္တာဦးက ဆိုပါသည်။  ပရိုဂရမ်၏ နောက်ဆက်တွဲအစီအစဉ်အဖြစ်  မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် ရေရှည်ဖွံ့ဖြိုးတိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရင်းနှီးမြှပ်နှံမှုငွေကြေးထောက်ပံ့ ပေးနိုင်မည့် အစိမ်းရောင် ဘဏ္ဍာရေး မဟာဗျူဟာမူပေါင် (Green Financing Strategic Framework) တစ်ခု ရေးဆွဲဖော်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *